ယနေ့သည် စစ်တပ်အာဏာသိမ်းခေါင်းဆောင် နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင် ကျန်းမာရေးအရ အနားမယူလျှင် မဖြစ်တော့သဖြင့် အနားပေးလိုက်ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ နေ၍ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးသန်းရွှေ၏ လက်မှတ်ရေး ထိုးထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည့် ၂၇နှစ်ပြည့်ဖြစ်သည်။
ထိုသတင်းကို ဗိုလ်ချုပ်ကြီး သန်းရွှေ အပါအဝင် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကျန်းမာရေးအခြေအနေကို ဗိုလ်ချုပ်ကြီး သန်းရွှေထံ နေ့စဉ်မပြတ် သတင်းပို့ခဲ့သူ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီးခင်ညွန့် တိုင်းမှူး၊ တပ်မမှူးများက ရန်ကုန်မြို့၊ စစ်ရုံးတွင် စောင့်ကြည့် ခဲ့ကြသည်ဟု သိရသည်။
ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးစောမောင်မိသားစုသည် စစ်ရုံးအတွင်းရှိတပ်မတော်ဧည့်ဂေဟာတွင် နေထိုင်ကြသဖြင့် ထိုဖြစ် ရပ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ဇနီးဒေါ်အေးအေးရီသည် စစ်ရုံးပေါ်သို့ တက်လာကာ သူလုံးဝမကျေနပ် ကြောင်း၊ မတရား လုပ်တာ ခံရခြင်းဖြစ်ကြောင်း၊ အမျိုးမျိုး ဆူပွက်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းကို သွားပြောမည်ဟုဆိုကာ ပြန်ဆင်းသွားကြောင်း ထိုစဉ်က စစ်ရုံးတွင်ရှိနေသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထွန်းကြည်က သူ၏ နှစ်၅၀ ကျော် ကိုယ်တွေ့များစာအုပ်တွင် ဖော်ပြခဲ့သည်။
ဒေါ်အေးရီ ရုံးပေါ်က ဆင်းသွား ပြီးနောက် ဗိုလ်ချုပ်မှူးကြီး စောမောင် သေနတ်ကိုင်ပြီးတက်လာလျှင် ဘယ်လို လုပ်ကြမလဲဟု တယောက်တပေါက် ပြောကြရာ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဘာမှမပူပါနဲ့၊ ဗိုလ်ချုပ်မှူး ကြီးစောမောင်ရဲ့ သေနတ်ထဲမှာ ယမ်းနှုတ်ထားသော၊ ယမ်းမပါသော ကျည်ဆံများထည့်ပေးထားကြောင်း ပစ်ရင်လည်း ထွက်မှာမဟုတ်ဘူးလို့ဝင်ပြောမှ စိတ်အေးကြရကြောင်း ဗိုလ်ချုပ်ထွန်းကြည်က သူ၏စာအုပ်တွင် ဆက်လက်ဖော်ပြခဲ့သည်။
ထိုနေ့တွင်ပင် ဗိုလ်ချုပ်ကြီးသန်းရွှေကို နဝတဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ် ခန့် အပ်ကြောင်း ကြေညာချက်ကို အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့်လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်ရွှေသည် ၁၉၈၅ ခုနှစ်မှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ခန့်အပ်ခံခဲ့ရပြီး၊ ၁၉၈၈ ခုနှစ် ဇူလိုင်လမှာ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ရာထူးရယူခဲ့သည်၊ ထို့နောက် အာဏာသိမ်း စစ်ကောင်စီ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့)မှာ ဒု ဥက္ကဋ္ဌ တာဝန်ကို ယူပြီးနောက် ၁၉၉၂ ခုနှစ်မှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ နိုင်ငံကို ၂၀၁၁ခုနှစ်အထိ ၁၉နှစ်ကြာ အုပ်ချုပ်ခဲ့သည်။
၎င်း၏ လက်ထက်တွင် အတိုက်အခံနိုင်ငံရေးသမားများကို ဖမ်းဆီးထောင်ချခြင်း၊ ၁၉၉၃ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကိုတည်ထောင်ခဲ့ခြင်း၊ ၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသော ဒီပဲရင်းအရေးအခင်းဖြစ်ပွားခြင်း၊ အနောက်နိုင်ငံများ၏ပိတ်ဆို့ဒဏ်ခတ်အရေးယူခြင်းခံရခြင်း၊ ခရိုနီလူတန်းစားအား ကောင်းလာခြင်း၊ ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွှန်ဦးဆောင်သည့် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIB)ကို ဖြိုခွဲ ဖျက်သိမ်းခြင်း၊ ၂၀၀၅ ခုနှစ်တွင် နေပြည်တော်သို့ပြောင်းရွှေ့ခြင်း၊ ၂၀၀၇ ခုနှစ်တွင် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ခြင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်အပြီး ၁၉၉၃ ခုနှစ်မှ အမျိုးသားညီလာခံခေါ်ကာ စတင် အကောင်အထည် ဖော် ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအတည်ပြုခြင်းနှင့် ၎င်း ဖွဲ့စည်းပုံ အခြေခံအရ ဒီမိုကရေစီ အသွင်ကူး ပြောင်းမှုဆောင်ရွက်ခဲ့ခြင်းတို့မှာ ထင်ရှားသည်။
၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရှိချိန်တွင် ဒီချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သွားရောက်တွေ့ဆုံခဲ့သည်ကို ကြည့်ခြင်းဖြင့် ယနေ့အထိ မြန်မာနိုင်ငံရေးတွင် အသက် ၈၆ နှစ်အရွယ်အငြိမ်စား ဗိုလ်ချုပ်မှူးကြီး၏သြဇာသက်ရောက်မှုရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ခဲ့ကြသည်။