၁၈၂၅ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအတွင်း စစ်သူကြီးမဟာဗန္ဓုလ ကျဆုံးပြီး နောက်တနေ့ ဧပြီ ၂ ရက် နေ့တွင် ၎င်း ဦးစီးခဲ့သည့် ဓနုဖြူခံတပ် အင်္ဂလိပ်လက်အောက် ကျဆုံးခဲ့ရသည်။
ထိုအဖြစ်အပျက်မှာ ယနေ့ဆိုလျှင် ၁၉၄နှစ် ပြည့်ပြီဖြစ်သည်။
ရခိုင် စစ်မျက်နှာပြင်တွင် အင်္ဂလိပ်တို့၏ ကျူးကျော်မှုကို ခုခံတိုက်ထုတ်နိုင်၍ တိုင်းပြည်တဝန်း ဂုဏ်သတင်း ပြန့်နှံ့နေသော စစ်သူကြီး မဟာဗန္ဓုလကို ဘကြီးတော်မင်းက ပြန်ခေါ်၍ အရေးနိမ့် နေသော ရန်ကုန်စစ်မျက်နှာ သို့ ချီတက်စေခဲ့သည်။
ရွှေတိဂုံ ကုန်းတော်ကို ခံတပ် လုပ်ထားသော အင်္ဂလိပ်တပ်များနှင့် ရန်ကုန်မြို့တိုက်ပွဲများ၌ ရဲစွမ်းသတ္တိ တွင် သူမတူ သော်လည်း ခေတ်မီလက်နက်၊ စည်းစနစ် အားနည်းချက်တို့ကြောင့် စစ်သူကြီး မဟာဗန္ဓုလသည် ဓနုဖြူမြို့သို့ ဆုတ်ခွာပြီး ခံစစ်ကိုပြင်ဆင်ခဲ့သည်။
တလအတွင်း တောင့်တင်းခိုင်မာသော ဓနုဖြူခံတပ်ကြီးကိုတည်ဆောက်ကာ စစ်သည်အင်အား တစ်သောင်းကျော်ကို ဦးဆောင်၍ အထက်မြန်မာနိုင်ငံသို့ သွားမည့် ဧရာဝတီမြစ် ရေကြောင်းလမ်းကို ထိန်းချုပ်ထားခဲ့သည်။
လက်ရုံးရည်၊ နှလုံးရည်ဖြင့် ပြည့်စုံပြီး အုပ်ချုပ်ကွပ်ကဲမှု ထူးချွန်သော စစ်သူကြီးမဟာဗန္ဓုလကို ဖြိုနိုင်လျှင်စစ်အောင်နိုင် မည်သိသော အင်္ဂလိပ်တပ်သည် အင်အားဖြည့်တင်းကာ ဓနုဖြူတိုက်ပွဲကို တလခန့်ဆင်နွှဲခဲ့ကြသည်။
၁၈၂၅ ခုနှစ် ဧပြီ ၁ ရက်နေ့ တိုက်ပွဲတွင် အင်္ဂလိပ်တပ်မှ အမြောက်၊လက်နက်ကြီးများဖြင့် တရပ်စပ် ပစ်ရာတွင် တပ်ကို စီမံကွပ်ကဲလျှက် ရှိသော စစ်သူကြီး မဟာဗန္ဓုလ ဗုံးထိ၍ ကျဆုံးခဲ့သည်။
ကျဆုံးချိန်တွင် အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး ကွပ်ကဲမည့် ခေါင်းဆောင်ကောင်းမရှိတော့သည့် ဓနုဖြူ ခံတပ်သည် ဧပြီ ၂ ရက်နေ့တွင် ကျဆုံးခဲ့ရသည်။
အင်္ဂလိပ်တို့သည် ဓနုဖြူခံတပ်မှ စစ်သူကြီး မဟာဗန္ဓုလ ချပ်ဝတ်တန်ဆာနှင့် ဓား၊လှံတို့ကို သိမ်းယူသွားခဲ့သည်။
၁၈၂၄ – ၁၈၂၆ ခုနှစ်အထိ ဖြစ်ခဲ့သည့် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် မြန်မာတု့ိစစ်ရှုံးသဖြင့် ရခိုင်နှင့် တနင်္သာရီ ဒေသတို့ကို ဗြိတိသျှ တို့ထံသို့ ပေးအပ်ခဲ့ရသည်။