ယနေ့သည် ကိုလိုနီခေတ်က နယ်ချဲ့ အင်္ဂလိပ် အစိုးရကို အကြည်ညို ပျက်အောင် တရားဟောမှုဖြင့် အဖမ်းခံသည့် ဆရာတော် ဦးဝိစာရ ရန်ကုန်ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြခြင်း စတင်သည့် နေ့ ဖြစ်သည်။
ဆရာတော်သည် ၁၉၂၉ ခုနှစ် ဧပြီလ ၆ ရက်တွင် စတင် အစာငတ်ခံ ဆန္ဒပြခဲ့ရာ ၁၆၆ ရက် မြောက် သည့် နေ့ သက်တော် ၄၁နှစ် အရွယ်တွင် ထောင်တွင်း၌ ပျံလွန်တော်မူခဲ့သည်။
ဆရာတော် ဦးဝိစာရ ဆန္ဒပြရခြင်း အကြောင်းအရင်းမှာ ထောင်တွင်း သင်္ကန်းရုံခွင့်နှင့် တလနှစ်ကြိမ် ဥပုသ်စောင့် ခွင့်မရ၍ ဖြစ်ပြီး၊ ယခင်ကလည်း ထောင်နှစ်ကြိမ် ကျခဲ့ရာ ယင်း အခွင့်အရေး တောင်းခံ သဖြင့် ညှင်းပန်း နှိပ်စက်ခြင်းကို ခံခဲ့ရဖူးသည်။
ဒုတိယအကြိမ်တွင် ထောင်တနှစ်နှင့် ရှစ်လကျချိန်က အိန္ဒိယနိုင်ငံသို့ပင် ပို့ဆောင် ချုပ်နှောင်ခြင်း ခံခဲ့ရသည်။
ယခု တတိယအကြိမ် အစာငတ်ခံ ဆန္ဒပြနေစဉ် ဆရာတော်၏ တောင်းဆိုချက်များ ထောင်အာဏာပိုင် များက လိုက်လျောခြင်းမရှိပဲ အစာများကိုသာ နှာခေါင်းမှတဆင့် အတင်းအကြပ် ထည့်သွင်းခြင်း ခံခဲ့ရသည်။
ဆရာတော်၏ တောင်းဆိုချက်ကို လိုက်လျောရန် မြန်မာနိုင်ငံရေး အသင်းအဖွဲ့များနှင့် ပြည်သူများက အစည်းအဝေးများကျင်းပ၍ အင်္ဂလိပ်အစိုးရထံ တောင်းဆိုခဲ့သော်လည်း အစိုးရက လျစ်လျူရှုထား သဖြင့် အစာငတ်ခံဆန္ဒပြခြင်း ၁၆၆ ရက်ပြည့်သောနေ့တွင် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်သည်။
ဆရာတော် ပျံလွန်တော်မူခြင်းသည် မြန်မာပြည်သူများ အတွက် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်များကို ပိုမိုနိုးကြားစေခဲ့ပြီး နောက်ပိုင်း ထောင်ကျသည့် သံဃာတော်များမှာမူ သင်္ကန်းဝတ်ရုံခွင့်နှင့် ဥပုသ်ပြု ခွင့် ရရှိခဲ့ကြသည်။
နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်ရာတွင် အကြမ်းမဖက်သည့် နည်းဖြင့် တိုက်ပွဲဝင်ခဲ့သော ဆရာတော် ဦးဝိစာရကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ ဗဟိုအခွန်ထမ်း အသင်း၏ ကိုယ်စားလှယ် မြူနီစပယ် ကောင်ဆယ်လာ ကိုယ်စားလှယ်များဖြစ်သည့် ဝတ်လုံ သခင်ရန်အောင်၊ ကက်ပတိန် ဘဖူး၊ ဒေါက်တာ ဦးမောင်လေး၊ ဝတ်လုံ သခင်ချန်ထွန်း၊ ဝတ်လုံ ဦးဘစိန်၊ အမ်အေ ဒေါ်မြစိန်တို့နှင့် အတူ လွယ်အိတ် ကြီး ဦးဘလှိုင်တို့၏ အဆက်ဆက် ကြိုးပမ်းမှုကြောင့်၊ ၁၉၄၀ ခုနှစ်တွင် အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲ၌ ကျဆုံးခဲ့သော အင်္ဂလိပ်စစ်ဗိုလ် လက်ဖတင်နင် ဗွိုင်း အား ဂုဏ်ပြုခေါ်ဆိုထားသည့် ဗွိုင်လမ်းကို “ဦးဝိစာရလမ်း”ဟု ပြောင်းလဲခေါ်ဆို နိုင်ခဲ့ပြီး၊ ၁၉၄၃ ခုနှစ် ဂျပန်ခေတ်အတွင်း ဦးဝိစာရ ကျောက်တိုင် နှင့် ကြေးရုပ်တို့ကို ဖွင့်လှစ်နိုင်ခဲ့သည်။
ကိုးကား- သခင်လွင်၏ အာဇာနည် အသျှင် ဦးဝိစာရ