ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာတို့ အခေါ် ရွှေရည်စိမ် လွတ်လပ်ရေးကို ဂျပန်က ပေးခဲ့သည်မှာ ယနေ့ဆိုလျှင် ၇၆နှစ် ပြည့်သည့် နေ့ဖြစ်သည်။
၁၉၄၃ ခုနှစ် သြဂုတ် ၁ရက်နေ့ နံနက်ပိုင်းက ဒေါက်တာဗမော်က ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်အောင်ဆန်းက စစ်ဝန်ကြီး၊ သခင်သန်းထွန်း က စိုက်ပျိုးရေး ဝန်ကြီး အဖြစ် ပါဝင်သည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးနောက် နေ့လည်ပိုင်းတွင် ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်းကို ကမ္ဘာသို့ အသံလွှင်ခဲ့သည်။
တဆက်တည်းမှာပင် အင်္ဂလိပ်နှင့် အမေရိကန်ကို အစိုးရသစ်က စစ်ကြေညာခဲ့သည်။ လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် အကျဉ်းသားများ လွှတ်ပေးခြင်း၊ ပြစ်ဒဏ်လျော့ပေါ့ခြင်း များ ပြုလုပ်ခဲ့သည်။
ထိုနေ့ ရန်ကုန်မြို့ လမ်းမများ တလျှောက် မြင်းလှည်း၊ ဆိုက်ကား၊ လံချား၊ စက်ဘီး၊ မော်တော်ကားတိုင်းတွင် ဗမာနိပွန်အလံက လေးများ တလူလူစိုက်ထူလျက် သွားလာနေခဲ့ကြသလို၊ ဂျပန်ကင်းထောက်လေယာဉ် ၃ စင်းကလည်း မြန်မာပြည် လွတ်လပ်ရေး အတွက် ဝမ်းမြောက်ခြင်း အထိမ်းအမှတ် စာရွက်များကို ရန်ကုန်မြို့ပေါ် ကြဲချပေးခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကို ဂျာမနီ၊ ထိုင်းလင်း၊ နန်ကင်း၊ ဘူဂေးရီးယား၊ မန်ချူးကိုး စသည့်နိုင်ငံများက အသိအမှတ်ပြုခဲ့ကြသည်။
သို့သော် ဂျပန်ပေးသော လွတ်လပ်ရေးက ဖက်ဆစ်ဂျပန်တပ်မတော်ကအဓိကလွှမ်းမိုးသော လွတ်လပ်ရေး အတုအယောင်၊ ရွှေရည်စိမ်လွတ်လပ်ရေးဖြစ်ခဲ့သည်။
ဖက်ဆစ်ဂျပန်တပ်မတော်၏ မြန်မာအစိုးရကို အလေးမထား ပမာမခန့်ပြုမှု၊ ဂျပန်စစ်သားများ ကလည်း မြန်မာပြည်သူတို့ အပေါ် နှိပ်စက်ညှင်းပန်းမှုများကြောင့် ၂ နှစ်မပြည့်မီမှာပင် ဖက်ဆစ်ဂျပန်များကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာပြည်သူများနှင့် မဟာမိတ်တပ်များက တိုက်ခိုက် ချေမှုန်းခဲ့ကြသည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလတွင် ရန်ကုန်မြို့ ဘုရင်ခံအိမ်တော်၌ ဖက်ဆစ် ဂျပန်များ လက်နက်ချကြောင်းလက်မှတ်ရေးထိုးခဲ့သည်။
စစ်ကြီးအတွင်း မြန်မာနိုင်ငံတွင် ဂျပန်စစ်သား ၁ သိန်းကျော် ကျဆုံးခဲ့ရသလို မြန်မာနိုင်ငံသည်လည်း ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှနှင့်ဂျပန်စစ်တပ်၏ ဖျက်ဆီးမှုများကြောင့် ပြာပုံသာ ကျန်ရစ်ခဲ့တော့သည်။
You May Also Like These Stories:
နယ်ချဲ့ဗြိတိသျှတို့ ဂဠုန်တပ်သားများအပေါ် ရက်စက်ခဲ့စဉ်က
လွန်ခဲ့သည့် ၇၂နှစ်က ဆိုရန်တိုဗီလာ စီမံကိန်း