မြန်မာရာဇဝင် သမိုင်းစာပေ ယဉ်ကျေးမှုနှင့် အိမ်နီးချင်းနိုင်ငံများ၏ ယဉ်ကျေးမှု သိပ္ပံဆိုင်ရာ စူးစမ်း လေ့လာ မှုများကို ဖော်ထုတ်တင်ပြရန် ကမ္ဘာ့သိ မြန်မာနိုင်ငံသုတေသနအသင်းကို လွန်ခဲ့သည့် ၁၀၉ နှစ်က တည် ထောင်ခဲ့ကြသည်။
မြန်မာပြည် ဒုဘုရင်ခံ ဆာ ဟာဗတ် ဝှိုက် (Sir Herbert T.White)က သဘာပတိလုပ်ကာ အိုင်စီအက် မစ္စတာ အီးလ်စ် (Mr.Eales) ၊ဖာနီဗယ် (Mr.J.S Furnivall)၊ ဂျေစတုဝပ် (J.Stuart)၊ စီဒူရွိုင်ဇယ် (C.Duroiselle) စသော အနောက်တိုင်း ပညာတတ်များ၊ အရာရှိကြီးများနှင့် ဦးမေအောင် (နောင် ပြည်ထဲရေးဝန်ကြီး)၊ ဦးထွန်းငြိမ်း(အဘိဓာန်ပြုစုသူ) စသော မြန်မာခေတ်ပညာတတ်များမှ နေ၍ ၁၉၁၀ ခုနှစ်၊ မတ် ၂၉ တွင် စတင်တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံသုတေသနအသင်းမှ ထုတ်သည့် မြန်မာနိုင်ငံသုတေသနဂျာနယ်(The Journal of the Burma Research Society) သည် ကမ္ဘာ့ပညာရှင်များ၊ သုတေသီများကြား ထင်ရှားခဲ့သည်။
ရှေးဟောင်း မြန်မာစာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ ရာဇဝင်သမိုင်းနှင့် ဓမ္မသတ်ကျမ်း၊ ဘူမိဗေဒ၊ ရုက္ခဗေဒ ဆိုင်ရာ အကြောင်းအရာများ ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်သည့် ယဉ်ကျေး မှုနှင့် သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာမှုများ ပါဝင်၍ တစ်နှစ်လျှင် တကြိမ်၊ သို့မဟုတ် နှစ်ကြိမ်ထုတ်ဝေ သော မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်(JBRS)တွင် နိုင်ငံခြားသားပညာရှင်များ အများဆုံး ရေးသားခဲ့ကြပြီး မြန်မာများထဲမှ ပါမောက္ခဦးဖေမောင်တင် ၊ ဦးမေအောင် (နောင် ပြည်ထဲရေးဝန်ကြီး)၊ ဦးရွှေဇံအောင်၊ ဦးခင်(နောင် ဆာမောင်ခင်)စသူတို့ ပါဝင်ရေးသားခဲ့ကြသည်။
နောက်ပိုင်းမြန်မာပညာရှင်များလည်း ပါဝင်ရေးသားခဲ့ပြီး နှစ်ပေါင်း ၇၀ အတွင်း သုတေသနဂျာနယ် ပေါင်း ၆၁ တွဲ၊ အုပ်ရေ ၁၄၄ အုပ်ထုတ်ဝေနိုင်ခဲ့သည်။
၁၉၈၀ ခုနှစ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် အသင်းကြီး နှစ် ၇၀ ပြည့်စာတမ်းဖတ်ပွဲကျင်းပရာ ဗိုလ်ချုပ်နေဝင်းက အင်္ဂလိပ်များ စတင် တည်ထောင်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ဆိုရှစ်လစ်နိုင်ငံတွင် လူနည်းစုသဘောအတိုင်း ထူထောင် သည့်အဖွဲ့များကို ခွင့်မပြုနိုင်ဟု လည်းကောင်း အကြောင်းပြခဲ့၍ ၁၉၈၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အသင်းကြီး လည်း ဖျက်သိမ်းခံခဲ့ရသည်။
မြန်မာသမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ဗိုလ်ချုပ်ကြီးနေဝင်းသည်သာ မြန်မာနိုင်ငံသုတေသန အသင်းကြီးကို ဖျက်ဆီးခဲ့သူ တရားခံဟု ဆိုခဲ့သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံသုတေသန အသင်း ကြီးကို ပြန်လည် ဖွဲ့စည်း တည်ထောင် ရန် တိုက်တွန်းဆော်သြခြင်းများရှိခဲ့သော်လည်း အကောင် အထည်မဖော်နိုင်ခဲ့ပေ။