၂၀၁၀ ရွေးကောက်ပွဲ တနှစ် တင်းတင်း ပြည့်ခဲ့ပြီ။
စစ်အစိုးရက နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပပေးခဲ့သော ရွေးကောက်ပွဲတွင် မဲလိမ်ခဲ့ပြီး စစ်အစိုးရလက်ထက်က တည်ထောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အာဏာအပ်နှင်းခဲ့သဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာက အပြင်းအထန် ပြစ်တင် ဝေဖန်ခဲ့သည်။
သို့သော် ရွေးကောက်ပွဲအပြီး တနှစ်အတွင်း ပြန်ကြည့်သည့်အခါ အစိုးရ၏ ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတချို့ကို မြင်တွေ့ရ သဖြင့် အများက သတိနှင့် ကြိုဆို အားပေးသည့် အနေအထားသို့ ပြောင်းလဲခဲ့သည်။ သို့ရာတွင် အဆိုပါပြုပြင်ပြောင်းလဲမှု များသည် ယခင်စစ်အစိုးရ ချမှတ်ခဲ့သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသော ဆောင်ပုဒ်ထဲမှ သတိကြီးကြီးနှင့် အသေအချာ တွက်ချက်ကာ ပြုလုပ်သည့် အပြောင်းအလဲများဟု ဝေဖန်သူများက သုံးသပ်နေဆဲ ဖြစ်သည်။
တနှစ်အတွင်း မည်သည့်အရာများ ပြောင်းလဲခဲ့ပါသနည်း၊ ပြန်ပြောင်းကြည့်ရှုမည် ဆိုပါလျှင် …။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံ၏ ထိပ်ဆုံးခေါင်းဆောင် သမ္မတ ဦးသိန်းစိန်က တွေ့ဆုံခဲ့ပြီးသည့်နောက် နိုင်ငံတကာနှင့် ပြည်တွင်းက အစိုးရကို ကြိုဆိုလက်ခံသည့် အဆင့်အထိ တိုးတက်ခဲ့ပါသည်။
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်သည့် အရေးကိစ္စသည်လည်း အစိုးရ၏ ပြုပြင်ပြောင်းလဲမှု တရပ်ဟု ဆိုရမည်ပင်။
မြစ်ဆုံဆည်ဆောက်သည့် ကိစ္စကို တမျိုးသားလုံးက ကန့်ကွက်သဖြင့် သမ္မတ ဦးသိန်းစိန်က ၎င်း၏ အစိုးရ သက်တမ်း အတွင်း စီမံကိန်း ရပ်တံ့ပေးထားမည်ဟု လွှတ်တော်မှ တဆင့် ကြေညာခဲ့ရာ ပြည်သူလူထုမှာ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ကြသည်။ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်း များကပင် သမ္မတ၏ ပြုပြင်ပြောင်းလဲ လိုမှုကို ကြိုဆိုကြောင်း ပြောဆို လာကြသည်။
ရွေးကောက်ပွဲအပြီး တနှစ်အတွင်း အကျဉ်းသားများအား ၂ ကြိမ် လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသားတချို့သာ ပါဝင်နေခြင်းမှာ ကျေနပ်စရာကောင်းသည့် အပြောင်းအလဲ မဟုတ်သော်လည်း အသိအမှတ်ပြုရမည့် တိုးတက်မှုဟု ယူဆသည်။ ထပ်မံလွှတ်ပေးရဦးမည် ဆိုသည့် တောင်းဆိုချက်နှင့်ပင် အသိအမှတ်ပြု ကြိုဆိုခဲ့ရခြင်း ဖြစ်သည်။
လွှတ်တော်တွင်း ဆွေးနွေးမှုများတွင်လည်း စိတ်ဝင်စားဖွယ်ကောင်းသော ပြောင်းလဲမှုများ မြင်တွေ့ကြရသည်။ ဒီမိုကရက်တစ် အင်အားစုများဘက်မှ တင်သွင်းလာသော အဆိုတချို့ကို ပယ်မချဘဲ လက်ခံဆွေးနွေးလာခြင်းက တိုးတက်မှုဟု ဆိုရမည် ဖြစ်သည်။ ထင်ရှားသည့် အချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော် တို့မှ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ထိုပြင်ဆင်ချက်ကို သမ္မတ လက်မှတ်ထိုးပြီးပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မှတ်ပုံတင်ရေးကို စဉ်းစားတော့မည်ဖြစ်သည်။
အထက်ပါ အချက်များမှာ နိုင်ငံရေးအရ သိသာထင်ရှားသည့် ပြောင်းလဲ တိုးတက်မှုများဟု ဆိုလျှင် ငြင်းနိုင်မည်မဟုတ်ပေ။
အစိုးရအနေဖြင့် ရွေးကောက်ပွဲအပြီး တနှစ်အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသာ မကဘဲ စီးပွားရေးနှင့် လူမှုဘဝများ တိုးတက် ပြောင်းလဲရေးအတွက်ပါ လုပ်ဆောင်လိုကြောင်း သိသာသည့် အချက်များလည်း တွေ့ရသည်။
ဆင်းရဲမွဲတေမှု ပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ ပင်စင်စားများအား ခံစားခွင့် တိုးမြှင့်ပေးခြင်း၊ အခွန် နှုန်းထားများ လျှော့ချပေးခြင်း၊ နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားများ ပြင်ဆင် သတ်မှတ်ရေးအတွက် စဉ်းစားလာခြင်း အပြင် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ် စသည့် အဖွဲ့အစည်းများ၏ ကူညီမှုကို ရယူခြင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်သော စီးပွားရေး ဆွေးနွေးပွဲများ မကြာခဏ ကျင်းပခြင်း စသည့်အချက်များပင် ဖြစ်သည်။
စာပေစိစစ်ရေး၏ မူဝဒများမှာလည်း ယခင်ထက်စာလျှင် များစွာ အလျှော့အတင်း ပိုရှိလာသည်၊ ပိုမို၍ လွတ်လပ်စွာ ရေးသား၍ ရလာသည်။ ထိုအချက်ကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ထို့အပြင် လူအများစုမှာ လူမှုရေးနှင့် နိုင်ငံရေးကိစ္စရပ်များတွင် ပိုမိုစိတ်ပါဝင်စားလာပြီး ကြောက်ရွံ့စိတ် လျော့နည်းလာကြသည်၊ ပြည်ပမီဒီယာများနှင့် ထိတွေ့ ဆက်ဆံရဲ လာသည်ကိုလည်း တွေ့ရသည်။
ရွေးကောက်ပွဲအပြီး တနှစ်အတွင်း အစိုးရ၏ ပြုပြင်ပြောင်းလဲလိုမှု၊ တိုးတက် ပြောင်းလဲရေးအတွက် ကြိုးပမ်းမှုများကို ဧရာဝတီ အနေဖြင့် ကြိုဆိုချင်သော်လည်း အဓိကကျသည့် အချက်များအား အပြီးသတ် မလုပ်ဆောင်သေးသည့် အတွက် ဝမ်းသာအားရ ကြိုဆိုချင်စိတ်ကို ဆိုင်းငံ့ထားရလိမ့်မည် ဖြစ်သည်။ သို့သော် ပြုပြင်ပြောင်းလဲမှုများကို ရဲဝံ့စွာ ဆက်လုပ်ရန် တိုက်တွန်းချင်သည်။
အစိုးရသည် ရွေးကောက်ပွဲပြီး တနှစ်အတွင်း အကျဉ်းသားများအား ၂ ကြိမ် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသားများ ပြောပလောက်အောင် မပါဝင်ခဲ့ပေ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ရွှေဝါရောင် လှုပ်ရှားမှုမှ သံဃာ့ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် ကျန်ရှိနေသေးသည်။
တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ရှိနေသေးပြီး ပြည်တွင်းစစ်ကို မရပ်စဲနိုင် သေးပေ၊ အမှန်တကယ် ငြိမ်းချမ်းရေး ဖော်ဆောင် မှုမှာလည်း အားနည်းသေးသည်။ တိုင်းရင်းသားဒေသများတွင် စစ်ရေး ပြင်နေခြင်းက နိုင်ငံရေးအရ ရှေ့သို့တလှမ်းတက်ခြင်း မမည်ဘဲ နောက်ဆုတ်သည့် ခြေလှမ်းများဟုသာ ဆိုရပေလိမ့်မည်။
နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်များမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အရေးကြီးသော အဓိက အချက်များ ဖြစ်ကြောင်း အစိုးရ အနေဖြင့် သိရှိပြီးဖြစ်သော်လည်း အကောင်အထည်ဖော်ရေးအတွက် နှေးဖင့်လျှက်ရှိသည်။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးကြီးသော ပြုပြင်ပြောင်းလဲမှုများ ပြီးပြတ်မှသာ စီးပွားရေးနှင့် လူမှုဘဝ တိုးတက်မှုများက နောက်မှ လိုက်ပါလာလိမ့်မည်ဟု ယုံကြည်သည်။
မြန်မာပြည်တွင် နိုင်ငံရေးတိုးတက်ပြောင်းလဲ မှုသာမကဘဲ စီးပွားရေးနှင့် လူမှုဘဝများ တိုးတက် ပြောင်းလဲလာရန် များစွာ လိုအပ် နေသေးသည်ကို မြင်တွေ့နိုင်ပါသည်။
ရွေးကောက်ပွဲ တနှစ်ပြည့်တွင် မြန်မာပြည်သူလူထုနှင့် ပြည်တွင်း ပြည်ပ အတိုက်အခံ အင်အားစုများ၊ အာဆီယံ နိုင်ငံများ အပါအဝင် နိုင်ငံတကာ မိသားစုများက “ယုံကြည် လေးစားမှု” ဆိုသော ချီးကျူးဂုဏ်ပြုသည့် ဆုလာဘ်တခုကို မြန်မာ အစိုးရအား ပေးအပ် ချင်နေကြသည်။ အစိုးရအနေဖြင့် အပြီးသတ် အရေးကြီးသည့် လုပ်ဆောင်စရာများ ကျန်ရှိနေ သေးသောကြောင့်သာ ထိုလက်ဆောင်ကို မပေးနိုင်သေးဘဲ ဆိုင်းငံ့ ထားကြရခြင်း ဖြစ်သည်။
သို့သော် သမ္မတနှင့် လက်ရှိအစိုးရအနေဖြင့် လုပ်ဆောင်စရာများအား မကြာမီ အချိန်အတွင်း အပြီးသတ်ကာ အားလုံးက ပေးအပ်သော ဆု ကို အမြန်ဆုံး ရယူနိုင်လိမ့်မည်၊ ဝမ်းသာအားရ အားပေးသည့် လက်ခုပ်သံများကိုလည်း ကြားရလိမ့်ဟု ဧရာဝတီက မျှော်လင့်မိကြောင်း ဖော်ပြလိုပါသည်။