မြန်မာပြည်၏ ပထမဆုံးသော ရန်ကုန်- ပြည် မီးရထားလမ်းကို ဖွင့်လှစ်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၁၄၂နှစ် ရှိပြီဖြစ်သည်။
၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့ ရန်ကုန်ဘူတာကြီးတွင် ကြီးကျယ် စည်ကားသော အခမ်းအနားဖြင့် မီးရထားရုံတခုလုံး အလံဖြူ၊ အလံနီ၊ ပန်းနွယ်၊ ပန်းခက်များ စီချယ်ကာ နံနက် ၆နာရီတွင် အမြောက်ကြီး၊ အမြောက်ငယ် ပစ်ဖောက်ကာ ဖွင်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
သုံးပြည်ထောင်ခရိုင် မဟာဝန်ရှင်တော် မင်းကြီး မစ္စတာ သွန်ပဆင်နှင့် အထူးဧည့်သည်တော် များ လိုက်ပါလာသည့် အထူးတွဲပါ လူစီး ၁၂တွဲကို စက်ခေါင်းအမှတ် A.O1(မြန်မာအခေါ် အာဝါး ခေါင်းတွဲ)က ချိတ်ဆွဲ၍ ရန်ကုန်ဘူတာ ကြီးမှ အင်းစိန်သို့ နံနက် ၆နာရီတွင် ခုတ်မောင်းခဲ့သည်။
ကြည့်မြင်တိုင်နှင့် သမိုင်း ရုံတော်များတွင် ခေတ္တရပ်နားကာ အင်းစိန်စက်ခေါင်းပြင်အလုပ်ရုံကို ကြည့် ရှုစစ်ဆေးကြပြီး ရန်ကုန်သို့ပြန်ရာ ည ၈ နာရီတွင်ချောမောစွာပြန်လည် ဆိုက်ရောက်ခဲ့ကြသည်။
၁၆၃ မိုင် အကွာအဝေးရှိ မီးရထားလမ်း၌ လူသူနှင့် ကုန်စည်တင်ဆောင်ရန်ကိုမူ မေလ ၂ရက်နေ့တွင် ဖွင့်လှစ်ပြီး၊ ရန်ကုန် ဘူတာကြီးမှ ပြည်မြို့အထိ ဘူတာစခန်းစဉ် ၁၇ ခု သတ်မှတ်ကာ လူတဦးအတွက် ဘူတာစခန်းစဉ် တခုမှ တခုသို့ စီးနင်းခ ပထမတန်း ၈ပဲ၊ ဒုတိယတန်း ၄ပဲ၊ တတိယတန် ၂ပဲ ဖြစ်သည်။
ရန်ကုန်မှ ပြည်သို့ ပထမတန်းမှ လိုက်ပါလိုသူများအတွက် ၈ကျပ် ၈ပဲ၊ ဒုတိယတန်းမှ လိုက်ပါလိုသူအတွက် ၄ကျပ် ၄ပဲ၊ တတိယတန်းမှ လိုက်ပါလိုသူ အတွက် ၂ကျပ် ၂ပဲ သတ်မှတ်ထားသည်။

အင်္ဂလိပ်တို့သည် နိုင်ငံရေး၊ စီးပွားရေး စီမံကိန်းများ အကျိုးအတွက် ရန်ကုန်- ပြည် မီးရထားလမ်းကို ဖောက်လုပ်ရန် ရှေးယခင်ကတည်းက ကြံစည်နေခြင်းဖြစ်ပြီး ဝန်ရှင်တော်မင်းကြီး ကာနယ်ဖိုက်ချ်က ဆင်းမလားရှိ အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်မေယိုး ထံသို့ ၁၈၆၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် မီးရထားလမ်းနှင့် ပတ်သက်၍ စာတစောင် ရေးပို့ခဲ့ရာ ဘုရင် ခံချုပ်ကလည်း ထိုလမ်းစီမံကိန်းကို နှစ်သက်ပြီး၊ ဗြိတိသျှပိုင် အောက်မြန်မာပြည်သည် အိန္ဒိယနှင့် အလှမ်းဝေး၍ ကိုက် အကျယ်ခြင်း မတူစေလို၊ စရိတ်အသက်သာဆုံး အပေါ့ပါးဆုံး ဖြစ်သော ကိုက်ကျဉ်းလမ်း ဖြစ်လျှင် အမြတ်ထွက်မည်ဟု ယုံကြည်ကြောင်း စာပြန်ခဲ့သည်။
ထို့အတွက် ၁၈၆၄ ခုနှစ်ကတည်းက ရန်ကုန်- ပြည် ပေတရာလမ်း အတွက် ဖောက်လုပ်ထားသည့် လမ်းအူကြောင်းကို တာဘောင်လမ်းများ မြှင့်တင်ပေးကာ မျက်နှာပြင် ညီအောင် ညှိကာ အသုံးချခဲ့ခြင်းဖြစ်ပြီး၊ ၁၈၇၄ ခုနှစ်မှ စတင်ကာ ၃နှစ် အတွင်း အပြီးဖောက်လုပ်ရန် လုပ်ခဈေးပေါသော အိန္ဒိယမှ ကုလားလုပ်သား အများအပြားကိုအသုံးပြုခဲ့သည်။
လမ်းဖောက်လုပ်ရာတွင် ရှေးဟောင်းအမွေအနှစ် သရေခေတ္တရာမြို့ဟောင်းအစိတ်အပိုင်းအချို့ကို ဖြိုချဖောက် လုပ်ခဲ့လေ သည်။
မြန်မာ့ပထမဆုံးမီးရထားလမ်းသည် အင်္ဂလန်ရှိ ကမ္ဘာ့ ပထမဆုံး မီးရထားလမ်းဖြစ်သည့် စတောက်ခ်တန်- ဒါလင်တန် မီးရ ထားလမ်းထက် ၅၂နှစ် နောက်ကျပြီး၊ အိန္ဒိယပြည်ထက် ၂၄နှစ် နောက်ကျသည်။
ထိုလမ်းအတွက် စုစုပေါင်း ကျပ်ငွေ ၁၁၇ ၅၃ ၀၀၀ ကုန်ကျပြီး ဧရာဝတီ အစိုးရ မီးရထားလမ်းဟု အမည်ပေးခဲ့သည်။
မီးရထားလမ်းဖောက်လုပ်ခြင်းဖြင့် နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာ့ထွက်ကုန်များကို ဥရောပသို့ တွင်ကျယ်စွာ ပို့ဆောင် နိုင်ခဲ့ပြီး ထိုစဉ်က အင်္ဂလိပ်လက်အောက်သို့မကျရောက်သေးသော အထက်မြန်မာနိုင်ငံ မြန်မာမင်းများကို စစ်ရေးအရခြိမ်းခြောက်ထားနိုင်ခဲ့သည်။