ရှမ်းစော်ဘွားများ အနေဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေး အာဏာများကို တရားဝင် အခမ်းအနားဖြင့် စွန့်လွှတ်ခဲ့သည် မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၆၀ ပြည့်သောနေ့ဖြစ်သည်။
အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ် ဧပြီလ ၂၉ရက်နေ့ အာဏာစွန့်ပွဲ(သို့မဟုတ်) ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ချ လက်မှတ်ရေးထိုးပွဲကို တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတမန်းဝင်းမောင်နှင့် ထိုစဉ်က အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်နေဝင်းတို့တက်ရောက်ခဲ့ကြသည်။
အာဏာစွန့်စော်ဘွား ၃၄ ဦးကို နိုင်ငံတော်အစိုးရက တလုံးတခဲတည်း ပင်စင်အဖြစ် ၂၅၈၆၃၀၂၉ ကျပ် (နှစ်ကုဋေ၊ ငါးသန်း၊ ရှစ်သိန်း၊ ခြောက်သောင်း၊ သုံးထောင်၊ နှစ်ဆယ့်ကိုးကျပ်) ပေးအပ်ခဲ့သည်။
မြန်မာတပြည်လုံး နယ်ချဲ့ ဗြိတိသျှတို့ သိမ်းပိုက်ချိန် အင်္ဂလိပ်တို့သည် ရှမ်းပြည်နယ်ကိုသီးခြားအုပ်ချုပ်ခဲ့ပြီး စော်ဘွားများကို ၎င်းတို့၏ ပဒေသရာဇ်စနစ် ဖြင့်သာ ဆက်လက် အုပ်ချုပ်စေခဲ့သည်။
ပြည်မ၌ အုပ်ချုပ်စနစ်များ တိုးတက် ပြောင်းလဲ လာခဲ့သော်လည်း ရှမ်းစော်ဘွားများသည် ပဒေသရာဇ် စနစ်ဖြင့်သာ ရှမ်း လူထုကိုအုပ်ချုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရယူရန်အတွက် ၁၉၄၇ ခုနှစ် အခြေခံဥပဒေရေးဆွဲရာ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစု လွှတ်တော် ရှိရာ လူမျိုးစုလွှတ်တော်ရှိ ရှမ်း အမတ်အားလုံးကို ရှမ်းစော်ဘွားများထဲကသာ ရွေးကောက်တင်မြှောက်ရမည်ဟူ၍ ပြဌာန်းခဲ့သည်။ စော်ဘွားများသည် ရွေးကောက်ပွဲမဝင်ပဲ အမတ်များဖြစ်လာကြသည်။
ထို့ကြောင့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း စော်ဘွားများ၏ အာဏာကို ပဒေသရာဇ် ဆန့်ကျင် ရေးအင်အားစုများက ဆန့်ကျင်ခဲ့ကြသလို စော်ဘွားအချို့ကလည်း စွန့်လွှတ်ရန်ဆန္ဒရှိခဲ့ကြသည်။
သို့သော် ပြည်တွင်းစစ်အတွင်း အာဏာမစွန့်လိုသော စော်ဘွားများ ထကြွပုန်ကန်မှုစိုးသောကြောင့်လည်းကောင်း၊ နောက်ပိုင်း သန့်ရှင်းနှင့် တည်မြဲကွဲရာ၌ စော်ဘွားအများစုက ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်သော သန့်ရှင်းဖဆပလ ဘက်မှရပ်တည်ခဲ့၍လည်းကောင်း စော်ဘွားအာဏာစွန့်ရေးမှာ ကြန့်ကြာခဲ့သည်။
၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်နေဝင်းက စော်ဘွား အာဏာစွန့်ရေးကိစ္စကို ဦးစားပေးဖြေရှင်းရာမှ စော်ဘွားများ အာဏာစွန့်ရန်ကိစ္စ အထမြောက်ခဲ့သည်။
ဗိုလ်ချုပ်နေဝင်းက “ဒီလိုမှ အာဏာမစွန့်ကြပဲ မိမိတို့ရဲ့အာဏာအခွင့်အရေးတွေကို ဆက်ပြီးကိုင်ထားချင် ကြသေး တယ်ဆိုရင်တော့ ရှမ်းပြည်နဲ့ ပြည်ထောင်စုမှာ နိုင်ငံရေးရော၊ အုပ်ချုပ်ရေးရော၊ နှစ်ခုစလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ပေါ်လာနိုင်ပါတယ်”ဟု ဆိုခဲ့သည်။
သမ္မတဟောင်းညောင်ရွှေစော်ဘွားကြီး၏သမီးဖြစ်သူ စဝ်စန္ဒာကမူ “ဗိုလ်နေဝင်းအမုန်းဆုံးမှာ စော်ဘွားများကိုဖြစ်သည်။ အဘယ့်ကြောင့်မုန်းမှန်းမသိရချေ။ သို့သော် ဤသို့မုန်းတီးနေခြင်းသည် ဗိုလ်နေဝင်းတစ်ယောက်တည်းမဟုတ်၊ သူတို့ တစုလုံးဖြစ်ပြီး မြန်မာ နိုင်ငံရေးသမား တော်တော်များများလည်းပါသည်”ဟု သူ၏ The Moon Princess (မောင်သန်းဆွေ-ဘာသာပြန်)စာအုပ်တွင် ဖော်ပြထားသည်။
မှတ်တမ်းတင်ခဲ့သည်ကိုတွေ့ရလေသည်။