သူနာပြုဆရာမကြီးဒေါ်အမ်ယောနမ်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့က ဖလောရင့် နိုက်တင်ဂေးဆု ပေးအပ်ချီးမြှင့်ခဲ့ သည်မှာ ယနေ့ဆိုလျှင် ၂၆နှစ် ပြည့်ပြီဖြစ်သည်၊ ဤသည်ကား မြန်မာနိုင်ငံအတွက် ဒုတိယမြောက် နိုက်တင်ဂေး ဆုရှင် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။
ကချင်တိုင်းရင်းသူ ဒေါ်အမ်ယောနမ်သည် ၁၉၈၆ ခုနှစ်၊ အောက်တိုဘာမှ ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ရှမ်းပြည် မြောက်ပိုင်းတွင် တပ်မတော်နှင့် ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) အကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်သည်နှင့် လူနာပေါင်း ၆၀၀ ကျော်ကို ပြုစုပေးခဲ့သည်။
ခွဲစိတ်ကုသမှု ၁၄၀ ကျော်တွင်လည်း ပါဝင်ကူညီပေးခဲ့ပြီး လိုအပ်သည့် ကုသမှုများတွင် မိမိသွေးကိုဖောက်ထုတ်အသုံးပြုခဲ့သည်။
တပ်မတော်က သိမ်းပိုက်ခဲ့သည့် ကြူကုတ်ဒေသတွင် ပထမဆုံးအမျိုးသမီး ကျန်းမာရေးဝန်ထမ်း အဖြစ်သွားရောက် တာဝန် ထမ်းဆောင်ခဲ့ပြီး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သူ ၅၀၀ ကျော်နှင့် တိုင်းရင်းသားစစ်ပြေးဒုက္ခသည်များကို အချိန်ပြည့် ကုသပေးခဲ့သည်။
တိုက်ပွဲများအတွင်း မိခင်ကွယ်လွန်သွားသည့် အမွှာကလေးနှစ်ဦးကိုမွေးစားပြုစုစောင့်ရှောက်ခဲ့ပြီး ကြက်ခြေနီအဖွဲ့ချုပ်မှ ထောက်ပံ့သော စောင်နှင့်အဝတ်အထည်များကို ပေ ၄၀၀၀ ကျော်အမြင့်ရှိ တောင်ပေါ်ရွာများသို့ ကိုယ်တိုင်သွား ရောက်ဝေငှပေးခဲ့သည်။
ထိုသို့ တိုက်ပွဲများကြားတွင် ကျန်မာရေးလုပ်ငန်း၊ ကြက်ခြေနီလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းများကို သေနတ်သံ၊ ဗုံးသံ၊ အမြောက်သံများကြား စွန့်စွန့်စားစား မေတ္တာ၊ ဂရုဏာ၊ အနစ်နာဖြင့် ပြုစုခဲ့ခြင်းကြောင့် ဒေါ်အမ်ယောနမ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဖလောရင့်နိုက်တင်ဂေး ဆုရှင်အဖြစ် တင်သွင်းခဲ့သည်။
ဖလောရင့်နိုက်တင်ဂေးဆုကို မြန်မာနိုင်ငံတွင် ပထမဆုံးရရှိသူမှာ ဒုတိယကမ္ဘာစစ်အတွင်း ဒုက္ခသည်များဘက်က ရပ်တည် စောင့်ရှောက်ခဲ့သူ ဗိုလ်ခင်အုန်းမြဖြစ်သည်။
ဒေါ်အမ်ယောနမ်သည် ဖလောရင့်နိုက်တင်ဂေးဆုကို ဒုတိယမြောက် ရရှိသူဖြစ်ပြီး၊ အလားတူ ဝမ်းဆွဲဆရာမ ဒေါ်သိန်းရီ သည်လည်း မီးလောင်နေသည့် အိမ်အတွင်းမှ ကလေးငယ်ကို အသက်ပဓာနမထား ကယ်တင်ခဲ့၍ တတိယမြောက် ဆုရခဲ့ပြီး၊ နာဂစ် မုန်တိုင်းအတွင်း လူနာများ၊ ဒဏ်ရာရသူများကို သက်စွန့်ဆံဖျားကာကွယ်ပြုစုခဲ့သူ အကြီးတန်းသူနာပြု ဦးစနိုင်နိုင်ထွန်း ကလည်း စတုထ္တမြောက် ဆုရရှိခဲ့ကြသဖြင့် မြန်မာနိုင်ငံတွင်ယခုအချိန်အထိ ဖလောရင့်နိုက်တင်ဂေးဆုရှင် ၄ ဦးပေါ်ထွက်ပြီးဖြစ်သည်။
You may also like these stories:
မြန်မာနိုင်ငံက ဘိုးဘွားရိပ်သာတွေအတွက် မျိုးစေ့ချပေးခဲ့သူ ဒေါ်ဦးဇွန်း