တကယ့်အပြောင်းအလဲ လိုနေပြီ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

လာမည့်နိုဝင်ဘာ ၇ ရက်နေ့ဆိုလျှင် စစ်အစိုးရ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲ ၁ နှစ် ပြည့်လေပြီ။

ယင်း ရွေးကောက်ပွဲက ဒီမိုကရေစီ နည်းလမ်းမကျခဲ့သော်လည်း ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် လွှတ်ပေးခဲ့ရာမှ စ၍ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ အတွက် မျှော်လင့်ချက်များ ပေးခဲ့သည်။

ထို့ကြောင့် ရွေးကောက်ပွဲအပြီး ၁ နှစ်အတွင်း ပြောင်းလဲဖြစ်ပေါ် လာနေသည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ပြည်တွင်းကသာ မကဘဲ နိုင်ငံတကာကပါ စိတ်ဝင်တစား စောင့်ကြည့်နေသည်။

လတ်တလော မြန်မာပြည်မှ ပြန်သွားသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ တွင်ကျင်းပမည့် အာဆီယံ ဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရန် ပြုပြင်ပြောင်းလဲရန် ကြိုးစားလိုမှုများ နောက်ပြန် ဆုတ်လိမ့်မည် မဟုတ်ဟု ယူဆကြောင်း ပြောခဲ့သည်။

အာဆီယံသာမကဘဲ အမေရိကန်နိုင်ငံကလည်း ယခု ရက်ပိုင်းအတွင်း မြန်မာအစိုးရနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန် လာဟန်ရှိပြီး သံတမန်ခရီးစဉ် အကူးအလူး စိပ်လာသည်ကို တွေ့ရသည်။

အင်္ဂါနေ့တွင် အမေရိကန် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနှင့် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ်တို့ မြန်မာပြည်သို့ လာဦးမည်ဖြစ်သည်။

ထို့ပြင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီ ဂျေ နမ်ဘီးယား သည်လည်း မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုများကို လေ့လာရန် မြန်မာပြည်သို့ ၅ ရက်ကြာ ခရီးစဉ်အတွက် လာရောက်နေပြီ ဖြစ်သည်။

သံတမန်ရေးရာ ကိစ္စရပ်များတွင် အမေရိကန်အစိုးရ၊ အာဆီယံ တို့နှင့် ပိုမိုနီးစပ်လာခြင်းက တရုတ်နိုင်ငံ တနိုင်ငံတည်းကို အားကိုးအားထား ပြုနေသည့် လမ်းကြောင်းမှ ခွဲထွက်လာခြင်းဖြစ်သည်ဟု လေ့လာသူများက ယူဆနေကြသော်လည်း
ပြည်တွင်း နိုင်ငံရေးဖြစ်ထွန်း တိုးတက်မှုများနှင့် တိုက်ရိုက် စပ်ဆက် နေသည်ဟု ဆိုနိုင်ပါသည်။

လတ်တလော ပြည်တွင်းနိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုများကို ဒေါ်အောင်ဆန်းစုကြည်က သတိကြီးစွာဖြင့်  အကောင်း မြင်နေသောကြောင့် အများက ရှေ့ဆက် မျှော်လင့်နေကြသည်မှာလည်း မဆန်းပေ။

မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အခြေစိုက် Wall Street Journal သတင်းစာ တွေ့ဆုံမေးမြန်း ခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနှင့် မြန်မာအစိုးရ ခေါင်းဆောင်များအကြား စကားပြောဆိုနေခြင်းသည် ၁၉၉၀ ဝန်းကျင်ကာလများက အသားအရောင်ခွဲခြားမှုစနစ်ကို ရပ်စဲရန် တောင်အာဖရိကတွင် နှစ်ဘက်အပြန်အလှန် ညှိနှိုင်းကြခြင်းနှင့် အလားသဏ္ဍန်တူကြောင်း ပြောခဲ့သည်။

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရေးကို ဆန့်ကျင်ခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ ရာထူးကို ဂုဏ်ယူ ဝံ့ကြွားစွာ ရယူနိုင်ရေးအတွက် ပြည်သူပြည်သားများ၏ အင်တိုက် အားတိုက် ထောက်ခံ အားပေးမှုကို လိုအပ်သည့် နည်းတူ ပြည်ပက လေးစားအသိအမှတ်ပြုသည့် ပြုပြင်တိုးတက်မှုများ ရရှိရန်လည်း အဓိကကျသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

ပြည်တွင်း ပြည်ပက လေးစားအသိအမှတ်ပြုသည့် ပြုပြင်တိုးတက်မှုများဆိုသည်မှာ ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်မက်များကို ရပ်စဲပေးရေးအား ဆိုလိုခြင်းဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံရေး ဖြစ်ထွန်း ပြောင်းလဲရေးအတွက် ကျရောက်နေသည့် ဖိအားမှာ မြန်မာအစိုးရ အပေါ်ကိုသာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိက အတိုက်အခံပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပေါ်ကိုပါ သက်ရောက်နေကြောင်း မြင်တွေ့ရသည်။

ပါတီ တရားဝင်ရန်အတွက် ပြန်လည် မှတ်ပုံ တင်၊ မတင်ဆိုသည့် အရေးကို NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမြန်ဆုံး စဉ်းစားရတော့မည် ဖြစ်သည်။

အကယ်၍ လွှတ်တော်၌ ပြင်ဆင် အတည်ပြုထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုးပေးလိုက်သည်နှင့် NLD ပါတီ မှတ်ပုံတင်ရေးနှင့် လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲဝင်၊ မဝင်ကိစ္စ စဉ်းစားဆုံးဖြတ် ရတော့မည်။

အစိုးရအနေဖြင့် NLD ကို အမြန်ဆုံး မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်စေချင်သည့် ဆန္ဒရှိပုံပေါ်သည်။ သို့မှသာ အာဆီယံဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရေးနှင့် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းရေး ကြိုးပမ်းမှုများအတွက် မျက်နှာပန်းလှမည် ဖြစ်သည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဘက်က ချိန်ဆနေပုံရသည်။ အဘယ်ကြောင့် ဆိုသော် ယခုထက်ထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အတည် မဖြစ်သေးသကဲ့သို့ နိုင်ငံရေးအကျဉ်းသားများလည်း မလွတ်သေးပေ။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော နေရာ ၅၀ ခန့်ရှိသောကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေ လျှင်ပင် NLD အနေဖြင့် အဆင်သင့်ဖြစ်နိုင်၊ မဖြစ်နိုင်ကို ပါတီတွင်းနှင့် မဟာမိတ်ပါတီများအကြား ဆွေးနွေးနိုင်ဖွယ် ရှိသည်။

နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်ချုပ်ချယ် ခံထားရသည့် ပါတီအား ပြန်လည်ထူထောင်ရန် အချိန်တခု လိုအပ်မည်ဆိုလျှင်လည်း အံ့သြစရာမရှိပေ။

နောက်တချက်မှာ လစ်လပ်နေသည့် နေရာ ၅၀ စလုံး NLD က အနိုင်ရသည် ဆိုလျှင်ပင် လွှတ်တော်အတွင်း ဥပဒေပြုနိုင်သည့် အရေအတွက် မဟုတ်သောကြောင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ရည်မှန်းချက် ထားမည်ဆိုလျှင်လည်း လက်ခံနိုင်စရာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ခိုင်မာသည့် ခြေလှမ်းကို မြန်မာအစိုးရနှင့် အဓိက အတိုက်အခံ ပါတီတို့ နှစ်ဘက်စလုံး လှမ်းကြရတော့မည်မှာ ရှောင်လွှဲမရသည့် ကိစ္စဖြစ်သည်။

ထိုခြေလှမ်းကို နှစ်ဘက်စလုံးက မြန်မြန်ဆန်ဆန်နှင့် ခိုင်ခိုင်မာမာ လှမ်းတက်မည် ဆိုလျှင် တိုင်းပြည်အတွက် ကောင်းမွန်သော အလားအလာကို မြင်တွေ့ကြရမည်ဟု ဧရာဝတီက ယူဆသည်။

ထိုသို့မဟုတ်ဘဲ အချိန်ဆွဲ လေးဖင့်နေမည် ဆိုပါက နှစ်ဦးနှစ်ဘက် သံသယများသာ ပြန်လည်ဦးမော့လာပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုသည့် ပန်းတိုင်နှင့် ဝေးနေဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည

Loading