မြန်မာ့တပ်မတော် ရေတပ်သမိုင်းတွင် ထင်ရှားသည့် မေယုစစ်သင်္ဘောကြီးဟု လူအများသိသည့် ဖရီးဂိတ် H.M.S FAL ကို ဗြိတိသျှ တော်ဝင်ရေတပ်မတော်မှ ဗမာပြည် ဘုရင့်အပျော်တမ်း အရန် ရေတပ်မတော်(BURMA ROYAL NAVY VOLUNTEER RESERVE)သို့ လွှဲပြောင်းပေးအပ်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၇၂ နှစ် ရှိပြီဖြစ်သည်။
ထိုစဉ်က ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသည့် ဗိုလ်ချုပ်အောင်ဆန်းက မေယုစစ်သင်္ဘောကြီးကို တက်ရောက်စစ် ဆေးကာ မြန်မာနိုင်ငံ ကိုယ်စား လက်ခံရယူပြီး ဗြိတိသျှ တော်ဝင်ရေတပ်မှ ရေယာဉ်မှူး ဗိုလ်မှူးမစ်ချယ်လ်(LIEUTENANT COMMANDER MITCHELL)က လွှဲပြောင်းပေးခဲ့သည်။

၁၉၄၇ ခုနှစ် မေလ ၂၅ရက် နေ့လည် မေယု စစ်သင်္ဘောကြီး၏ ကုန်းပတ်တွင် ပြုလုပ်သည့် အခမ်းအနားကို အစိုးရအဖွဲ့ ဝင်များ၊ စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
မေယုစစ်သင်္ဘောဖြစ်လာမည့် H.M.S. FAL ကို အင်္ဂလန်နိုင်ငံ နယူးကာဆယ်မြို့ရှိ စမစ်သင်္ဘောကျင်းတွင် ဒုတိယကမ္ဘာ စစ် အတွင်း ၁၉၄၁ ခုနှစ်တွင် တည်ဆောက်ကာ ၁၉၄၂ မေလတွင် ရေချကာ ထိုနှစ် နိုဝင်ဘာတွင် တာဝန် ထမ်းဆောင် ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနှင့် အစောင့်လိုက်တာဝန်ကို အတ္တလန်တိတ်သမုဒ္ဒရာ မြောက်ပိုင်း တွင် တာဝန်ထမ်းဆောင်နေရာ ဂျာမနီလက်နက်ချပြီးနောက် အာရှပစ္စဖိတ်ရေပြင်သို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိခဲ့ သည်။
အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလား ပင်လယ်အော် ဆိုင်ရာ ရေကြောင်းလုံခြုံရေးတပ်ဖွဲ့တွင် အသုံးပြုခဲ့သလို ဖက်ဆစ်တော်လှန် ရေးကာလတွင် ရခိုင်ကမ်းရိုးတန်းရှိ မေယုမြစ်ဝှမ်းနှင့် မေယုရေဝေရေလဲ တောင်ကြောတလျှောက် ရခိုင်တိုက်ပွဲစဉ်များ တွင် ဗမာ့ရေတပ်သားများနှင့် အတူ H.M.S. FAL ပါဝင်ခဲ့သည်။
အဆိုပါ စစ်ရေယာဉ်ကို မြန်မာ့ရေတပ်မတော်သို့ လွှဲပြောင်းသည့် မေယုမြစ်ဝှမ်းတိုက်ပွဲများတွင် ပါဝင်မှုကြောင့် H.M.S. FAL မှနေ၍ မေယုဟု အမည်ပြောင်းခဲ့သည်။
မေယုစစ်သင်္ဘောကြီး၏ ပထမဆုံး စစ်ရေယာဉ်မှူးမှာ ဗိုလ်မှူးခင်မောင်ဘိုဖြစ်ပြီး၊ ပြည်တွင်းစစ်ကာလ တံမြက်စည်းဟု အမည်ရ ရေတပ်ဘိုဖာ အမြောက်ဖြင့် တိုက်ပွဲဝင်ခဲ့သူ ဗိုလ်ကြီး စည်သူ ကျော်သိန်းလွင်မှာ လည်း မေယု စစ်သင်္ဘောကို ဗိုလ်ချုပ်အောင်ဆန်း လွှဲပြောင်းယူစဉ်က မေယုစစ်သင်္ဘော၌ တာဝန်ကျ အရာရှိ အဖြစ် လိုက်ပါခဲ့သူဖြစ်သည်။
နောင်တွင် မြန်မာ့ရေတပ်မတော်၏ အလံဆောင်အဓိကစစ်ရေယာဉ် (FLAGSHIP) ဖြစ်လာပြီး၊ သင်္ဘောပေါ်တွင် ရေကြောင်းဆိုင်ရာပညာ၊ စစ်လက်နက်ဆိုင်ရာပညာ၊ စက်မှုဆိုင်ရာသင်တန်းများလည်း ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်တွင် မေယုသင်္ဘောကို Union of Burma`s Ship-UBS MAYU ဟု သတ်မှတ်ခဲ့သည်။
မြန်မာ့လွတ်လပ်ရေးနှင့်အတူ ဖွားဘက်တော် ပြည်တွင်းစစ်ဖြစ်ပွားရာ မေယုသင်္ဘောသည် အစိုးရတပ်များနှင့်အတူ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်၊ ရခိုင်ဒေသများတွင် ပုန်ကန်သူများကို တိုက်ခိုက်ခဲ့သည်။
မေယုစစ်သင်္ဘောသည် အင်းစိန်ကို သိမ်းသည့် တိုက်ပွဲ၊ သံလျင် ကျိုက်ခေါက်တိုက်ပွဲ၊ ပုသိမ်မြို့သိမ်းတိုက်ပွဲ၊ ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲ၊ မော်လမြိုင် မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့သည်။

ချစ်ကြည်ရေး ခရီးများအဖြစ် အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်)၊ သြစတြေးလျ၊ အိန္ဒိယ စသည့် နိုင်ငံများသို့ သွားရောက်ခဲ့ သလို၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် ကမ်းရိုးတန်းကာကွယ်ရေး၊ ရေပိုင်နက်နှင့် စီးပွားရေးဇုန် လုံခြုံရေး၊ မှောင်ခိုစီးပွားရေးလမ်းကြောင်းဖြတ်တောက်ရေးများတွင်လည်း ဆက်လက်အသုံးပြုခဲ့သည်။
၁၉၄၁ ခုနှစ်တွင် စတင်တည်ဆောက်သည့် မေယုစစ်သင်္ဘောကြီးသည် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက် ၁၉၇၉ ခုနှစ် သြဂုတ်လတွင် တပ်တော်ဝင်အဖြစ်မှ ရပ်စဲခြင်းခံရပြီးနောက် ထိုနှစ် စက်တင်ဘာလတွင် သမိုင်းဝင် စစ်ရေယာဉ် တစီးအဖြစ် ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
ထို့အတွက် မေယုသင်္ဘောကို သန်လျင်ဆိပ်ကြီး အမှတ် ၁ ရေတပ်လေ့ကျင့်ရေးစခန်းဌာနချုပ်တွင် လွန်းကျင်းတည် ဆောက်ကာ အနားပေး၍ ဆက်လက်ထိန်းသိမ်းထားသည်။

လွတ်လပ်ရေး ရပြီး ပြည်တွင်းစစ်အတွင်းက မြန်မာ့ရေတပ်မတော်မှ မေယုကဲ့သို့ပင် တိုက်ပွဲဝင်ခဲ့သည့် စစ်သင်္ဘောများတွင် အင်းလေး၊ အင်းမ၊ အင်းတော်၊ အင်းယား စစ်သင်္ဘော ၄စီးသည်လည်း အရေးပါခဲ့သည်။
ကိုးကားချက် – Myanmar Military History
ဆက်စပ်ဖတ်ရှု့ရန် – အင်းစိန်တိုက်ပွဲနိဂုံး
အင်းစိန် တိုက်ပွဲထဲက “တံမြက်စည်း”