On This Day

ဂဠုန် ဦးစော၏ နောက်ဆုံး နှုတ်ဆက်ခြင်း “ဂွတ်ဘိုင်”

Want create site? Find Free WordPress Themes and plugins.

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့ကို လုပ်ကြံခဲ့သော နန်းရင်းဝန်ဟောင်းဦးစောကို အင်းစိန်ထောင်ကြီးတွင် ကြိုးပေးကွပ်မျက်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၇၁ နှစ် ရှိပြီ ဖြစ်သည်။

ဦးစောကို ၁၉၄၈ ခုနှစ် မေလ ၈ရက်နေ့ နံနက် ၅ နာရီ ၃၃ မိနစ်တွင် ကြိုးပေးခဲ့ခြင်းဖြစ်ပြီး သူ၏နောက်ဆုံးအချိန်တွင် ကြိုးစင်အနီးရှိ ဘုရားစင်တွင် ဘုရားဝတ်ပြုခြင်း၊ တရားသူကြီးများ၊ ထောင်ပိုင်၊ထောင်မှူးများကို အငြိုးအာဃာတ မထားကြောင်းနှင့် ထောင်ပိုင်ကြီးကို “ဂွတ်ဘိုင်”ဟု နှုတ်ဆက်သွားကြောင်းသိရသည်။

၎င်း၏ နိုင်ငံတော်လုပ်ကြံမှု အမှုကြီးကို ၃ လအတွင်း ၃၇ ကြိမ် ရုံးထိုင်ခဲ့ပြီး ဦးစောအပါအဝင်တရားခံ ၆ ဦးကို သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဦးစောသည် လုပ်ကြံမှုနှင့်ပတ်သက်၍ ငယ်သားများက စိတ်လိုက်မာန်ပါ ဆောင်ရွက်ခြင်းဖြစ် သည်ဟု ပြောကြားခဲ့သော်လည်း လုပ်ကြံမှုတွင်ပါဝင်သော ဘညွန့်(ဖော်ကောင်)နှင့် ရန်ကြီးအောင်တို့၏ ထွက်ဆိုချက်များ နှင့်အခြားခိုင်လုံသောသက်သေများအရ ဦးစောခေါင်းဆောင်ခဲ့ကြောင်း ပြစ်မှုထင်ရှားခဲ့သည်။

ဦးစောသည် ၎င်း၏သေဒဏ်နှင့်ပတ်သက်၍ တရားလွှတ်တော်၊ တရားလွှတ်တော်ချုပ်၊ သမ္မတတို့ထံတွင် အယူခံဝင် ခဲ့သော်လည်း အယူခံ အဆင့်ဆင့်ကပယ်ချခဲ့သည်။

သူသည် သတ္တမတန်းအထိ ပညာသင်ခဲ့ရသည်ဟု အများရေးသားမှုများအရ သိရသော်လည်း ထိုခေတ် သတင်းစာ များတွင် ပါဝင်သော ဦးစော၏ တရားခွင်ဖြေကြားချက်တွင်မှု ပဉ္စမတန်း အထိသာ သင်ရသည်ဟုဖော်ပြသည်။

သို့သော်လည်း တတိယတန်း ရှေ့နေပညာ သင်ယူခဲ့သလို အင်္ဂလိပ်စာကို လည်း တတ်မြောက်အောင် လေ့လာသည်။ အင်္ဂလန်၊ပြင်သစ်တက္ကသိုလ် ကျောင်းဆင်း ပညာတတ်များနှင့် ယှဉ်ကာ မြန်မာ့ နိုင်ငံရေး ဇာတ်ခုံတွင် ရှေ့နေ၊ သတင်းစာဆရာ၊ မင်းတိုင်ပင် အမတ်၊ ပါတီခေါင်းဆောင်၊ နန်းရင်းဝန်၊ ပညာရေး ဝန်ကြီးစသည်ဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။

ဗိုလ်ချုုပ်အောင်ဆန်းနှင့် ဦးစော

သူ၏ ပညာအရည်အချင်းနှင့် ပတ်သက်၍ တခါက ဦးစော ခေါင်းဆောင်ပြီး အင်္ဂလန်သို့ လွတ်လပ်ရေး သွားတောင်း မည် ဆိုရာ တချို့သော သတင်းစာများက ဦးစောက ဘယ်လောက် အင်္ဂလိပ်စာ တတ်လို့လဲ၊ ၇တန်း လောက် အောင်တာ၊ အင်္ဂလိပ်စကား ရေရေလည်လည် မပြောတတ်ရင် မသွားသင့်ဘူး၊ မလွှတ်သင့်ဘူး ဟု ကန့်ကွက် ကြရာ ဦးစော၏ သူရိယ သတင်းစာက “ဦးစောဟာ ၇တန်းသာ အောင်ပေမယ့် အင်္ဂလိပ်စကားကို သူများ နားလည်အောင် ပြောတတ်မှာပါ၊ တရုတ်လက်သမား တယောက် အင်္ဂလိပ်စာ တတ်သလောက်တော့ နားလည်အောင် ပြောတတ်မှာပါ၊ မပူပါနဲ့” ဟု တုန့်ပြန် ရေးသားခဲ့ကြောင်း ဆရာကြီး မြကေတု၏ နှောင်းခေတ်တက္ကသိုလ် ဘဝမှတ်တမ်းများတွင် ဆိုသည်။

ဦးစောသည် ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလန်သို့ သွားရောက်ကာ လွတ်လပ်ရေးအတွက် အရေးဆိုစဉ် ဂျပန်နှင့် ဆက်သွယ်မှုကြောင့် အရှေ့အလယ်ပိုင်းရှိ ဟိုင်ဖာမြို့တွင် ထိန်းသိမ်းခံခဲ့ရသည်။

နိုင်ငံ့ခေါင်းဆောင်ဖြစ်လိုသော ဦးစောသည် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးအတွက် အတူ ကြိုးပမ်း ရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခြင်း၊ အောင်ဆန်း-အက်တလီလက်မှတ်ရေးထိုးရာတွင် မပါဝင်ခြင်းများကိုပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောအစိုးရအဖွဲ့ကို အလိုမရှိသောမျက်နှာဖြူအချို့နှင့်ပူးပေါင်းမိချိန်တွင် နိုင်ငံတော်လုပ်ကြံမှုတရားခံအဖြစ် ဘဝဇာတ်သိမ်းခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading