အောင်ဆန်း-အက်တလီသဘောတူညီချက်အရ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို လွန်ခဲ့သည့် ၇၂ နှစ် ဧပြီ ၉ ရက်နေ့တွင် ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုအပြည့်ရှိသော ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်ကြီးက ၉၅ ဒဿမ ၃ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။ ဖဆပလအမတ် အများစုပါဝင်သော တိုင်းပြုပြည်ပြုလွှတ်တော်ကို ၁၉၄၇ ၊ ဇွန်လ တွင် ကျင်းပခဲ့ပြီး ဖဆပလအဖွဲ့ချုပ်ကြီးက ပြုစုသော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို တိုင်းပြည်ပြုလွှတ်တော်သို့ တင်သွင်းခဲ့သည်။ အခြေခံဥပဒေကို အချောသပ်ဆောင်ရွက်နေစဉ်အတွင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ဝန်ကြီးအဖွဲ့မှာ လုပ်ကြံခံခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး ၂ လအကြာတွင် မြန်မာနိုင်ငံ၏ ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုခဲ့သည်။ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် မြန်မာ့နိုင်ငံလွတ်လပ်ရေးနေ့တွင် စတင်အာဏာတည်ခဲ့ပြီး ထိုနေ့တွင်ပင် တိုင်းပြုပြည်ပြုလွှတ်တော်အမတ်များရှေ့မှောက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်တို့သည် မိမိတို့၏ရာထူးများကို စတင်လက်ခံခဲ့သည်။ ထို ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖဆပလခေတ်တလျှောက်အသုံးပြုခဲ့ကာ ၁၉၆၂ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းချိန်တွင် အဆုံးသတ်ခဲ့သည်။ အဆိုပါ လွှတ်တော်အဆောက်အဦသည် အတွင်းဝန်များရုံးတွင် ယနေ့တိုင် တည်ရှိပြီး မကြာမီ အများပြည်သူများ ဝင်ရောက်ကြည့်ရှုခွင့်ပေးရန် စီစဉ်လျက် ရှိသည်။