မြန်မာဆေးပညာသမိုင်း၏ ပထမဆုံးခွဲစိတ်မှုဖြစ်သော ရင်ချင်းဆက် ခွဲစိတ်မှုကြီးကို ရန်ကုန် ကလေး ဆေးရုံတွင် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၄၈ နှစ် ရှိပြီဖြစ်သည်။
ရင်ညွန့်မှချက် အထိ ဆက်လျက်ရှိသော အသက် ၅ လကျော်အရွယ် မနန်းစိုး၊ မနန်းစံညီအစ်မကို မြန်မာဆရာဝန်ကြီး များက ၅ နာရီခွဲကြာ ခွဲစိတ် အောင်မြင်ခဲ့ခြင်းဖြစ်သည်။
မနန်းစိုးနှင့် မနန်းစံ ရင်ချင်းဆက် အမွှာညီအမကို ပုသိမ်ခရိုင်၊ ဘဲဂရက်ဘူတာ အရှေ့ဘက်ရှိ ဘီလူးကျွန်း ရွာနေ လယ်သမားကြီး ကိုစိန်မြကြီးနှင့် မဒေါပုံမှ ၁၉၇၁ ခုနှစ် ဖေဖေါ်ဝါရီ ၂၀ ရက်တွင် မွေးဖွားခဲ့သည်။
မွေးဖွားစဉ်က အရပ်လက်သည် ဦးသာရင်နှင့် ဇနီး ဒေါ်ပိန်းပုံတို့က မွေးဖွားပေးခဲ့ခြင်း ဖြစ်ပြီး၊ ထိုနောက် ရင်ချင်းဆက် အမွှာညီအမကို ပုသိမ်ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ပြုစုစောင့်ရှောက်စေသည်။
ခွဲစိတ်ကုသမှုကို ဇူလိုင်လ ၇ရက်နေ့ ဝါဆိုလပြည့်နေတွင် ပြုလုပ်သည်ဟု သိရပြီး၊ သမားတော်ကြီး ဦးဖေညွှန့်နှင့် လက်ထောက်ဆရာဝန် ဦးထွတ်ဆိုင် တို့က ကြီးကြပ်ပြီး မေ့ဆေးဆရာဝန်ကြီး ဦးလှထွန်း၊ ဦးလှမြင့်တို့ဖြစ်သည်။
ထိုသို့ ခွဲစိတ်မှု မစတင်မီ ပြည်ပ တနိုင်ငံက အမွှာများကို သူတို့ထံ လွှဲပြောင်းပေးအပ်ရန် ပြောသော် လည်း မြန်မာ ဆရာဝန်ကြီးများက လိုအပ်သော စက်ကိရိယာများကို ပြည်တွင်းရှိ ဆေးရုံများမှ ရှာဖွေ စုဆောင်းကာ ခွဲစိတ် ကုသခဲ့ခြင်း ဖြစ်သည်။
ခွဲစိတ်နေစဉ် လျှပ်စစ်မီးအားကောင်းစေရန် ဆေးရုံတစ်ခုလုံးရှိ လူနာဆောင်များ၊ ဆရာဝန်များအခန်းမှ မီးအားလုံးကိုလည်း ပိတ်ထားခဲ့သည်ဟု သိရသည်။
ထိုသို့ ခေတ်မီစက်ကိရိယာ၊ လျှပ်စစ်မီး အခက်အခဲများကြားမှ အောင်မြင်စွာ ခွဲစိတ်ပြီးနောက် မနန်းစိုး၊ မနန်းစံ ညီအစ်မ နှစ်ဦးအတွက် စေတနာရှင်ပြည်သူများက ငွေနှင့်လက်ဆောင်ပစ္စည်းများ ပေးပို့ရာ များပြားလှသဖြင့် လူမှုဝန်ထမ်းဦးစီးဌာန ကပင် စနစ်တကျလက်ခံခဲ့ရသည်။
ခွဲစိတ်ပုံ မှတ်တမ်းရုပ်ရှင်ကိုလည်း ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံ ၁၀ ရုံတွင် တပြိုင်တည်းပြသခဲ့သည်။ သို့သော် ညီမဖြစ်သူ မနန်းစံ မှာ ခွဲစိတ်ပြီး ၁ လနှင့် ၇ ရက်အကြာတွင် အဖျားဝင်ကာ ကွယ်လွန်ခဲ့ သည်။
မနန်းစိုးမှာ ပြည်သူ့အချစ်တော်ဖြစ်ခဲ့ပြီး ယနေ့ အထိ ကျန်းမာစွာနေထိုင်လျက်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံတွင် မနန်းစိုး၊ မနန်းစံခွဲစိတ်မှုအပါအဝင် ရင်ချင်းဆက်အမွှာ ၈ ဦးကိုခွဲစိတ် ပေးပြီးဖြစ်သည်။