စစ်အစိုးရ လက်ထက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးတို့ အထက်မြန်မာပြည်သို့ စည်းရုံးရေး ခရီးစဉ်သွားရောက်ရာ စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် အရောက် လူအုပ်စုကြီး၏ အကြမ်းဖက် တိုက်ခိုက်ခံရသည်မှာ ယနေ့ဆိုလျှင် ၁၆နှစ် ပြည့်ပြီဖြစ်သည်။
ပါတီ၏ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် စည်းရုံးရေး အဖွဲ့ ဒီပဲယင်း မြို့ နယ် ကျည်ရွာသို့ ည ၈နာရီခန့် အရောက် တုတ်၊ ဓါး၊ ဝါးချွန်များ ကိုင်ဆောင်ထားသော စွမ်းအားရှင်၊ လုံထိန်းများ ပါဝင် သည့် ထောင်ချီသော လူအုပ်ကြီးက ညာသံပေး၍ စည်းရုံးရေး ယာဉ်တန်းများအပါအဝင် လာရောက်အားပေး ကြိုဆိုသည့် ရဟန်းသံဃာ၊ ရွာသူ ရွာသားများကို ၄ နာရီခန့် အကြာ အကြမ်းဖက်ရိုက်နှက်သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ပါရှိသည့် ကားကို အဓိကထားတိုက်ခိုက်ခံရသော်လည်း ကားမှန်များကွဲခဲ့ပြီးနောက် လူငယ်ယာဉ် မောင်းက အကြမ်းဖက်သူများ အကြားမှ တိုးထွက်မောင်းနှင်ခဲ့သဖြင့် လွတ်မြောက်ခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အာဏာပိုင်တို့က ၄ဦးသေ၊ ၅၀ ဒဏ်ရာရဟု ထုတ်ပြန်သော်လည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် သူများ အဆိုအရ အဖြစ်မှန်နှင့် ယနေ့တိုင် ကွဲလွဲလျှက်ရှိသည်။
ကိုယ်ထိလက်ရောက် တိုက်ခိုက် လုပ်ကြံခံရသည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး၏ ပြန်ပြောင်း ပြောဆိုချက် အရ အကြမ်းဖက် ရိုက်နှက်သူများ ဒေါ်အောင်ဆန်းစုကြည်၏ ကားကို တိုက်ခိုက်ရန် ရောက်လာသည့် အခါ သူအပါအဝင် လုံခြုံရေး ယူထားသည့် လူငယ်များက အော်ဟစ်တားမြစ်ခဲ့ကြောင်း၊ ခေတ္တမျှ ငြိမ်သက်သွားသော် လည်း ညာသံပေးကာ ဆက်လက် ရိုက်နှက်ကြောင်း၊ ရိုက်နှက်သူများတွင် သင်္ကန်းဝတ်များလည်း ပါကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကားမှာ လွတ်မြောက်သွားကြောင်း ဆိုသည်။

လုပ်ကြံမှု အပြီး စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ၆နှစ် ချုပ်နှောင်ပြီး၊ NLD ရုံးချုပ်ကိုလည်း ချိတ်ပိတ်ခြင်း ရိုက်နှက်ခံကြရသူ များလည်း နိုင်ငံတဝန်းရှိ ထောင်အသီးသီးတွင် ဖမ်းဆီးအကျဉ်းချခြင်းများပြုလုပ်ခဲ့သည်။
ပြည်တွင်းတွင် သာမက အမေရိကန်၊ ဥရောပ၊ အာဆီယံနိုင်ငံများကလည်း အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့ကြသည်။
ထိုလုပ်ကြံမှုနှင့် ပတ်သက်၍ စစ်အစိုးရအတွင်း၌လည်း သဘောမတူမှုများ ရှိကြောင်း ထိုစဉ်က နအဖ အဖွဲ့၌ အတွင်း ရေးမှူး ၁ တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်က ကြုံ့တွေ့ခဲ့ရ ဘဝအထွေထွေ စာအုပ်တွင် ဤသို့ ရေးသား ထားသည်။
နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လူကြီးပိုင်း ၅ယောက်၊ ၆ယောက်ခန့်ကို သူ၏ အခန်းသို့ ခေါ်ကာ ဒေါ်အောင် ဆန်းစုကြည် ယာဉ်တန်းကို ဖြစ်သည့် နည်းဖြင့် တားဆီးရမည်ဖြစ်ကြောင်း ပြောဆိုရာ၊ မိမိက အကြမ်းဖက် တားဆီးခြင်းမျိုး မလုပ်သင့်ကြောင်း၊ ထိုသို့ ပြောဆိုမှုကို ဥက္ကဋ္ဌက သဘောမတူသည့် အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဦးဆောင် စေခဲ့ကြောင်း၊ တချို့ဖြစ်စဉ်များကို သိနေရကြောင်း၊ ဦးဆောင်ပါဝင်ခြင်း မရှိသော်လည်း အစိုးရအဖွဲ့ဝင် ထိပ်ပိုင်း ခေါင်းဆောင် ဖြစ်၍ မိမိလည်း တာဝန်ရှိသည်ဟုခံယူကြောင်း ၎င်းစာအုပ်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီး ခင်ညွှန် ပြောသည့် တာဝန်ပေးခံရသည်ဆိုသော ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကမူ ဒီပဲယင်း ပြဿနာသည် NLD နှင့် ပြည်ခိုင်ဖြိုးအကြား သာမန်ထက် ပိုသော အားပြိုင်မှု ဖြစ်ကြောင်း၊ အဆိုပါ ဒေသများတွင် တာဝန်ယူနေသည့် စစ်တိုင်းမှူးများသည် အတွေ့အကြုံနုနယ်၍ သူတို့ကို ကူညီရန် မိမိအား လူကြီးများက စေလွှတ်ခဲ့ကြောင်း၊ NLD ပါတီ၏ အစီအစဉ်မှာ လူထုကို အစုအဝေးဖြင့် လမ်းပေါ်ရောက်လာသည့်အတွက် တရားဥပဒေ စိုးမိုးရေးနှင့် အစိုးရအုပ်ချုပ်ရေး ကို ယိုင်နဲ့စေကြောင်း၊ သံဃာများတွင်လည်း အစိုးရထောက်ခံသည့် သံဃာနှင့် အတိုက်အခံထောက်ခံသည့် သံဃာများ အကြား တင်းမာလာ၍ ချိန်ချိန်ဆဆဖြင့် ကိုင်တွယ်ခဲ့ရကြောင်း ဖော်ပြထားသည်။
You may also like these stories:
ဆဋ္ဌ သင်္ဂါယနာ မဟာဓမ္မသဘင် ဖွင့်ပွဲကြီး