ယနေ့သည် လွန်ခဲ့သော ၈၉ နှစ်က အနည်းဆုံးလူပေါင်း ၅၀၀ အသက်ဆုံးရှုံးစေခဲ့သော ၇.၂ ရစ်ချ်တာစကေးရှိ ပဲခူး ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် နေဖြစ်သည်။
မြန်မာနိုင်ငံ အင်အားပြင်း ငလျင်များ စာရင်းတွင် ပါဝင်သော အဆိုပါ ပဲခူးငလျင်ကြီးသည် ည ၈ နာရီ ၁၈ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးရွှေမော်ဓောဘုရားကြီးအပါအဝင် စေတီပုထိုးများ၊ ပဲခူးမြို့ရှိတိုက်အိမ်များနှင့် တမြို့လုံးရှိ သစ်သားအိမ် ၃ ပုံ ၂ ပုံခန့် ပြိုကျပျက်စီးခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
ထိုငငလျင်ကြီးနှင့် ပတ်သက်၍ ပဲခူးမြို့တွင်ရှိနေသော စာရေးဆရာကြီးရွှေဥဒေါင်းက “မြေမျက်နှာပြင်သည်လည်း လေထန် သော ရေပြင်သဖွယ်၊ လှိုင်းကြီးများတအိအိထကြွလျက်ရှိသည်။ မျက်နှာနှင့်မြေကြီး နီးကပ်စွာရှိနေသောကြောင့် ပေလော မဆိုနိုင်၊ မြေပြင်သည်ရေပြင်ပမာ လှိုင်းထနေသည်ကို မြင်ရခြင်းကား အမှန်ပင်ဖြစ်တော့သည်” ဟု မှတ်တမ်းတင်ခဲ့လေ သည်။
ငလျင်လှုပ်အပြီး မီးထပ်ဆင့်လောင်သဖြင့် တိုက်ပိသေဆုံးသူ၊ မီးလောင်သေဆုံးသူများဖြင့် မြို့ပျက်ကြီးသဖွယ်ဖြစ်ခဲ့သည်။
ထိုရက်ပိုင်း အချို့နေရာများတွင် အလောင်းအပုပ်နံ့များမခံမရပ်နိုင်အောင်ဆိုးရွားလှသဖြင့် တွေ့သည့်နေရာမှာပင် မီးရှို့ ပစ်ရကြောင်း၊ တချို့ပုပ်ပွနေသောအလောင်းများကို ခွေး၊ ငှက်များစားနေကြကြောင်း၊ သွေးအားနည်းသူ၊ နှလုံးရောဂါရှိ သူများ ပဲခူးမြို့သို့မလာသင့်ကြောင်း ၊ သေဆုံးသူနှင့်ဒဏ်ရာရသူ ၁၅၀၀ ထက်မနည်းရှိလိမ့်မည်ဟု သတင်းစာများ ကဆိုကြသည်။
ငလျင်ကြီးကြောင့် ရန်ကုန်မြို့တွင်လည်း လူ ၅၀ ကျော်သေဆုံးခဲ့ပြီး ရွှေတိဂုံဘုရား၏ စိန်ဖူးတော် ကျိုးကျခြင်း၊ တိုက်တာ အိုးအိမ်များပျက်စီးခြင်းများဖြစ်ခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ငလျင်လှုပ်သည့်နေ့တွင်ပင် အိန္ဒိယတွင်လည်း ဂန္ဒီကြီး အဖမ်း ခံရချိန်နှင့်တိုက်ဆိုင်နေသဖြင့် ရန်ကုန် မြို့နေ အိန္ဒိယသားများက ငလျင်ဒဏ်ခံရသည့်ကြားက ဂန္ဒီကြီးလုပ်ငန်း အောင်မြင်ပါစေဟု လမ်းတလျှောက်အော်ဟစ် ခဲ့ကြကြောင်း မြန်မာနိုင်ငံတွင် ၂၃ နှစ် ကြာမျှ အိန္ဒိယပဋိညဉ်ခံဝန်ထမ်း(ICS) တာဝန် ထမ်းဆောင်ခဲ့သူ အင်္ဂလိပ် စာရေးဆရာမောရစ်ကောလစ်ကသူ၏ မြန်မာပြည်တွင်စစ်ဆေးခဲ့သော အမှုအခင်းများ စာအုပ် တွင် မှတ်တမ်းတင်ခဲ့သည်။