ယနေ့သည် လွန်ခဲ့သည့် ၇၂ နှစ်က လွတ်လပ်တော့မည့် နိုင်ငံအတွက် မြန်မာ့ ပထမဆုံး စီးပွားရေး စီမံကိန်း ရေးဆွဲရန် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးသည့်နေ့ဖြစ်သည်။
မြန်မာနိုင်ငံတော်စီးပွားတိုးတက်ရေး ၂ နှစ်စီမံကိန်း ဟု ခေါ်တွင်ပြီး ရန်ကုန်မြို့ ပြည်လမ်း ဟံသာဝတီ အဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အုံ(ယခင် စာပေဗိမ္မာန်၊ ယခု ဆက်သွယ်ရေးဝန်ကြီးဌာန ရုံး)တွင် ကျင်းပသည့် အတွက်လည်း ဆိုရန်တိုဗီလာ စီမံကိန်းဟုလည်း ထင်ရှားသည်။
သဘာပတိအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ဆောင်ရွက်သည့် ထိုပွဲကို မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးပညာရှင် များ၊ ကုန်သည်များနှင့်လူထုထူတန်းစားအသီးသီးမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ပြန်လည်ထူထောင်ရေး အနာဂတ် လုပ်ငန်း စဉ်များအကြောင်းကို ဆွေးနွေးငြင်းခုံခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းက ချက်ချင်းဖြေရှင်းရမည့် ကုန်ဈေးနှုန်းကျဆင်းရေး၊ အလုပ်လက်မဲ့လျော့ကျရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးအပါအဝင် အချက် ၈ ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး ကဏ္ဍအသီးသီးအတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတွင် တိုင်းပြည်၏ အခြေခံထွက်ကုန်မှာ ဆန်စပါးဖြစ်သည့် အတွက် စိုက်ပျိုးရေး ကဏ္ဍ တိုးတက်ရေး အတွက် ပါရှိသည်။
“လယ်ယာ စိုက်ပျိုးရေးကို သင့်မြတ်စွာ ထွက်ရှိမှုသဘောဖြင့် စီမံသင့်ပါသည်။ လယ်ယာ စိုက်ပျိုးမှု တိုးတက်ဖွံ့ဖြိုးရေး အဖြစ်ဖြင့် လယ်သမားများ ကြွေးမြီပြဿနာနှင့် အတိုးနှုန်း သက်သာစွာနှင့် လယ်ယာလုပ်ကိုင်ရေးအတွက် ငွေချေးငှား နည်း စသည်တို့ကို စဉ်းစားရပါလိမ့်မည်”ဟု ဖတ်ကြားခဲ့သည်။
သို့သော် စီမံကိန်းရေးဆွဲမှုလုပ်ငန်းများမပြီးမီ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသဖြင့် ဆိုရန်တိုဗီလာ အစီအစဉ်များသည် အကောင်အထည်မပေါ်ခဲ့ချေ။
ဆိုရန်တိုဗီလာညီလာခံတွင် မပြီးပြတ်သော စီမံကိန်းရေးဆွဲခြင်းကို အမျိုးသားစီမံကိန်းဌာနက ဆက်လက်တာဝန်ယူခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ၂ နှစ်စီမံကိန်းတရပ်ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော်လည်း ပြည်တွင်းစစ်များကြောင့် အပြည့်အ၀ အကောင်အထည်မပေါ်ခဲ့ချေ။

ထို့နောက် ဖဆပလအစိုးရက နိုင်ငံခြားသားစီးပွားရေး ပညာရှင်များကို ဌားရမ်း၍ တိုင်းပြည်စီးပွားရေး တိုးတက် မြင့်မား စေရန် ပြည်တော်သာစီမံကိန်းကို ရေးဆွဲခဲ့ပြန်သည်။
ထိုစီမံကိန်းသည်လည်း အောင်မြင်ခြင်းမရှိပေ၊ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ရာ နောက်ဆုံးတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်အကျဆုံး နိုင်ငံများစာရင်း (LDC) အဖြစ် ကုလသမဂ္ဂက ၁၉၈၇ ခုနှစ်တွင် လက်ခံအတည်ပြုပေးခဲ့ရလေသည်။
ထိုသို့ အတည်ပြုပြီး နောက်တနှစ် ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရလည်း ပြုတ်ကျခဲ့သည်။
You May Also Like These Stories:
ဗိုလ်မှူးဗထူး ကွယ်လွန်ခြင်း ၇၄ နှစ်ပြည့်
နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်
လွန်ခဲ့သည့် ၈၉နှစ်က ပဲခူးငလျင်ကြီး