ဒုတိယကမ္ဘာစစ်ကြီးအပြီး တိုင်းရင်းသား၊ လူထုလူတန်းစား အသီးသီးပါဝင်သည့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ် လပ်ရေး အဖွဲ့ချုပ်(ဖဆပလ)သည် မြန်မာနိုင်ငံရဲ့ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲရန် ပြင်ဆင်ခဲ့သည်။
ပထမအဆင့် အနေနဲ့ ပဏာမ ပြင်ဆင်မှု ညီလာခံကြီးကို ၁၉၄၇ ခုနှစ် မေလ ၁၉ ကနေ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဖဆပလဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ကိုယ်စားလှယ်ပေါင်း တထောင်နီးပါး တက်ရောက်ခဲ့သည်။
ညီလာခံကြီးက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ဇွန်လ တိုင်းပြု ပြည်ပြုလွှတ်တော်၌ တိုင်းရင်းသားများ က ထပ်ဆင့်ဆွေးနွေး အတည်ပြု ပြီးနောက် ၆ လ အကြာတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ အဖြစ် ထွက်ပေါ်လာခဲ့သည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး အာဏာရ ဖဆပလအစိုးရသည် ၁၉၄၇ ခုနှစ် အခြေခံဥပဒေဖြင့် နိုင်ငံကို ၁၄ နှစ်ကြာအုပ်ချုပ်ခဲ့သည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းလိုက်သည့် အတွက် ယင်း အခြေခံဥပဒေသည် ပျက်ပြယ် သွားခဲ့ရပြီးနောက်၊ မြန်မာဆိုရှယ်လစ် လမ်းစဉ် အစိုးရက ၁၉၇၄ ခုနှစ်တွင် ဒုတိယမြောက် အခြေခံဥပဒေကို ရေးဆွဲ အတည်ပြုခဲ့သည်။
သို့သော် နောင် ၁၄နှစ်အကြာ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အထွေထွေ လူထုအုံကြွမှုကြောင့် စစ်တပ်အာဏာသိမ်း သည့်အတွက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံလည်း ရပ်ဆိုင်းသွားခဲ့ ပြန်သည်။
ထို့နောက် စစ်အာဏာသိမ်း အစိုးရက အခြေခံဥပဒေသစ်တခုကို နှစ်ပေါင်းများစွာ ရေးဆွဲပြီးနောက် ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့ရာ အဆိုပါ တတိယမြောက် အခြေခံဥပဒေသည် ယခုအခါ သက်တမ်း ၁၁နှစ် ရှိပြီဖြစ်သည်။ သို့သော် အဆိုပါ ဖွဲ့စည်းပုံသည်လည်း ဒီမိုကရေစီနှင့် မညီညွတ်၍ ပုဒ်မတချို့ကို ပြင်ဆင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ကြိုးစား နေသည်။