ယနေ့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀က အစိုးရတပ်များနှင့် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)တို့ အကြား ဖြစ်ပွားသည့် နာမည်ကျော် အင်းစိန်တိုက်ပွဲ ပြီးဆုံးသည့် နေ့ဖြစ်သည်။
အင်းစိန်တိုက်ပွဲသည် ပြည်ထောင်စုမှ ခွဲထွက်ခွင့်နှင့် ကရင်ပြည်နယ် နယ်နိမိတ်သတ်မှတ်ရာတွင် အစိုးရနှင့် သဘောတူ ညီမှု မရခဲ့သည့် ကေအင်ဒီအို (Karen National Defence Organization)၏ လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်သည်။
ထိုစဉ်က KNDO တို့သည် ရန်ကုန်အဝင်၀ အင်းစိန်တွင် ဌာနချုပ်ဖွင့်ထားပြီး၊ အခိုင်အမာ စခန်းတည် ဆောက်ကာ ပြည်နှင့် တောင်ငူမှ ဆင်းလာမည့် ကရင်သေနတ်ကိုင် တပ်ရင်းများကို စောင့်စားရင်း ရန်ကုန်မြို့ကို ခြိမ်းခြောက်ထားသည့် အနေအထားတွင် ရှိသည်။
တောခို ကရင်စစ်ရဲနှင့် တပ်တချို့ကြောင့် လူသူ လက်နက်အင်အား တောင့်တင်းလာသည့် KNDO တို့သည် မန္တလေး၊ မိထ္တီလာ၊ တောင်ကြီး၊တောင်ငူ၊ မော်လမြိုင်၊ သထုံ၊ ပြည်၊ ပုသိမ်၊ မြစ်ဝကျွန်းပေါ်ရှိ မြို့ကြီးများကို သိမ်းပိုက်နိုင်ခဲ့သလို၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော် စသည့် နိုင်ငံရေး အင်အားစုကြီးများကလည်း တခြားသော မြို့ရွာများကို သိမ်းပိုက်ထား သည်။
ထို့အတွက် ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရမှာ နိုင်ငံတကာသတင်းစာများတွင် ရန်ကုန်အစိုးရဟုပင် ရေးသား ဖော်ပြခြင်း ခံနေရ သည့် အခြေအနေဖြစ်သည်။
အင်းစိန်သည် ကရင်လူမျိုးတို့၏ ဌာနေမြို့ဖြစ်သကဲ့သို့ စောဘဦးကြီး၊ စောစံကေး၊ မန်းဂျိန်းထွန်းအောင်၊ မန်းဘဇံ၊ စကောမောလေ စသည့် ကရင်ခေါင်းဆောင်ကြီးများသည်လည်း အင်းစိန်တွင် ရှိနေကြသည်။
ထို့ကြောင့် အင်းစိန်ကို ပြန်လည်သိမ်းပိုက်ရန် ဗိုလ်မှူးချုပ်ကျော်ဇောကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ် ကာ ဗမာ့သေနတ်ကိုင် တပ်ရင်း ၃၊ တပ်ရင်း ၅၊ ချင်းသေနတ်ကိုင် တပ်ရင်းများ၊ ကချင်သေနတ်ကိုင်တပ်ရင်းနှင့် ပြည်ထောင်စု စစ်ရဲတပ်တို့ ပါဝင်သည့် အစိုးရတပ်က ပြန်လည် စစ်ဆင်၍ တိုက်ခိုက် သိမ်းယူရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
အင်းစိန်တိုက်ပွဲသည် ရက်ပေါင်း ၁၂၂ ရက်ကြာမြင့်ပြီး၊ ပြည်မှ ရန်ကုန်သို့ ချီတက်လာသည့် ကရင်သေနတ်ကိုင် တပ်ရင်း ၂ မှာ ဇီးကုန်မြို့ ဝက်ကော်တံတားတိုက်ပွဲတွင် ချေမှုန်းခံရခြင်း၊ တောင်ငူမှ ရန်ကုန်သို့ ဆင်းလာသည့် ကရင်သေနတ်ကိုင် တပ်ရင်း ၁ ၏ ထိုးစစ်များကိုလည်း အစိုးရ တပ်က တားဆီးလိုက်နိုင်သည့် အတွက် KNDO တို့အဖို့ အင်းစိန်ကို လက်လွှတ်ကာ မြစ်ဝကျွန်းပေါ်သို့ ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။
အင်းစိန်တိုက်ပွဲပြီးနောက် အစိုးရတပ်များသည် မှော်ဘီ၊ လှည်းကူး တလျှောက်ဆက်လက်တိုက်ခိုက်သကဲ့သို့ စာဗူးတောင်း ခံစတပ်ကိုလည်း သိမ်းပိုက်ကာ ပဲခူး- တောင်ငူ အထိ တောက်လျှောက် စစ်ဆင်ရေးများ ပြုလုပ်ကာ KNDO တို့ကို တိုက်ခိုက်ခဲ့သည်။
အင်းစိန်တိုက်ပွဲသည် နှစ်ဘက် အကျအဆုံး အထိအခိုက်များပြားပြီး တိုက်ပွဲကို ဦးဆောင်သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောအတွက်လည်း အင်းစိန်စစ်ပွဲသည် ပထမဆုံး စစ်တက္ကသိုလ်ဖြစ်ကြောင်း၊ ဤ စစ်ပွဲမှ စစ်အတတ် ပညာ၏ အနှစ်သာရကို အခြေခံ သဘောပေါက် နားလည်လာခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – အင်းစိန် တိုက်ပွဲထဲက “တံမြက်စည်း”