လွန်ခဲ့သော ၄၂ နှစ်က ယနေ့တွင် နယ်ချဲ့အင်္ဂလိပ်ခေတ် ပထမဆုံး မြန်မာအမျိုးသား နန်းရင်းဝန်၊ ဖက်ဆစ်ဂျပန်ခေတ် နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော် ကွယ်လွန်ခဲ့သည်။ “ဒေါက်တာကွယ်လွန်ချိန်က ထူးခြားချက်မှာ သူ၏ဈာပနကြော်ငြာကို သူကိုယ်တိုင်ရေးပေးခဲ့ခြင်းဖြစ်၏။ အင်္ဂလိပ်ဘာသာနှင့်ရေးပေးခဲ့၏။ ပထမ သူ့နာမည်၊ ထို့နောက် ဖွားသက္ကရာဇ်နှင့်ကွယ်လွန်သည့်နှစ်၊ ထို့နောက် တိဟိတ်ကလေးမှ တိဟိတ်ကြီးသို့ ပျံသန်းသူဟု ပါရှိ၏” ဟု ဆရာညိုမြက မှတ်တမ်းတင်ခဲ့သည်။ ဒေါက်တာဘမော်ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ်ရှိပြီဖြစ်သည်။ ဒေါက်တာဘမော်သည် ကိန်းဘရစ်၊ လန်ဒန်ဂရေးအင်း၊ ပြင်သစ်ဘောဒိုးတက္ကသိုလ်များတွင် ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်ခေတ် ပညာရေးဝန်ကြီး၊ နန်းရင်းဝန်၊ ဂျပန်ခေတ်နိုင်ငံတော်အကြီးအကဲ ၊ ဆင်းရဲသားပါတီ၊ မဟာဗမာပါတီခေါင်းဆောင်အဖြစ် မြန်မာ့နိုင်ငံရေးလောကတွင် ထင်ရှားခဲ့သူဖြစ်သည်။ ဆရာစံအမှုတွင် ဆရာစံဘက်က ဦးဆောင်ချေပခဲ့သူအဖြစ်လည်း ထင်ရှားသည်။
အင်္ဂလိပ်ခေတ် နန်းရင်းဝန်အဖြစ်ဆောင်ရွက်ရာတွင် မြန်မာပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော အခွန်များကိုဖျက်ပစ်ခြင်း၊ စာနယ်ဇင်းများ၏ အာမခံငွေများကို ပြန်ပေးခြင်း၊ ပညာတော်သင်များစေလွှတ်ခြင်း၊ အမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ကုလား-ဗမာအဓိကရုဏ်း၊ ဗိုလ်အောင်ကျော်နှင့် မန်းအာဇာနည်၁၇ ဦးကျဆုံးမှု၊ ရေနံမြေသပိတ်၊ တောင်သူလယ်သမားသပိတ်၊ ကျောင်းသားသပိတ်တို့သည်လည်း ၎င်း၏လက်ထက်တွင်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဂျပန်ခေတ်တွင်လည်း ရွှေရည်စိမ် လွတ်လပ်ရေးဟု ဝေဖန်မှုများရှိသော်လည်း အုပ်ချုပ်ရေးကဏ္ဍတွင် မြန်မာလူမျိုးများကို ခန့်အပ်ခြင်း၊ နိုင်ငံတော်အလံကို မြန်မာ့ဒေါင်းရုပ်သုံးခြင်း၊ ရုံးသုံးဘာသာကို မြန်မာဘာသာစကား ထားခြင်း၊ တပ်မတော်မှာ ဗမာ့တပ်မတော်(Burma National Army)၊ နိုင်ငံခြားမြန်မာသံရုံးများ စသည်ဖြင့် ထားရှိနိုင်ခဲ့ခြင်းကြောင့် လုံးဝလွတ်လပ်ရေးအတွက်လည်း စိတ်အားတက်ကြွမှုကို ပေးခဲ့သည်။ ဂျပန်ခေတ်နိုင်ငံအကြီးအကဲဖြစ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဂျပန်တော်လှန်ရေးလူငယ်များကိုလည်း တတ်နိုင်သည့်ဘက်မှ ကာကွယ်ပေးခဲ့သလို အိန္ဒိယလွတ်လပ်ရေးကြိုပမ်းမှုကိုလည်း အကူအညီပေးခဲ့သည်။
ဒေါက်တာဘမော်သည် ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလခေတ်တွင် နိုင်ငံရေးမှအနားယူပြီး ၁၉၃၉ မှ ၁၉၄၆ ခုနှစ်အတွင်း ခက်ခဲကြမ်းတမ်းပင်ပန်းဆင်းရဲသော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလအပိုင်းအခြားကိုဖော်ပြထားသော Breakthrough in Burma : Memoirs of a Revolution 1939 – 1946 စာအုပ်ကိုရေးသားကာ အမေရိကန်နိုင်ငံ၊ ယေးတက္ကသိုလ်မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ အစ်ကိုဖြစ်သူ ဒေါက်တာဘဟန်မှာလည်း ဥရောပတက္ကသိုလ်များတွင် ပညာသင်ကြားခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံရှေ့နေချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဒေါက်တာဘဟန်ပြုစုသော အင်္ဂလိပ်-မြန်မာအဘိဓာန်ကြီးမှာလည်း ထင်ရှားလေသည်။
You may also like these stories: