ကုန်းဘောင်ခေတ်နှောင်း ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်းကြီး၏ ညီတော် အိမ်ရှေ့စံ ကနောင် မင်းသား လုပ်ကြံခံခဲ့ရသည်မှာ ယနေ့ဆိုလျှင် ၁၅၃နှစ် ရှိပြီဖြစ်သည်။
ကနောင်မင်းသားကြီးသည် အိမ်ရှေ့စံ အရိုက်အရာကို ဆက်ခံပြီး မြန်မာ့တပ်မတော်အတွက် အဆင့်မြှင့်မည် လက်နက်စက်ရုံ၊ သင်္ဘောကျင်း၊ ဒင်္ဂါးစက်ရုံ၊ တခြားသော စက်ရုံများကို ရတနာပုံတွင် တည်ထောင်ရုံသာမ က၊ ပြည်ပသို့လည်း ပညာတော်သင်များ စေလွှတ်ခဲ့သည်။
အရေးပါ အရာရောက်သည့်အတွက် တိုင်းပြည်ကို ကနောင်မင်းသား အုပ်ချုပ်နေသည်ဟုပင် ဆိုကြသည်။
ထိုသို့ အထက်မြန်မာပြည်ကို ခေတ်မီတိုးတက်စေရန် ကြိုးပမ်းနေစဉ် မင်းတုန်းမင်း၏ သားများဖြစ်သည့် မြင်ကွန်း၊ မြင်းခုန်တိုင် မင်းသားနှစ်ပါး၏ လုပ်ကြံခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ထီးနန်းလိုချင်သော မြင်ကွန်း၊ မြင်းခုန်တိုင် ညီနောင်သည့် ၁၈၆၆ ခုနှစ် သြဂုတ်လ ၂ရက် ကြာသာပတေးနေ့ မွန်းတည့်ချိန်တွင် နောက်တော်ပါများနှင့် ဝင်ရောက်ကာ နန်းတော်ကို စီးနင်းကာ ဝန်ကြီးများနှင့် အစည်းအဝေး လုပ်နေသော ကနောင်မင်းသားကို လုပ်ကြံခဲ့ခြင်းဖြစ်သည်။
ကနောင်မင်းသားနှင့် အတူ ဝန်ကြီးတချို့လည်း အသတ်ခံခဲ့ရပြီး၊ မင်းတုန်းမင်းသည်ပင် ငပိုက်ကြီးဆိုသူက ထမ်းပိုး၍ ပြေးသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်၊ အဆိုပါ ငပိုက်ကြီးမှာ မင်းတုန်းမင်းအား လုပ်ကြံရန် မြင်ကွန်း၊ မြင်းခုန်တိုင် မင်းသားနှစ်ပါးမှ တာဝန်ပေးထားသူဖြစ်သော်လည်း ဘုရင်အား ကြောက် ရွံ့စိတ်ဖြင့် ထမ်းပိုးကာ ပြေးခဲ့ခြင်း ဖြစ်သည်။
ငပိုက်ကြီးသည်လည်း တာဝန်မကျေပွန်မှုဖြင့် မြင်ကွန်းမင်းသားက သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
မြင်ကွန်းညီနောင်တို့သည် ထိုနေ့တညလုံး နန်းတော်တွင်းသို့ သေနတ်၊ စိန်ပြောင်းတို့ဖြင့်ပစ်ခတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မက္ခရာမင်းသား ဦးဆောင်သည့် ဘုရင့်တပ်သားများ အရေးသာလာသည့် အတွက် နယ်ချဲ့ အင်္ဂလိပ်တို့၏ အောက်မြန်မာပြည်သို့ ထွက်ပြေးခဲ့ရသည်။
အင်္ဂလိပ်တို့က နောင်တွင် မြင်ကွန်းမင်းသားကို အိန္ဒိယသို့ ပို့ဆောင်ကာ အကျယ်ချုပ်သဘော ထားခဲ့ရာ နောင်တွင် ပြင်သစ်ပိုင် ပွန်ဒီချယ်ရီသို့ ထွက်ပြေးသည်။
မြင်ကွန်းမင်းသားသည် အင်္ဂလိပ်ကို တော်လှန်ရန် ကြိုးစားသဖြင့် ပြင်သစ်တို့က သူတို့ပိုင်သည့် အင်ဒို ချိုင်းနား ဆိုင်ဂုံသို့ ပို့ခဲ့သည်။ ယနေ့တိုင် မြင်ကွန်း မင်းသား အနွယ်များ ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံတွင် ရှိ သေးသည်ဟု သိရသည်။
ထိုအရေးအခင်းတွင် စာဆိုတော်တဦးဖြစ်သည့် ဦးပုညသည်လည်း အခါပေးသည်ဆိုကာ ချုပ်နှောင်ခံခဲ့ရပြီး နောက် မြို့ဝန် ဦးသာအို၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။
နောက်ပိုင်းတွင် ကနောင်မင်းသား၏ သားတော်တပါးဖြစ်သည့် ပန်းတိမ်မင်းသားသည်လည်း မင်းတုန်းမင်းကြီးကို ထပ်မံပုန်ကန်သည့်အတွက် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရသည်။
၁၈၇၈ မင်းတုန်းမင်းကွယ်လွန်ပြီးနောက်ပိုင်း နန်းတွင်းအာဏာလုမှုများ ဆက်လက်ပြင်းထန်ခဲ့ပြီး မြန်မာ တနိုင်ငံလုံးလည်း နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ကျရောက်ခဲ့သည်။
အင်္ဂလိပ်တို့ကို ဆန့်ကျင်တိုက်ခိုက်သူများတွင် အိမ်ရှေ့စံကနောင်မင်းသား၏ သားတော်လင်းပင်မင်းသားမှာ ထင်ရှားခဲ့သည်။ ၁၉၆၂ ခုနှစ်၊ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်နေဝင်း၏ ဇနီးဖြစ်ခဲ့ဘူးသည့် ယခုအီတလီ နိုင်ငံ တွင် နေထိုင်လျက်ရှိသော ရတနာနတ်မယ် (June Rose Bellamy)မှာ လင်းပင်မင်းသား၏မြေးဖြစ်ပြီး ကနောင်မင်းသား၏ မြစ်တော်စပ်သူဖြစ်သည်။