ဖက်ဆစ်ဂျပန်ကို အထက်မြန်မာပြည်မှနေ၍ ပထမဆုံး တော်လှန်ခဲ့သည့် ဗိုလ်မှူးဗထူး ငှက်ဖျား ရောဂါဖြင့် ကျဆုံးခဲ့သည် မှာ ယနေ့ဆိုလျှင် ၇၄နှစ် ပြည့်ပြီဖြစ်သည်။
ဗိုလ်ဗထူး၏ ရဲစွမ်းသတ္တိနှင့် ပတ်သက်၍ မဟာမိတ်တပ်များ သေချာတွေ့ကြုံရပါက သူရသတ္တိအတွက် အမြင့်ဆုံး ဝိတိုရိယ ကရော့စ် ခေါ် ဆုတံဆိပ်ကို ရမည်မလွဲဟု ထင်မိကြောင်း ဗိုလ်ချုပ်အောင်ဆန်းကပင် ချီးကျူးရ၏။
ဖက်ဆစ်တော်လှန်ရေးကို ၁၉၄၅ ခုနှစ်၊ ဧပြီ ၂ ရက်တွင် စတင်ရန် သတ်မှတ်သော်လည်း မဟာမိတ် တပ်များက မိထ္တီလာ မြို့ကို ကြားဖြတ် ဝင်ထိန်းလိုက်ရုံသာမက မတ်လ ၅ရက်တွင် မန္တလေး- မတ္တရာတဝိုက် ချဉ်းကပ်မိပြီး ဖြစ်သဖြင့် အထက် မြန်မာပြည် အနောက်မြောက်တိုင်း တာဝန်ခံ ဗိုလ်မှူးဗထူးက မတ်လ ၈ ရက်နေ့တွင် စတင်တိုက်ခိုက်မည့် အကြောင်း စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းထံ အစီရင်ခံ ရေးသားခဲ့သည်။
ထိုသို့ ဗိုလ်မှူးဗထူး၏ အနောက်မြောက်တိုင်းမှ စတင်ကာ ဂျပန်ကို တော်လှန်သဖြင့် အောက်မြန်မာပြည်ရှိ တပ်များလည်း ၁၉၄၅ ခုနှစ် မတ်လ ၂၇ရက်နေ့ ည ၇နာရီတွင် ဗမာတနိုင်ငံလုံး တပ်မတော်နှင့် ပြည်သူလူထု အားလုံးတို့က ဖက်ဆစ် တော်လှန်ရေး ကို စတင်ရန် ဆုံးဖြတ်ခဲ့သည်။
ဗိုလ်မှူးဗထူူးက အောက်မြန်မာပြည်ရှိ တပ်များကို မထိခိုက်စေရန် ဂျပန်ကို တိုက်ခိုက်မည့် မိမိတို့ တပ်မှာ ပြည်သူ ပြည်သား များဖြင့် ပူးတွဲ ဖွဲ့စည်းထားသည့် အရပ်သား တပ်မတော် သက်သက် အနေမျိုးအားဖြင့် သဘောပေါက်စေမည့် စာတမ်းများ ကိုလည်း ကြိုတင် ကာကွယ်သော အားဖြင့် ရိုက်နှိပ်ထားသည်ဟုလည်း ဗိုလ်ချုပ်အောင်ဆန်းထံ ပေးပို့သည့် အစီရင်ခံစာ တွင် ပါရှိသည်။

ဗိုလ်မှူးဗထူး၏ နှစ်လ အတွင်း တိုက်ပွဲကြီးငယ် ၂၀ ခန့်၏ အောင်ပွဲသည် ဗမာ့ဖက်ဆစ်တော်လှန်ရေး အတွက်များစွာ အထောက်အကူဖြစ်စေခဲ့သည်။
မဟာမိတ်တပ်မှူး လက်ဖတင်နင် ဂျင်နရယ် ဆာဝီလျံဆလင်းက ပြင်းထန်သော မန္တလေးတိုက်ပွဲတွင် ဗိုလ်မှူးဗထူးတပ်များ ပူးပေါင်းပါဝင် တိုက်ခိုက်မှုကြောင့် အောင်မြင်ခဲ့ရကြောင်း ရေဒီယိုမှ ချီးကျူးပြောဆိုခဲ့သည်။
ဗိုလ်မှူးဗထူးသည် ဂျပန်တပ်များကို ရှမ်းပြည်တောင်ပိုင်းအထိ လိုက်လံ တိုက်ထုတ်စဉ် ငှက်ဖျားရောဂါ ပြင်းထန်စွာခံစား ရပြီး အောင်ပန်းမြို့ တယ်လူးစခန်းတွင် ကွယ်လွန်ခဲ့သည်။
၎င်း၏ စစ်ရေးဆောင်ရွက်ချက်များကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်မှူးကြီးအဆင့်သို့ရာထူးတိုးမြှင့်ကြောင်း ခန့်စာကို တွေ့ွမသွားခဲ့ရသလို ၁၉၄၂ ခုနှစ် စစ်ထဲဝင်ချိန်မှစ၍ လုံးဝကွဲကွာခဲ့သည့် ဇနီးဒေါ်အုံးတင်နှင့်သားသမီးသုံးယောက်ကိုလည်း နှုတ်မဆက်နိုင်ခဲ့ပေ။

ဗိုလ်မှူးဗထူးကျဆုံးပြီး ၁၃ ရက်အကြာတွင် ဗိုလ်မှူးဗထူးနှင့်အထက်မြန်မာပြည်တိုက်ပွဲများတွင်ကျဆုံးခဲ့သော ရဲဘော်များ အတွက် အထိမ်းအမှတ်ကျောက်တိုင်ကို အောင်ပန်းမြို့တွင် စိုက်ထူခဲ့သလို ရွာငံမြို့နယ် တယ်လူးရွာတွင်လည်း ဗိုလ်မှူးကြီး ဗထူး အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူခဲ့သည်။
အလားတူ ဗိုလ်မှူးကြီး ဗထူးကို ဂုဏ်ပြုသော အားဖြင့် ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့အနီးတွင် ဗထူးတပ်မြို့ဟု အမည် ပေး ထားသည့် မြို့တမြို့ကို ၁၉၅၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ရက်နေ့တွင် တည်ထောင် ဖွင့်လှစ်ပေးခဲ့သည်။ အလားတူ မန္တလေးမြို့ရှိ ယူဘီအေအေ (Upper Burma Athletics Association) အားကစားကွင်းကိုလည်း ဗထူးကွင်းဟု အမည်တွင်စေခဲ့သည်။
အောင်ပန်းမြို့ရှိ အထိမ်းအမှတ် ကျောက်တိုင်ကိုမူ ဗိုလ်မှူးကြီးဗထူးကွယ်လွန်ခြင်း ၇၄ နှစ်ပြည့်သည့် ယခုနှစ် ၂၀၁၉ တွင် လမ်းချဲ့ရာတွင် မလွတ်သဖြင့် ဖြိုချခဲ့ရာ ပြည်သူများကြားဝေဖန်မှု မြင့်တက်ခဲ့သည်။
You May Also like These Stories:
ဂဠုန် ဦးစော၏ နောက်ဆုံး နှုတ်ဆက်ခြင်း “ဂွတ်ဘိုင်”
နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်