နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့အစည်း (ILO – International Labour Organization ) ကို ၁၉၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ်မှာ ILO အဖွဲ့အစည်းကြီးကို တည်ထောင်ခဲ့တာ နှစ် ၁၀၀ ပြည့်မှာ ဖြစ်ပါတယ်။ ILO အဖွဲ့အစည်းကြီးဟာ ကလေးလုပ်သား ပပျောက်ရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တခုပါ။
၂၀၁၉ ခုနှစ်မှာဆိုရင် ကမ္ဘာအနှံ့မှာ ကလေးလုပ်သားပေါင်း ၁၅၂ သန်း ရှိနေသေးကြောင်း ILO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကလေးလုပ်သားတွေဟာ နိုင်ငံတနိုင်ငံရဲ့ နေရာပေါင်းများစွာကနေ ပေါ်ထွက်လာသလို ကဏ္ဍအသီးသီးမှာ ကလေးလုပ်သားတွေ ရှိနေပါတယ်။ ကလေး ၁၀ ယောက်မှာ ၇ ယောက်နှုန်းကတော့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေရတုန်းပဲလို့ ILO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သက်တမ်း ၁၀၀ ရှိပြီဖြစ်တဲ့ ILO ကို နိုင်ငံတကာက ထောက်ခံမှုတွေ အပြည့်ရှိနေပြီး ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ “ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့”မှာဆိုရင်လည်း ILO အနေနဲ့ ကမ္ဘာအရပ်ရပ်မှာ ကြုံတွေ့နေရတဲ့ ကလေးအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို တင်သွင်းသွားဖို့ ရှိနေပါတယ်။
ကလေးအလုပ်သမား ဆန့်ကျင်နေ့ကို ကျင်းပလာခဲ့ရတဲ့ အကြောင်းကတော့ ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့ ကလေးအလုပ်သမားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ကမ္ဘာကြီးက သိမြင်လာဖို့အတွက်ပါ။ သန်းရာနဲ့ချီတဲ့ ကလေးအလုပ်သမားတွေဟာ ကမ္ဘာအနှံ့မှာ အတင်းအဓမ္မ အလုပ်စေခိုင်းခြင်း ခံနေရပါတယ်။
ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့ကိုတော့ ILO က ကလေးအလုပ်သမား ကာကွယ်တားဆီးဖို့နဲ့ ကလေးအလုပ်သမားတွေအကြား အသိအမြင် တိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၀၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှာ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ပါတယ်။
ဇွန်လ ၁၂ နေ့ရောက်တိုင်း ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့ကို ကမ္ဘာနဲ့အဝှမ်း ကျင်းပလေ့ ရှိပြီး ကလေးအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးတိုင်ပင်ပြီး ဖြေရှင်းပေးလေ့ ရှိကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ကတော့ ကလေးအလုပ်သမား ဦးရေ ဆက်ပြီး တိုးတက်နေသလို စက်မှုနိုင်ငံ အများအပြားမှာလည်း အတင်းအဓမ္မ အလုပ်စေခိုင်းခံရတဲ့ ကလေးပေါင်းများစွာ ရှိနေပါသေးတယ်။
UNICEF ရဲ့ အစီရင်ခံစာမှာတော့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ကလေးအများစုဟာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။ အများစုကတော့ နိုင်ငံရပ်ခြားက ပြောင်းရွှေ့လာသူတွေနဲ့ အမေရိကန်ရဲ့ တိုင်းရင်းသား လူနည်းစု မိသားစုဝင်တွေပါ။ အနောက်နိုင်ငံက ကုမ္ပဏီ အများစုကတော့ ဖွံ့ဖြိုးဆဲနိုင်ငံက ကလေးအလုပ်သမားတွေကို ဈေးပေါပေါနဲ့ ခေါ်ယူပြီး ခေါင်းပုံဖြတ်၊ အမြတ်ထုတ်လေ့ရှိတယ်လို့လည်း UNICEF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၁ ခုနှစ်တုန်းကတော့ ကမ္ဘာပေါ်မှာ ကလေးအလုပ်သမားပေါင်း ၂၁၅ သန်းအထိ ရှိခဲ့ပြီး ၁၁၅ သန်းလောက်ကတော့ အသက်အန္တရာရှိတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ကြရပါတယ်။ ဇွန်လ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့ကို ကမ္ဘာတဝှမ်းလုံးမှာ ကျင်းပလေ့ ရှိကြပေမယ့် တရားဝင် ရုံးပိတ်ရက်တော့ မဟုတ်ပါဘူး။
Ref: ilo.org, TheNews, TimeandDate