ယနေ့သည် မြန်မာလွတ်လပ်ရေးအတွက် ဗမာ့တပ်မတော် အပါအဝင် တိုင်းရင်းသား လူထု လူတန်း စား အသီးသီးက ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ထုတ်သည့် ၇၄နှစ်မြောက် တော်လှန်ရေးနေ့ ဖြစ်သည်။
ထိုတော်လှန်ရေးကို မြန်မာပြည် အနှံ့ စစ်တိုင်း ၇ တိုင်း ခွဲခြားသတ်မှတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ကြီးကြပ် ကွပ်ကဲကာ ဗမာ့တပ်မတော်၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့ အရေးတော်ပုံပါတီ အပါအဝင် ပြည်သူများက မဟာမိတ်တို့ နှင့် ပူးပေါင်း၍ ဖက်ဆစ်ဂျပန်ကို တိုက်ပွဲ ဝင်ခဲ့ကြသည်။
မူလက ဖက်ဆစ်ဂျပန်အား တော်လှန်ရန် ဧပြီလ ၂ ရက်နေ့ကို သတ်မှတ်ထားသော်လည်း မဟာမိတ် တပ်ဖွဲ့ဝင်များ အထက်မြန်မာပြည်သို့ ဝင်ရောက် လာခြင်း၊ ဂျပန်စစ်ဘက်အရာရှိများ၏ သင်္ကာမကင်း ဖြစ်လာသည့် အခြေအနေကြောင့် ဗိုလ်မှူးကြီး ဗထူးက အထက် မြန်မာပြည်တွင် စတင် တော်လှန်သည့် အတွက် မတ်လ ၂၇ရက်နေ့ကို ပြောင်းလဲ သတ်မှတ် လိုက်ခြင်းဖြစ်သည်။
တော်လှန်ရေး ကာလတို အတွင်း တိုက်ပွဲပေါင်း တထောင်ကျော် တိုက်ခိုက်ခဲ့ရပြီး ဂျပန်စစ်သား နှစ်သောင်းထက် မနည်းကို သုတ်သင်နိုင်ခဲ့သည်။
ဤ ဖက်ဆစ်ဂျပန်တော်လှန်ရေး ကြီးနှင့် ပတ်သက်၍ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံရှိ သတင်းစာကြီးများက ချီးကျူးရေးသားခဲ့ကြသည်။
မြန်မာ့စစ်မြေပြင်တွင်သာမက ကမ္ဘာ့စစ်မျက်နှာမှာပါ အရေးနိမ့်လာခဲ့သော ဂျပန်များသည် ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ တွင် ဗိုလ်ချုပ်ကြီး မက်အာသာရှေ့မှောက် လက်နက်ချအညံ့ခံကြောင်း လက်မှတ်ရေးထိုးခဲ့၍ စစ်ကြီးပြီးဆုံးခဲ့သည်။
ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ ရောက်တိုင်း ဖက်ဆစ်တော်လှန်ရေးနေ့ကို မြန်မာနိုင်ငံအဝန်း ကျင်းပ ပြုလုပ်ခဲ့ကြပြီး၊ ၁၀ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သည့် ၁၉၅၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်မူ ဗိုလ်ချုပ်နေဝင်းက တော်လှန်ရေး နေ့နှင့် တပြိုင်တည်း တပ်မတော်နေ့ ကျင်းပသွားရန် ပြောကြားခဲ့သည်။
နောက်ပိုင်းတွင် ဖက်ဆစ်တော်လှန်ရေးနေ့ အမည်နာမမှာ မှေးမှိန်လာခဲ့ပြီး တပ်မတော်နေ့အဖြစ်သာ တရားဝင် သုံးစွဲလာခဲ့ သည်ကိုတွေ့ရလေသည်။