ယနေ့သည် မြန်မာ့နိုင်ငံ၏ အထင်ကရသမိုင်းဝင် မန္တလေး ရတနာပုံမြို့တည်ခြင်း အနှစ် ၁၆၀ ပြည့်သည့်နေ့ဖြစ်သည်။
မင်းတုန်းမင်းသည် မြို့ဧရိယာကျဉ်းသော၊ အင်္ဂလိပ်စစ်တပ်ကျူးကျော်ဝင်ရောက်လာရန် လွယ်ကူသော အမရပူရမြို့ နန်းတော်ကို ခွာကာ မန္တလေးမြို့သစ်ကို တည်ဆောက်ခဲ့သည်ဟု ဆိုကြသလို နိုင်ငံခြားသား အကဲခတ်များကမူ သွေးထွက် သံယို များသည့် နေရာ၊ အင်္ဂလိပ်ကို စစ်ရှုံးသည် နေရာ ဆိုသည်အတွက် ပြောင်းရွေ့ခြင်းဟု ယူဆသည်။
မြို့တည်စာတမ်းတွင်မူ “သာသနာ၂၄၀၀ ရောက်သောအခါ မန္တလေး အရပ်၌ ရတနာပုံမြို့ကြီး ဖြစ်လတ္တံ၊ ခြင်္သေ့နံမင်းက စတင် တည်ထောင် စံနေတော်မူ၍ သားတော်မြေးမြစ် အဓွန့်ရှည်စွာ သာသနာတော် စည်ပင်ပြန့်ပွားအံ့”ဟု ဆိုရာ၊ အင်္ဂါသား မင်းတုန်းမင်းက သူသာ နန်းမြို့သစ် တည်လျှင် မင်းဆက် ၄၇နှစ်တိုင် မြို့သက်ရှည်မည်ဟု ဟောပြောချက်ကို နှစ်သက် ယုံကြည်၍ မြို့သစ်တည်ကြောင်း သမိုင်းဆရာ ဒေါက်တာသန်းထွန်းက ၁၉၆၆ ခုနှစ် စက်တင်ဘာ ၁၈ရက်နေ့ မန္တလေး တက္ကသိုလ်တွင် ပြုလုပ်သည့် ကန်သာစိမ်းလဲ့ ၁၃ နှစ်မြောက် အထိမ်းအမှတ် အစည်းအဝေးတွင် ဖတ်ကြားခဲ့သည်။
မန္တလေးတောင်ရိပ်ကိုခိုသော လေးထောင့်မြို့ကွက်တွင် မင်းတုန်းမင်း ကိုယ်တိုင် မြေပုံဆွဲကာ ဤတွင်မြို့၊ ဤတွင်နန်း စသည်ဖြင့် မြို့ရာနန်းရာ ကို ပိုင်းခြားပေးခဲ့ပြီး၊ ရွှေကြိုးသတ်နယ်မြေ ရာဇဌာနီ သတ်မှတ်ပိုင်းခြားပေးခဲ့သည်။
ထို့နောက် ကိုယ်တိုင် ဆင်စီး၍ ကွပ်ကဲခဲ့ကာ နန်းတော်၊ကျုံးမြို့ရိုးနှင့် ကျုံးအပြင်ဘက် မြို့ပြင်လေး ရပ် (အရပ်လေးမျက် နှာ) တွင်လည်း ဈေးများ၊ လမ်းများ၊ အိမ်ဝင်းများကို စနစ်တကျအကွက်ချပေးခဲ့သည်။
လူပေါင်း ၃ထောင်ကျော် အင်အားဖြင့် နန်းမြို့ကို တည်ဆောက်ခဲ့ရာ မြို့ရွာနေ ဆင်းရဲသား ကျွန်တော်မျိုးတို့ကို မခန့် မထားရ၊ ရွှေတိုက်တော်က ကြေးတော်ငွေတော် အလုံအလောက် ထုတ်ပေးစေဟု ဆိုသော်လည်း အခကြးငွေ မရဘဲ လုပ်အားပေးရခြင်းက များမည်ဟု ဒေါက်တာသန်းထွန်းက ယူဆသည်။
မန္တလေးမြို့သည် နန်းအဆောင်ဆောင်နှင့်ခမ်းနားသကဲ့သို့ မြို့ပြင်လေး ရပ်တွင်လည်း အရောင်းအဝယ်များဖြစ်ထွန်းရာ လူဦးရေ ၂ သိန်းခန့်အထိနေထိုင်ခဲ့ကြသည်ဟု သိရသည်။
မင်းတုန်းမင်း လက်ထက် မန္တလေး တွင် သံတဲ၊ စေတီပုထိုး၊ ဗလီ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့လည်း ရှိရာ မန္တလေး မြို့လမ်းမများပေါ်တွင် အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီများ၊ ပေါ်တူဂီ၊ ယိုဒယား၊ တရုတ်၊ ကုလားစသော လူမျိုးပေါင်းစုံဖြင့် သက်ဝင်လှုပ်ရှားခဲ့သည်။
နန်းမြိုသစ် တည်လျှင် မင်းဆက် ၄၇နှစ်တိုင် မြို့သက်ရှည်မည်ဟု ဟောချက် ရှိသော်လည်း မင်းတုန်းမင်း၏ သားတော် သီပေါမင်း လက်ထက်တွင် နယ်ချဲ့အင်္ဂလိပ်တို့၏သိမ်းပိုက်ခံမြို့ဖြစ်ခဲ့သည်။
ကိုလိုနီခေတ်တလျှောက် မန ္တလေးမြို့သည် နောက်ဆုံးမြန်မာမင်းနေပြည်တော်ဖြစ်ခဲ့သည့်အလျောက် ယဉ်ကျေးမှုနှင့် သာသနာရေးတွင် အချက်အချာကျမြဲဖြစ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် တိုက်တာ အဆောက်အဦးများ တိုးတက်လာ ခဲ့သည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဇာတိသွေးဇာတိမာန်တက်ကြွစေသည့် မြို့ဖြစ်ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ် အတွင်းဗုံးဒဏ်ကြောင့် နန်းတော်ကြီးနှင့်အတူ မြို့တည်စကသမိုင်းဝင်အဆောက်အဦးများပျက်စီးဆုံးရှုံးခဲ့ရသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၉ ခုနှစ်တွင် မန ္တလေးနှစ် ၁၀၀ ပြည့်ပွဲကြီးကို မန ္တလေးတောင်ခြေတွင် ခမ်းခမ်းနားနားကျင်းပခဲ့လေသည်။
You May Also Like These Stories:
ဂျပန်လေတပ် မန္တလေးမြို့ကို ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်း
စစ်သူကြီးမဟာဗန္ဓုလနှင့် ဓနုဖြူတိုက်ပွဲ
ဂဠုန် ဦးစော၏ နောက်ဆုံး နှုတ်ဆက်ခြင်း “ဂွတ်ဘိုင်”
ဘိုးဘွားရိပ်သာများ၏ မိခင်ဒေါ်ဦးဇွန်း တိုင်းပြည်အကျိုးဆောင် T.P.S ဘွဲ့ချီးမြှင့်ခံရခြင်း
ဆဋ္ဌ သင်္ဂါယနာ မဟာဓမ္မသဘင် ဖွင့်ပွဲကြီး