အားနည်းချက်များနဲ့ မြန်မာဘောလုံးအသင်း

မောင်လင်းဝေ

This article has been converted from Zawgyi One to Unicode

မကြာမီ အင်ဒို ဆီးဂိမ်းမှာ မြန်မာဘောလုံးသင်း အောင်မြင်မှု ရရှိရေး နဲ့ မြန်မာ ဘောလုံး အနာဂတ် တိုးတက်မြင့်မား လာရေးတို့အတွက် ဆွေးနွေးပွဲတခုကို ပြီးခဲ့တဲ့ အောက်တိုဘာလက နေပြည်တော်မှာ ကျင်းပ သွားခဲ့ပါတယ်။ တက်ရောက်လာသူတွေက မြန်မာ ဘောလုံး လောကဟာ အားနည်းချက် နဲ့ လိုအပ်ချက်တွေ အများအပြား ရှိနေသေးတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ ဘောလုံး အဆင့်အတန်း တိုးတက်မြင့်မားရေးမှာ နည်းစနစ်မှူးကောင်းများနဲ့ နည်းပြများ မွေးထုတ်နိုင်မှုဟာ အခြေခံကျပြီး အဓိက အရေးကြီးကြောင်း၊  ပညာရေး နဲ့ အားကစား ပေါင်းစပ် လေ့ကျင့်ဖို့ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း  မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

အင်္ဂါနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ကွင်းတခုတွင် နည်းပြဆရာ၏ ပြောဆိုမှုကို နားထောင်နေကြသော မြန်မာအသင်းမှ ကစားသမားများ (ဓာတ်ပုံ - Getty Images)

မြန်မာနေရှင်နယ်လိ ပြိုင်ပွဲမှာ အမှတ်အများဆုံးရရှိတဲ့ ကလပ်အသင်း ၂ သင်းဟာ လည်း AFC Cap ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရမယ်၊ ရန်ကုန်ယူနိုက်တက်အသင်းကတော့  ပြိုင်ပွဲဝင်ခွင့် အလိုအလျောက် ရပြီး ကျန်တသင်းက ဘယ်အသင်းဖြစ်မလဲ ဆိုတာ မသိနိုင်သေးကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။

လောလောဆယ် ယှဉ်ပြိုင်နေတဲ့ ၂၆ ကြိမ်မြောက် အင်ဒို ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု ဒုတိယမှာ ပါဝင်တဲ့ မြန်မာဘောလုံးအသင်းက လာအိုအသင်းကို ၃ ဂိုး ၂ ဂိုး၊ ဘရူးနိုင်းအသင်းကို ၄ ဂိုးပြတ်၊ ဗီယက်နမ်ကို ဂိုးမရှိသရေ ကန်ထားတဲ့အတွက် အုပ်စု (ခ) မှာ ၇ မှတ်နဲ့ အုပ်စုဗိုလ်အဆင့်မှာ ရပ်တည်နေပါတယ်။ မြန်မာအသင်းရဲ့ လက်ရှိ ကစားနေပုံက ကျေနပ်စရာကောင်းတယ်လို့ သုံးသပ်နေကြပါတယ်။

မြန်မာအသင်းဟာ ပွဲထွက်ကောင်းပြီး ဗိုလ်စွဲနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။  ဒါပေမဲ့လည်း အိမ်ရှင် အင်ဒို၊ မလေးရှား၊ ထိုင်းနဲ့ စင်္ကာပူ အသင်းတွေဟာလည်း နည်းစနစ်ပိုင်းနဲ့ အတွေ့အကြုံကောင်းတွေ ရှိကြတဲ့ အသင်းမာတွေ ဖြစ်ပါတယ်။

ယှဉ်ပြိုင်တဲ့နေရာမှာ အဓိက အကျဆုံးကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာပါပဲ။ ပထမ တချက်က အနိုင်ကစားမယ် ဆိုတဲ့ စိတ်ဓာတ်ပိုင်းပါ။ အရှုံးနဲ့ရင်ဆိုင်နေရရ၊ လူလျော့ပြီး ကစားရ၊ ကစားရ စိတ်ဓာတ် ရင့်ကျက်ခိုင်မာမှုနဲ့ တဘက်သင်းကို ရင်ဆိုင်ယှဉ်ပြိုင်ဖို့ အရေးကြီးပါတယ်။

နောက်တချက်ကတော့ အနိုင်ရနေတာကို လျှော့ချမကစားဖို့လည်း လိုတယ် ဆိုတဲ့ အချက်ပါ။

ဘောလုံးကစားကွက်တွေဟာ မမျှော်လင့်တဲ့ ရလဒ်တွေအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ ဥပမာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၁၉၉၅ ခုနှစ်က ကျင်းပပြုလုပ် ခဲ့တဲ့ ဆီးဂိမ်းမှာ မြန်မာဘောလုံးသင်းဟာ ဗီယက်နမ်အသင်းကို အပေါ်စီးကနေ ကစား နေရာက ဂိုးဧရိယာ အတွင်းမှာ လဲနေတဲ့ ဗီယက်နမ် ရှေ့တန်း တိုက်စစ်မှူးကို မြန်မာ ဂိုးသမား အောင်ကျော်ကျော်က အသားလွတ် ပြေးကန်တဲ့အတွက် အထုတ်လည်း ခံရ၊ ပယ်နယ်တီလည်း ပေးခံရတာမျိုး ရှိခဲ့ပါတယ်။

ဆီးဂိမ်းတကြိမ်မှာလည်း မြန်မာ စင်္ကာပူပွဲမှာ မြန်မာ ရှုံးနိမ့်နေချိန် မြန်မာအသင်းရဲ့ အခြေခံအားနည်းချက် ဖြစ်တဲ့ မနိုင်လူချမူက ရှေ့တန်း ရောက်လာခဲ့ပါရော။ ကွင်းထဲမှာ စည်းကြပ်ဒိုင်က ပွဲကိုထိန်းနေတုန်း အရံခုံမှာ ထိုင်နေတဲ့ မြန်မာဘောလုံးသမားတွေက စင်္ကာပူကစားသမားတွေကို ရေသန့်ဘူးတွေနဲ့ပစ်ပေါက်၊ ပရိသတ်ကို ကော့ပြ၊ ဆဲကြလုပ်တော့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖီဖာရဲ့ ဒဏ်တပ်မှုကိုလည်း ခံခဲ့ရပါသေးတယ်။

ဒါကြောင့် အရှေ့တောင်အာရှရဲ့ဘောလုံးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အင်ဒို၊ စင်္ကာပူ၊ မလေး၊ ထိုင်း၊ ဗီယက်နမ်တို့နဲ့ ယှဉ်ပြိုင် ကစားမယ် ဆိုရင် အားနည်းချက်တွေကို ပြုပြင်ဖို့ လိုပါတယ်။

အသင်းအုပ်ချုပ်သူနဲ့ အသင်းနည်းပြတွေရဲ့သြဇာသက်ရောက်မှုကလည်း အရေးပါပါတယ်။ လက်ရှိအခြေအနေမှာ အုပ်စု (က) က မလေး၊ အင်ဒို၊ စင်္ကာပူတို့က အခြေအနေကောင်းနေပြီး၊ အုပ်စု (ခ) က မြန်မာ၊ ဗီယက်နမ် နဲ့ တီမောတို့က အခြေအနေ ကောင်းနေကြပါတယ်။ ဗီယက်နမ် တီမောပွဲဟာ ၂ သင်းလုံးအတွက် အရေးပါတဲ့ ပွဲတွေ ဖြစ်ပြီး မြန်မာကတော့ ဆီမီးဖိုင်နယ်တက်ဖို့ အခွင့်အလမ်း ကောင်းပါတယ်။

ဆီမီးမှာတော့ အင်ဒို သို့မဟုတ် မလေးရှားနဲ့တွေ့နိုင်ပါတယ်။ စောင့်ကြည့်ရမယ့် ပွဲကောင်းတွေ ဖြစ်လာမှာပါ။

Loading