ဒုတိယကမ္ဘာစစ်ကြီး အတွင်းက ဗြိတိသျှတပ်များ မြန်မာပြည် စစ်မြေပြင်မှ ဆုတ်ခွာစဉ် ဧရာဝတီမြစ်ကို ဖြတ်၍ မန္တလေးနှင့် စစ်ကိုင်းကို ဆက်သွယ်ထားသည့် အင်း၀ တံတားကို ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ ထိုသို့ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်မှာ ယနေ့ဆိုလျှင် ၇၇နှစ် ပြည့်ပြီဖြစ်သည်။
စင်ကာပူ ခံတပ်ကျဆုံးပြီးနောက် စစ်ရေးအခြေအနေမလှသည့် ဗြိတိသျှတို့သည် မြန်မာပြည် စစ်မြေပြင်တွင် လည်း ဂျပန်နှင့် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)၏ ထိုးစစ်ကြောင့် မော်လမြိုင်ကို စွန့်လွှတ်ကာ ဆုတ်ခွာရာလမ်းရှိ အရေးပါသော စစ်တောင်း တံတားကိုလည်း ဖျက်ဆီးခဲ့သလို စစ်ရေး အထောက်အပံဖြစ်စေမည့် သံလျင်ရေနံချက် စက်ရုံ အပါအဝင် မြန်မာပြည် အလယ်ပိုင်းရှိ ရေနံမြေ ဒေသကိုလည်း ဖျက်ဆီးခဲ့သည်။
အလားတူ ထပ်ချပ်မကွာ လိုက်ပါလာသည့် ဂျပန်တပ်များကြောင့် အင်းဝတံတား(စစ်ကိုင်းတံတား)ကိုလည်း ဒိုင်းနမိုက်ဖြင့် ၁၈ကြိမ်ခန့် ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ ရေလယ်တံတား သံဘောင်ကြီး ၂ခု ဧရာဝတီမြစ်ထဲသို့ ထိုးကျ သွားခဲ့ပြီး အသွား အလာများလည်း ပြတ်တောက်သွားခဲ့သည်။
ကားလမ်း၊ ရထားလမ်း၊ လူသွားလမ်းပါ ၃၉၄၈ ပေအရှည် အင်းဝတံတားကြီးကို အိန္ဒိယနိုင်ငံ Braithwaite Co. က တာဝန်ခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး၊ ကျောက်များ၊ အုတ်ခဲများ အရည်အသွေးကို ရန်ကုန်တက္ကသိုလ်တွင် စမ်းသပ်၍ လည်းကောင်း၊ ဘိလပ်မြေကို အိန္ဒိယက မှာယူပြီး အဆင့်အတန်းမီ၊ မမီကို စစ်ကိုင်း ဘိလပ်မြေ စမ်းသပ်စက်တွင် စမ်းသပ်၍လည်းကောင်း ရူပီး ၁၄၃ သိန်းကျော် အကုန်အကျခံကာ အကောင်းဆုံး တည် ဆောက်ခဲ့ခြင်းဖြစ်သည်။
၁၉၃၄ ခုနှစ်တွင် ဘုရင်ခံ ဆာ ဟူးလင်းစဒေါင်း (Sir Hugh Lansdown Stephenson)က ဖွင့်လှစ်ပေးခဲ့သည်။
သို့သော် ဧရာဝတီမြစ်ကိုဖြတ်ကာ ကူးတို့ခတ်ပို့သည့် ငှက်သမ္ဗန်ခတ်သမားတစ်ဦးကမူ “ခင်ဗျားတို့ကတော့ ချီးမွမ်းပါရဲ့၊ ကျုပ်တို့တော့ဖြင့် အလုပ်လက်မဲ့ဖြစ်လို့ အိပ်နေဖို့ပဲရှိတော့တယ်” ဟု ဆိုရာ နန်းတော်ရှေ့ ဆရာတင်က “ဗမာလူမျိုးတွေ အလုပ်မရှိတော့ တံတားကြီးကို ကြည့်ကာ ငိုမိသည်၊ ငိုမိပါသည်” ဟူ၍ သူ၏ စစ်ကိုင်းတံတားသီချင်းတွင် ထည့်သွင်း စပ်ဆိုခဲ့ခြင်းဖြစ်သည်။
အင်းဝတံတားဟုလည်း အမည်တွင်သော စစ်ကိုင်းတံတားကြီးကို ဂျပန်ခေတ် အတွင်း ပြန်လည် ပြင်ဆင်ခြင်းမလုပ်နိုင် ခဲ့ပေ။
စစ်ပြီးခေတ် ၁၉၄၆ ခုနှစ်တွင် တံတားကြီး ပြင်ဆင်ရန် စိုင်းပြင်းခဲ့သော်လည်း သံထည်များ မှာယူရန် အခက်အခဲများ ရှိသဖြင့် ၁၉၅၃ ခုနှစ်တွင်မှပြင်ဆင်မှုစတင်နိုင်ခဲ့သည်။
အင်းဝတံတားကြီးကို ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်သမ္မတဒေါက်တာဘဦးကပြန်လည်ဖွင့်လှစ်ပေးခဲ့လေသည်။ ယခုအခါ စစ်ကိုင်းတံတားကြီးမှာ ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားရာနေရာတစ်ခုဖြစ်ပြီး အနီးတွင်လည်း ရတနာပုံ အမည်ဖြင့် မြစ်ကူးတံတား အသစ်တစင်းလည်း တည်ဆောက်ပြီးပြီဖြစ်သည်။
ဧရာဝတီတံတား (ရတနာပုံ) တံတားသစ်ကိုလည်း တည်ဆောက်ပြီးဖြစ်လေသည်။