တရားဥပဒေ စိုးမိုးရေး ပန်းတိုင်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး တနှစ်ပြည့်မြောက်သည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်၌ တရားဥပဒေ စိုးမိုးရေး လိုအပ်နေကြောင်းကို ထပ်မံပြောဆိုလိုက်သည်။

“အရေးကြီးတဲ့ကိစ္စတခုက ဥပဒေစိုးမိုးရေးကိစ္စပါ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ပဲ ဖြစ်ဖြစ် စီးပွားရေး၊ လူမှုရေး တိုးတက်မှုအတွက်ပဲ ဖြစ်ဖြစ် ဥပဒေစိုးမိုးရေးမရှိရင် ခရီးရောက်မှာမဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသားဆိုတာ ဥပဒေ စိုးမိုးရေးရှိတဲ့ နိုင်ငံမှာ မရှိပါဘူး” ဟု သူက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသွားခြင်း ဖြစ်သည်။

တရားဥပဒေစိုးမိုးရေး လိုအပ်သည် ဆိုသည့်အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆက်တိုက် ဆိုသလို ပြောဆို လာသကဲ့သို့ တရားဥပဒေ စိုးမိုးရေး ဆိုသည့် စကားလုံးများကို အနှစ် ၂၀ ကျော် တောက်လျှောက် ပေါက်ပေါက် ဖောက်သကဲ့သို့ တတွတ်တွတ် ရေရွတ်လာသူများမှာ နဝတ၊ နအဖ စစ်အစိုးရ အာဏာပိုင်များဟု ဆိုလျှင် မှားလိမ့်မည် မဟုတ်ပေ။

တရားဥပဒေ စိုးမိုးရေး ဆိုသည့် အဓိပ္ပာယ်မှာ အဘယ်နည်း။

ပြစ်မှု မကျူးလွန်သည့် လူသားတိုင်း၏ စိတ်ထဲတွင် အကြောက်တရား ကင်းမဲ့၍ လူ့အခွင့်အရေး ပြည့်ပြည့်စုံစုံနှင့် လုံခြုံစိတ်ချမှု ရှိနေခြင်းသည်သာ တရားဥပဒေစိုးမိုးခြင်းဟု ယုံကြည်ပါသည်။ သူတို့၏ လုံခြုံအေးချမ်းမှုကို တရားဥပဒေက ကာကွယ်ပေးထား သောကြောင့် ဖြစ်သည်။

နဝတ၊ နအဖ စစ်အစိုးရ သက်တမ်းတလျှောက်လုံး တရားပဒေ စိုးမိုးရေး ဆိုသော စကားကို အာဏာပိုင်များက တွင်တွင်သုံးခဲ့၊ ပြောဆိုခဲ့သော်လည်း မြန်မာပြည်သူလူထု တရပ်လုံးမှာ အကြောက်တရားနှင့်သာ အသက်ရှင်ခဲ့ရသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့က အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့သောကြောင့်ပင်။ ကျောသားရင်သား မခွဲခြားသည့် လွတ်လပ်သော တရားစီရင်ရေး မဏ္ဍိုင်ဟူ၍ မြန်မာပြည်တွင် လုံးဝ မရှိခဲ့ပါ။

ပြစ်မှုကျူးလွန်ခြင်း မရှိဘဲ မည်သည့်အရာကို ထိတ်လန့်ကြောက်ရွံ့နေခဲ့ရ ပါသနည်း။ တရားဥပဒေ မဲ့ခြင်းကို ကြောက်ရွံ့ ခဲ့ရသည်ဟုသာ ဆိုချင်ပါသည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဦးဆောင်သော စစ်ထောက်လှမ်းရေးများ ကြီးစိုးသည့် ခေတ်က ဆိုလျှင် အစိုးရကို ကျယ်ကျယ် လောင်လောင် ဝေဖန်ဖို့ မဆိုထားနှင့် လက်ဘက်ရည်ဆိုင် ထိုင်ရင်းပင် စကားဟဟ မပြောရဲ၊ မတော်တဆ မိမိ ပြောဆိုသော စကားထဲတွင် အစိုးရကို အပစ်တင်မိသော အကြောင်းအရာ ပါသွားမလားဆိုသည့် စိတ်နှင့် တထိတ်ထိတ် တလန့်လန့် နေထိုင်ခဲ့ကြရသည်။

စစ်အစိုးရ၏ လက်သုံးစကားအဖြစ် “ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ” ဆိုသော ဆောင်ပုဒ်ကိုလည်း လူအများ ရင်းနှီး ယဉ်ပါးပြီး ဖြစ်သည်။ မြန်မာပြည်တွင် ဥပဒေအထက်၌ လူနည်းစုသာရှိသည်ကို မြန်မာပြည်သားများ သဘောပေါက် နားလည်ပြီး ဖြစ်သည်။

ဥပဒေအထက်တွင် မရှိရသူများမှာ သာမန်ပြည်သူလူထုသာ ဖြစ်ခဲ့ပြီး ဥပဒေအထက်တွင် ထင်တိုင်းကြဲခဲ့သူများ ရှိခဲ့သည်။ ဥပဒေကို အိတ်ကပ်ထဲ ထည့်ထားနိုင်ခဲ့သူများ ရှိခဲ့သောကြောင့် ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ငွေများငွေနိုင်တရားစီရင်မှုများ တင်းကျမ်း ပြည့်ခဲ့သည်။

လုံခြုံစိတ်ချရမှုကို မခံစားရသောကြောင့် ပြည်သူလူထုမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခြင်း ဆိုသည့် စကားကိုပင် နားမလည် နိုင်အောင်ဖြစ်ခဲ့ရသည်၊ နိုင်ငံရေး ဆိုသည့်စကားကို အကျဉ်းထောင်နှင့်သာ ညီမျှခြင်း ချတတ်ကြတော့သည်။

ထို့ကြောင့်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံသားများသည် တရားဥပဒေစိုးမိုးရေး ကင်းမဲ့မှုဒဏ်ကို နှစ်ပေါင်းများစွာ ခံစားနေရသည်” ဟု ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

တရားဥပဒေ စိုးမိုးမှု၏ အသီးအပွင့်မှာ ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် လုံခြုံစိတ်ချရမှု ဟူ၍လည်း ဒေါ်အောင်ဆန်းစုကြည်က ချက်ပြည်သူ့သမ္မတ နိုင်ငံတွင် မကြာသေးခင်က ကျင်းပခဲ့သော ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ၌ အဖွင့် ဗီဒီယိုမိန့်ခွန်း ပြောခဲ့သည်။

မြန်မာပြည်တွင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ စစ်အာဏာရှင်များနှင့် အတူယှဉ်၍ အပြောဆုံးသူမှာ ဒေါ်အောင်ဆန်းစုကြည်ဟု ဆိုနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ကျောင်းသား ခေါင်းဆောင်များ၊ လူမှုရေးလုပ်ကိုင်သူများ၊ သံဃာတော်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ သတင်းသမားများကို အကြောင်းအမျိုးမျိုး ပြ၍ တရားဥပဒေ စိုးမိုးရေးဟု ပြောဆိုနေသူ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့သောကြောင့် ထိုသို့ ပြောဆိုခြင်း ဖြစ်ဟန်တူသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ သို့မဟုတ် စစ်အစိုးရ၏ အချုပ်အခြာအာဏာကို ထိပါးသည်ဟု ယူဆသူ မှန်သမျှကို နိုင်ငံရေး ပုဒ်မမဟုတ်ဘဲ ချဲမှု၊ ကျူးကျော်မှု၊ မတရားအသင်းများနှင့် ဆက်သွယ်မှု စသည်ဖြင့် ပုဒ်မအမျိုးမျိုး တပ်၍ ဖမ်းဆီး ထောင်ချ ခဲ့သည့် သာဓကများစွာကိုလည်း သိရှိခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမှုအမျိုးမျိုး အတပ်ခံရကာ နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသည့်အပြင် အင်းလျားကန်ကို ရေကူး၍ ဝင်ရောက်လာသော အမေရိကန်နိုင်ငံသားအား အကြောင်းပြု၍ ၎င်း၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို တိုးမြှင့်ခံခဲ့ရသည် မဟုတ်ပါလား။ ထို့အပြင် ၂၀၀၃ ဒီပဲရင်း အရေးအခင်းဆိုလျှင် ဥပဒေမဲ့၊ မင်းမဲ့လုပ်ရပ်ဟု ဆိုရပေမည်။

ထိုကာလက ဥပဒေကို ချိုးဖောက်ကျူးလွန်သူများ အနေဖြင့် ပြစ်ဒဏ် ကျခံခဲ့ရသည်ကို မတွေ့ခဲ့ရပါ။ ဥပဒေကို မချိုးဖောက်သူများသာ ပြစ်ဒဏ်ချခံခဲ့ရသည်။

အာဏာပိုင်များအနေဖြင့် အတိုးအလျော့ ကြိုက်သလို ပြုလုပ်ချင်တိုင်း ပြုလုပ်နိုင်သော အီလက်ထရွန်းနစ် အက်ဥပဒေ ဆိုသည်မှာလည်း အင်တာနက် အသုံးပြုသူ၊ တယ်လီဖုန်း အသုံးပြုသူ၊ ဗီစီဒီ၊ စီဒီချပ်များ ကိုင်စွဲ အသုံးပြုသူ တိုင်းနှင့် သက်ဆိုင်သည့် ဥပဒေဖြစ်နေပြန်သည်။ ထို့အပြင် အချိန်မရွေး ဖမ်းဆီးချုပ်နှောင်နိုင်သည့် ၅ ည ဆိုသည့် ဥပဒေလည်း ရှိသေးသည်။

ဥပဒေကို လက်တလုံးခြား လုပ်ခဲ့သည့် ဖြစ်ရပ်များမှာ စစ်အစိုးရလက်ထက်တွင် ချပြစရာ မကုန်နိုင်အောင် ရှိနေပါသည်။

ယခုလက်ရှိတွင်မူ မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများ ရှိနေပြီဟု အများက လက်ခံစ ပြုလာပြီဖြစ်သည်။ ဒီမိုကရေစီဆန်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် နိုင်ငံတကာက တိုက်တွန်းနေသကဲ့သို့ ပြည်တွင်းပြည်ပကလည်း အစိုးရအနေဖြင့် ဆက်တိုက် ပြောင်းလဲမှုများ ပြုလုပ် လာလိမ့်မည်ဟု ယုံကြည်နေချိန်လည်း ဖြစ်သည်။

ဒီမိုကရေစီ၏ အကိုင်းအခက်တခု ဖြစ်သော လွတ်လပ်စွာပြောဆိုခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ ရေးသားခွင့်တို့ အပြည့်အဝ မဟုတ်သည့်တိုင် အထိုက်အလျှောက် ရရှိနေသည်ကိုလည်း မြင်တွေ့ရသည်။ ယခင်စစ်အစိုးရ လက်ထက်က ကင်မရာကိုပင် ရဲရဲဝံ့ဝံ့ မကိုင်ရဲသူများက ယခုအခါ သတင်းဓာတ်ပုံ၊ သတင်းရုပ်သံများကို ရိုက်ကူးရဲနေပြီ ဖြစ်သည်။ ယခင် စစ်အစိုးရ လက်ထက်က ခွင့်မပြုခဲ့သော စာပေဟောပြောပွဲများ၊ ပြပွဲများနှင့် ပွဲလမ်းသဘင်များကိုလည်း အတိုင်းအတာ တခုအထိ လွတ်လပ်စွာ ကျင်းပခွင့် ပေးလာသည်။

ပြည်သူလူထု တရပ်လုံး အကြောက်တရား ကင်းမဲ့စေရေး၊ လုံခြုံစိတ်ချရမှုများ အပြည့်အဝ ရရှိစေရေးမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်နေသည် ဆိုသော အစိုးရ၏ တာဝန်သာ ဖြစ်သည်။

တရားဥပဒေ စိုးမိုးမှု အမှန်တကယ် ရှိသည်ကို ယုံကြည်မှသာ ပြည်သူတရပ်လုံး အကြောက်တရား ကင်းမဲ့နိုင်ပေလိမ့်မည်။ တရားဥပဒေစိုးမိုးမှု၊ လွတ်လပ်သည့် တရားစီရင်မှုနှင့် ပြည်သူလူထုတွင် လူ့အခွင့်အရေးရှိမှသာ စည်းကမ်းပြည့်ဝသည့် မြန်မာ့ဒီမိုကရေစီ နိုင်ငံဆီသို့ ချီတက်နိုင်မည် ဖြစ်ကြောင်း သတိပေးရေးသား လိုက်ရပါသည်။

Loading