ချေဂွေဗားရားဟာ မာခ့်ဝါဒကို စွဲကိုင်ခဲ့တဲ့ တော်လှန်ရေးသမားတယောက် ဖြစ်ရုံသာမက ဆရာဝန်၊ စာရေးဆရာ၊ ပညာရေး ပါရဂူ၊ ပြောက်ကျားစစ် ခေါင်းဆောင်၊ သံတမန်ရေးရာ ကျွမ်းကျင်သူ၊ စီးပွားရေး ပညာရှင် စတဲ့ ဂုဏ်ထူးတွေကို ပိုင်ဆိုင်ထားသူတယောက်ပါ။
ချေဂွေဗားရားရဲ့ ဖက်ရှင်လို့ ပြောနိုင်တဲ့ မုတ်ဆိတ်ကျင်စွယ်နဲ့ ဆံပင်ရှည်ရှည် ပုံစံက ခေတ်အဆက်ဆက် လူငယ်တွေအတွက် သူရဲကောင်း သင်္ကေတတခု ဖြစ်ခဲ့ပါတယ်။ စပိန်နဲ့ အိုင်းရှစ်သွေး ရောနှောနေတဲ့ အာဂျင်တိုင်း မိသားစုကနေ ချေဂွေဗားရားကို ၁၉၂၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးဖွားခဲ့တဲ့ဇာတိကတော့ အာဂျင်တီးနားနိုင်ငံ၊ စန်တာဖီမြို့ပါ။
ချေဂွေဗားရားဟာ ငယ်စဉ်ကတည်းက အရင်းရှင်ဝါဒ၊ ခေတ်သစ် ကိုလိုနီဝါဒ၊ စီးပွားရေး လက်ဝါးကြီးအုပ်ဝါဒတွေကို စက်ဆုပ် ရွံ့ရှာသူတယောက် ဖြစ်ခဲ့ပါတယ်။ ချေဂွေဗားရားရဲ့ မျိုးချစ်စိတ်က သူ့နိုင်ငံ၊ သူ့လူမျိုးသက်သက်ကိုသာ ချစ်တဲ့ မျိုးချစ်စိတ် မဟုတ်ဘဲ သူ့နိုင်ငံကို ကျော်လွန်တဲ့ မျိုးချစ်စိတ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အတိုင်းတိုင်းအပြည်ပြည်က ဖိနှိပ်ခံ ပြည်သူတွေဘက်ကနေ သူဟာ အမြဲ ရပ်တည်ခဲ့ပါတယ်။
ချေဂွေဗားရာဟာ အာဂျင်တီးနားနိုင်ငံကနေ ထွက်ခွာပြီးနောက် ကျူးဘားနိုင်ငံရဲ့ တော်လှန်ရေးမှာ ပါဝင်ခဲ့ပါတယ်။ ချေဟာ ကျူးဘားတော်လှန်ရေးအတွက် အရေးပါတဲ့ ခေါင်းဆောင်တယောက် ဖြစ်ခဲ့ပြီး သူ့ပုံကိုလည်း တကမ္ဘာလုံးက နေရာ အများအပြားမှာ တွေ့နိုင်ပါတယ်။ ခေတ်သစ် ယဉ်ကျေးမှုအတွက်လည်း ချေရဲ့ပုံကို တကမ္ဘာလုံးက လိုလိုလားလား လက်ခံသုံးစွဲနေကြပါတယ်။
ချေဟာ ငယ်စဉ်တုန်းကတော့ ဆေးကျောင်းတက်ခဲ့ပြီး ဆေးကျောင်းသားဘဝမှာပဲ လက်တင် အမေရိကနိုင်ငံတွေကို ခရီးထွက်ခဲ့ပါတယ်။ အဲဒီလို ခရီးထွက်ခဲ့ခြင်းက ချေရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ချေရဲ့ အတွေးအခေါ်တွေကို အဓိကပြောင်းလဲစေတဲ့ အကြောင်းကတော့ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုပါ။
ဒါကြောင့်လည်း ချေဟာ လူတန်းစား မညီမျှမှုကို တော်လှန် တိုက်ဖျက်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ တော်လှန်ရေး လိုအပ်တယ်ဆိုပြီး ယူဆခဲ့ပါတယ်။ ငယ်စဉ်တုန်းကတော့ ရင်ကျပ် ပန်းနာရောဂါကို ခံစားခဲ့ရပေမယ့် ရေကူး၊ ဘောလုံး၊ ဂေါက်သီးရိုက်နဲ့ သေနတ်ပစ် အားကစားတွေမှ ာထူးချွန်ပြီး စက်ဘီးစီးတာကိုလည်း အင်မတန် ခုံမင်သူ တယောက်ပါ။
စက်ဘီးစီး ဝါသနာပါတဲ့အတွက် ဆေးကျောင်းသားဘဝ ၁၉၅၀ ခုနှစ်မှာ အာဂျင်တီးနားမြောက်ပိုင်း မိုင် ၂,၈၀၀ လောက်ကို တယောက်တည်း စက်ဘီးတစီးနဲ့ လည်ပတ်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာလည်း ချေဟာ မော်တော်ဆိုင်ကယ် တစီးနဲ့ တောင်အမေရိကတိုက်အနှံ့ မိုင်ပေါင်း ၅,၀၀၀ ကျော်ကို ၉ လကြာ ခရီးထွက်ခဲ့ပါသေးတယ်။
၁၉၅၃ ခုနှစ်၊ ဇွန်လမှာတော့ ဆင်းရဲဒုက္ခရောက်နေကြတဲ့ လူတွေကို ကယ်တင်နိုင်ဖို့ လက်နက်စွဲကိုင် တော်လှန်ရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေကသာ မှန်ကန်တဲ့ နည်းလမ်းဖြစ်တယ်လို့ ယုံကြည်တာကြောင့် ချေဟာ ဆရာဝန်ဘဝကို စွန့်လွှတ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကျူးဘား တော်လှန်ရေးသမားတွေဖြစ်တဲ့ ကက်စထရို ညီအစ်ကိုတွေနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်က ထောက်ခံပေးထားတဲ့ ကျူးဘားအာဏာရှင် ဘတစ်စတာကို ပြောက်ကျားစစ်နဲ့ ဆန့်ကျင်ဖြုတ်ချတဲ့နေရာမှာ ချေဟာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ ကျူးဘားတော်လှန်ရေး အောင်မြင်ပြီးတဲ့ နောက်မှာတော့ ကျူးဘားအစိုးရသစ်မှာ ချေဟာ အဓိကကျတဲ့ နေရာကို ရလာခဲ့ပြီး ဂုဏ်ထူးဆောင် ကျူးဘားနိုင်ငံသားအဖြစ် သတ်မှတ်ပေးခြင်း ခံခဲ့ရပါတယ်။
အာဂျင်တီးနားက ချေတယောက် ကျူးဘားမှာ ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေကတော့ ကျူးဘား တနိုင်ငံလုံး စာတတ်မြောက်ရေး၊ နိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ကျူးဘားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးရဲ့ အကြံပေးအရာရှိချုပ်၊ ဆိုရှယ်လစ်ဝါဒကို ကိုယ်စားပြုပြီး တကမ္ဘာလုံး လှည့်လည်သွားလာနေရတဲ့ ကျူးဘာသံတမန် စတာတွေတင်မက ပြောက်ကျားစစ် နည်းဗျူဟာတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီး ကျမ်းပြုစုနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
၁၉၆၅ ခုနှစ်မှာတော့ ကျူးဘားနိုင်ငံက ထွက်ခွာခဲ့ပြီး မဆုံးနိုင်သေးတဲ့ အရင်းရှင် တော်လှန်ရေးအတွက် ဘိုလီဗီးယားနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ ဘိုလီဗီးယားနိုင်ငံမှာရှိနေတုန်း အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ဘိုလီဗီးယားစစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ၁၉၆၇ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ သေနတ်နဲ့ ၉ ချက်တိတိ အပစ်ခံခဲ့ရပြီး ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ချေရဲ့ အသက်ဟာ ၃၉ နှစ် ရှိခဲ့ပါပြီ။
သံလွင်ရောင်စစ်စိမ်း အင်္ကျီဝတ်၊ ဘယ်ရီ ဦးထုပ်ဆောင်း၊ ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေး ထူလပျစ်နဲ့ ရိုက်ကူးထားတဲ့ ချေဂွေဗားရားရဲ့ ဓာတ်ပုံကို ကမ္ဘာ့အကျော်ကြားဆုံး ဓာတ်ပုံအဖြစ် သတ်မှတ်ထားကြပါတယ်။ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ရွေးချယ်ထားတဲ့ ၂၀ ရာစုအတွက် ထင်ရှားတဲ့ ပုဂ္ဂိုလ် ၁၀၀ ရဲ့ စာရင်းမှာ ချေ လည်း ပါဝင်ပါတယ်။
ကိုးကား – en.wikipedia.org , my.wikipedia.org
You may also like these stories:
ဇွန်လမှာ မွေးဖွားခဲ့တဲ့ ကမ္ဘာကျော် အနုပညာရှင် မာရီလင်မွန်ရိုး အကြောင်း
ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်း
ဗုဒ္ဓဘာသာ နာမည်ပျက်ခြင်းရဲ့ တရားခံများ