ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြမှုကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီး၊ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖောက်ခွဲ ဖျက်ဆီး ခဲ့သည်မှာ ယနေ့ဆိုလျှင် ၅၉ နှစ် ရှိပြီဖြစ်သည်။
အာဏာသိမ်း တော်လှန်ရေးကောင်စီ အစိုးရသစ်သည် တက္ကသိုလ် အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက် ဖက်လာပြီး တင်းကြပ်သည့် ကျောင်းဆောင်စည်းကမ်းများ ချမှတ်ခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြခြင်းဖြစ်ပြီး၊ ဇူလိုင် ၇ရက်နေ့ ညနေပိုင်းတွင် ဒုဗိုလ်မှူးကြီး စိန်လွင် (နောင် သမ္မတဦးစိန်လွင်) ဦးဆောင်သော စစ်တပ်က ရန်ကုန် တက္ကသိုလ်နယ်မြေထဲတွင် မျက်ရည်ယိုဗုံး၊ သေနတ်နှင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။
ထိုသို့ ဖြိုခွင်းပြီး နောက်တနေ့ ဇူလိုင် ၈ ရက်နေ့ နံနက် ၅နာရီခန့်တွင် ကျောင်းသားသမဂ္ဂ အဆောက်အုံကြီးကို ဒိုင်းနမိုက်ဖြင့်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ထိုလုပ်ရပ်နှင့် ပတ်သက်၍ အစိုးရကမူ ကျောင်းသားသမဂ္ဂ သည် သူပုန်များနှင့် ဆက်နွယ်နေပြီး၊ သမဂ္ဂ အဆောက်အအုံသည် သူပုန်များ ခိုအောင်းရာ ဖြစ်နေ၍ ဆိုသည့် အကြောင်းပြခဲ့သလို ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်သို့ မိန့်ခွန်းပြောကြားရာတွင် ဓား ဓားချင်း၊ လှံ လှံချင်း ဆိုသည့် စိန်ခေါ်သည့် စကားကို ထည့်သွင်းပြောကြားခဲ့သည်။
ထိုဆန္ဒပြမှုများကို နှိမ်နင်းမှုအတွင်း ကျောင်းသား ၁၆ ဦး သေဆုံးပြီး ၈၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသော်လည်း ကိုယ်တိုင်တွေ့ကြုံခဲ့ရသူများကမူ အနည်းဆုံး သေဆုံးသူရာကျော်သည်ဟု ဆိုကြသည်။
7 July အရေးအခင်းဖြစ်ပွားပြီးကတည်းက ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရနှင့် ကျောင်းသားများ အကြား စေ့စပ်နိုင်ခြင်း မရှိတော့ဘဲ၊ နောင်တွင်လည်း ဦးသန့်အရေး(၁၉၇၄)၊ မှိုင်းရာပြည့်(၁၉၇၆) စသည့် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ဦးနေဝင်း အစိုးရ ပြုတ်ကျသွားခဲ့သည်။
သမိုင်းဝင် ကျောင်းသားသမဂ္ဂအား ဖောက်ခွဲဖျက်ဆီးခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသည့် တော်လှန်ရေး ကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ် အောင်ကြီး အကြား အပြန်အလှန် စွပ်စွဲမှုများသာ ပြုလုပ်ခဲ့ ကြသည်။
ဖောက်ခွဲ ဖျက်ဆီးခံလိုက်ရသော ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်လည်တည်ဆောက်နိုင်ရေးမှာလည်း ယနေ့တိုင် ကြိုးစားနေကြဆဲဖြစ်သည်။
You may also like these stories:
တို့ဗမာအစည်းအရုံး တည်ထောင်ခြင်း ၈၉နှစ်ပြည့်
ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်ရာ ဖဆပလညီလာခံကြီး