ယနေ့သည် ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာများ စတင်တည်ထောင်သူ ဒေါ်ဦးဇွန်းကို အိန္ဒိယဘုရင်ခံချုပ်က တိုင်းကျိုး ပြည်ကျိုးဆောင်ဘွဲ့ T.P.S (Taing Kyo Pyi Kyo Saung) ကို ချီးမြှင့်သည် ၉၃နှစ်မြောက် နေ့ဖြစ်သည်။
မန္တလေးမြို့သူ ပိုးကုန်သည်ဒေါ်ဦးဇွန်းသည် ရန်ကုန်မြို့ ပြင်သစ် ခရစ်ယာန်သာသနာပြု လူအိုရုံကို လေ့လာမိရာက အမျိုး ဘာသာ သာသနာနှင့် သက်ကြီးရွယ်အိုများ အတွက် သူပိုင် တိုက်အိမ်၊ လယ်ယာများကိုရောင်းချကာ မင်းကွန်းဘိုးဘွား ရိပ်သာကို ၁၉၁၅ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဒေါ်ဦးဇွန်းသည် သထုံ၊ ပေါင်းတည်၊ ရန်ကုန်နှင့် ပခုက္ကူမြို့ များတွင်လည်း ဘိုးဘွားရိပ်သာများ ဆက်လက်ဖွင့် လှစ်ခဲ့ပြီး သက်ကြီးရွယ်အိုများကို ကိုယ်တိုင်လည်းပြုစုစောင့်ရှောက်ခဲ့သည်။
ထိုသို့ ကိုယ်ပိုင်ငွေ၊ ကိုယ်ပိုင်လုပ်အားဖြင့် အများအကျိုးဆောင်ရွက်မှုကြောင့် အင်္ဂလိပ်အစိုးရက ဒေါ်ဦးဇွန်းကို မီးရထား၊ မီးသင်္ဘောတို့ဖြင့် မြန်မာနိုင်ငံအနှံ့ပထမတန်းမှ အခမဲ့ စီးနင်းသွားလာခွင့်ကို ပေးအပ်ခဲ့သည်။
ဒေါ်ဦးဇွန်းသည် ဘိုးဘွားရိပ်သာလုပ်ငန်းများကို ၂၈ နှစ်ကြာဆောင်ရွက်ခဲ့ပြီး အသက် ၇၆ နှစ်အရွယ် ၁၉၄၄ ခုနှစ်တွင် သူပထမဆုံးဖွင့်လှစ်ခဲ့သော မင်းကွန်းဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင်ပင် ကွယ်လွန်ခဲ့သည်။