On This Day

ဆဋ္ဌ သင်္ဂါယနာ မဟာဓမ္မသဘင် ဖွင့်ပွဲကြီး

ယနေ့သည် လွန်ခဲ့သည် ၆၅ နှစ်က ရန်ကုန်မြို့ ကမ္ဘာအေး စေတီအနီး မဟာပါသဏလိုဏ်ဂူတွင် ဆဋ္ဌ သင်္ဂါယနာ မဟာဓမ္မသဘင် ဖွင့်ပွဲ ကျင်းပသည့် နေ့ဖြစ်သည်။

သင်္ဂါယနာ မဟာဓမ္မ သဘင်ဖွင့်ပွဲကို ၁၉၅၄ ခုနှစ် မေလ ၁၇ရက်(မြန်မာသက္ကရာဇ် ၁၃၁၆ခု ကဆုန်လပြည့်နေ့)၌ ကမ္ဘာအေးစေတီအနီး မဟာပါသဏလိုဏ်ဂူကြီးတွင် သုံးရက်ကြာကျင်းပခဲ့ပြီး ယိုးဒယား၊ သီဟိုဠ်၊ ကမ္ဘောဒီးယား၊ လာအို အစရှိသည့် ဗုဒ္ဓဘာသာနိုင်ငံများက ဆရာတော်ကြီးများ အပါအဝင် သံဃာ တော်၂၆၁၇ ပါး၊ မြန်မာနိုင်ငံ သမ္မတ ဒေါက်တာ ဘဦးနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုအမှူးပြုသော ထေရဝါဒနိုင်ငံများမှ အထူးဧည့်သည်တော်များ၊ နိုင်ငံပေါင်းစုံ မှပရိသတ် များ တက်ရောက်ခဲ့သည်။

ညောင်ရမ်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တရေဝတ၊ မဟာစည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဂါရိက ဘဒ္ဒန္တ သောဘဏ၊ မင်းကွန်းဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ စသော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ ၅ နိုင်ငံမှ ရဟန်းသံဃာတော်တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။

ယိုးဒယားသာသနာပိုင်၊ ကမ္ဗောဒီးယားသာသနာပိုင်၊ သီဟိုဋ္ဌမဟာသံဃာ့အဖွဲ့၊ အိန္ဒိယသမ္မတ၊ နီပေါဘုရင်နှင့် ယိုးဒယား ဘုရင်၊ သီဟိုဠ် ဝန်ကြီးချုပ်တို့ကလည်း သဝဏ်လွှာများပေးပို့ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားကြီးကို တပြည်လုံးရှိ ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ပွားနိုင်ရန် မြန်မာ့အသံကလည်း တိုက်ရိုက် အသံလွှင့် ပေးခဲ့သည်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၂၅၀၀ အတွင်း သင်္ဂါယနာ ၆ ကြိမ်တင်ခဲ့ရာ အိန္ဒိယတွင် ၃ကြိမ်၊ သီဟိုဠ်တွင် တကြိမ်၊ မြန်မာနိုင်ငံတွင် နှစ်ကြိမ် ကျင်းပခဲ့သည်။

သင်္ဂါယနာဟူသည် မှာ ဗုဒ္ဓဒေသနာတော်များကို မတိမ်းမမှား တိကျ မှန်ကန်အောင် ရဟန်းသံဃာတော်များက စုပေါင်း ရွတ်ဆို အတည်ပြုခြင်းဖြစ်ရာ ၂ နှစ်ကြာကျင်းပသော ဆဋ္ဌသင်္ဂါယနာတွင် ဘုရားဟောပိဋကတ်တို့ကို အဆင့်ဆင့် ရေးကူး ရာတွင် မှားယွင်း သည်များကို ပြင်ဆင်ခြင်း၊ ပြင်ဆင်ပြီးသည်များကို စက်တင် ပုံနှိပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

သင်္ဂါယနာ ၆ကြိမ်တင်ခဲ့ရာတွင် ထူးခြားသည့် အကြိမ်မှာ ၁၈၆၈ ခုနှစ် မင်းတုန်းမင်းလက်ထက် အရှင်ဇာဂရာဘိဓဇမ ထေရ်အမှူးပြုသော သံဃာတော်၂၄၀၀ကျော်တို့ ပါဝင်သော ပဉ္စမ သင်္ဂါယနာတင်ခြင်းဖြစ်ပြီး၊ ယခင်က နှုတ်တက်၊ ပေထက်အက္ခရာ သင်္ဂါယနာတင်ခဲ့သော်လည်း ၎င်းအကြိမ်တွင် ကမ္တာတည်စိမ့်သောဌာ ကျောက်ထက် အက္ခရာတင် ခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်း ၈၀ ကျော်တွင် ပြန်လည်ကျင်းပသော ဖဆပလခေတ် ဆဋ္ဌသင်္ဂါယနာတွင်လည်း သာသနာအဓွန့်ရှည်စေရန် အထပ်ထပ်မေးမြန်းစစ်ကြောပြီးသော ဘုရားဒေသနာတော်များကို စက်တင် ပုံနှိပ်၍ကမ္ဘာကိုဖြန့်ချိနိုင်ခဲ့လေသည်။

You May Also Like These Stories:

စော်ဘွားတို့ အာဏာစွန့်ချိန်

မြန်မာ့ပထမဆုံး ရန်ကုန်- ပြည် မီးရထားလမ်း ဖွင့်ပွဲ 

ရာဘင်ဒြာနတ်တဂိုး၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် 

မြန်မာ့ပထမဆုံးအမျိုးသမီးဝန်ကြီး မစ္စစ်ဘမောင်ချိန် 

Loading