၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် ၁၁ နှစ် ရှိပြီဖြစ်သည်။
လူပေါင်း ၁သိန်း၃သောင်းကျော် သေဆုံးခဲ့ရသည့် နာဂစ် မုန်တိုင်းကြီး တိုက်ခတ်အပြီး ၈ ရက်အကြာ၊ မုန်တိုင်းဒဏ်ခံ ဧရာဝတီ တိုင်းနှင့် ရန်ကုန်တိုင်း မြို့နယ်တချို့ကို ချန်လှပ်၍ တနိုင်ငံလုံးရှိ မြို့နယ် ၂၇၈ မြို့နယ်၌ ဆန္ဒခံယူပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆန္ဒခံယူပွဲ မကျင်းပနိုင်သေးသည့် ဒေသများကိုမူ မေလ ၂၄ ရက်တွင် ကျင်းပပေးခဲ့သည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကာစ ဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုသည့်အတွက် နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဟု လူသိများသည်။
နအဖ အစိုးရက ပြည်သူများ အနေဖြင့် ယင်း ဆန္ဒခံယူပွဲကို စိတ်အားထက်သန်စွာ စောင့်မျှော်နေ ကြသည်ဟု ရေးသား ဝါဒ ဖြန့်ချိခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ “ဤဘေးဒုက္ခကြီး ဆိုက်ရောက် နေချိန်တွင် ပြည်သူလူထု၏ လူမှုဘ၀ ဒုက္ခများကို အရေးမထားဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စကိုသာ အလေးထားပြီး ဆောင်ရွက်နေသည်မှာ လွန်စွာ မနှစ်မြို့ဖွယ်ရာ ဖြစ်နေပါသည်” ဟု ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
တနိုင်ငံလုံး မဲပေးခွင့်ရှိသူ ၉၈.၁၂ ရာခိုင်နှုန်းအနက် ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံဆန္ဒမဲပေးခဲ့သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို အတည်ပြုကြောင်း နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် လက်မှတ်ရေးထိုးကြေညာခဲ့သည်။
၎င်း အခြေခံဥပဒေ ရေးဆွဲရန် တပ်မတော်အစိုးရသည် အမျိုးသားညီလာခံကို ၁၉၉၃ မှ ၂၀၀၇ ခုနှစ်အထိကျင်းပခဲ့ရာ ဒီချုပ်ပါတီကမူ ၁၉၉၅ ခုနှစ်ကတည်းက ညီလာခံကို သပိတ်မှောက် ထွက်ခွာခဲ့ကြသည်။
နောက်ပိုင်းသမ္မတဟောင်း ဦးသိန်းစိန်(ထိုစဉ်က ဝန်ကြီးချုပ်) ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် အမျိုးသားညီလာခံကို ဆက်လက်ကျင်းပခဲ့ကြပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်အောင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာသုံးရပ်ကို ပိုင်းခြားကျင့်သုံး၍ နိုင်ငံသားတို့၏ မူလအခွင့်အရေး ဆိုင်ရာ ပုဒ်မများ ပါဝင်သော်လည်း တပ်မတော်နှင့် ပတ်သက်သည့် ဥပဒေပုဒ်မများ အပါအဝင် ဒီမိုကရေဆီ မဆန်သော ပြဋ္ဌာန်းချက်များကြောင့် ပြည်တွင်း၊ ပြည်ပဝေဖန်မှုများစွာရှိခဲ့သည်။
ထိုကြောင့် ယခင်ကြံ့ခိုင်ရေး အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း သိသာသည့် ပြောင်းလဲ မှုများ မရှိခဲ့ပေ။
ယခု NLD အစိုးရလက်ထက် ၂၀၁၉ ဖေဖော်ဝါရီလ မှ စတင်ကာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့ကာ အခြေခံ ဥပဒေပြင်ဆင်ရေးကို ကြိုးပမ်းရာတွင် တပ်မတော် အပါအဝင် တခြားနိုင်ငံရေး အင်အားစုများ၏ ကန့်ကွက်မှုကို ကြုံရသော် လည်း ဆက်လက် ကြိုးပမ်းနေဆဲဖြစ်သည်။