ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပ-မြန်မာရုံး (EBO) ၏ အမှုဆောင်ဒါရိုက်တာ ဦးဟန်ညောင်ဝေသည် မွေးရပ် မြန်မာပြည်သို့ နှစ် ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီက အလည်အပတ် သွားရောက်ခဲ့သည်။ ၎င်း၏ ခရီးစဉ် အတွေ့အကြုံနှင့် ပတ်သက်၍ အရင်ကမသိခဲ့သော အရာများကို လေ့လာခွင့်၊ နားလည်ခွင့်ရသည့် သည်ဟု သူက ပြောသည်။
ဦးဟန်ညောင်ဝေ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်၍ ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံမေးမြန်းရာတွင် ၎င်းမြန်မာပြည်၌ ရှိစဉ်အတွင်း တွေ့ဆုံခဲ့သည့် အစိုးရအရာရှိများ၊ နိုင်ငံရေး ခေါင်းဆောင်များအပါအဝင် တခြားသူများနှင့် တွေ့ဆုံစဉ် ကြုံတွေ့ရသော အခြေအနေများ၊ မြန်မာပြည်၏ လက်ရှိအခြေအနေအပေါ် အမြင်၊ တိုင်းရင်းသား အရေးကိစ္စ စသည်တို့ကို ဖြေကြားသွားခဲ့သည်။
မေး။ ။ နှစ် ၅၀ နီးပါးအတွင်း မြန်မာပြည်ကို ပထမဆုံးအကြိမ် အလည်အပတ်သွားခဲ့တဲ့ ခရီးစဉ်မှာ ဦးဟန်ညောင်ဝေအနေနဲ့ မြင်တွေ့ခဲ့ရတာတွေထဲက တစုံတရာအပေါ် လုံးဝ အံ့အားသင့်တာမျိုးရှိခဲ့ ပါသလား။ ကြုံတွေ့ခဲ့တဲ့ အခြေအနေတွေက နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုတွေ အဖြစ် မြင်ရလား။
ဖြေ။ ။ နိုင်ငံရေးဝန်းကျင်က ကျနော်မျှော်လင့်ထားတာထက် ပိုအပြုသဘောဆောင်ပြီး ပွင့်လင်းတာကို တွေ့ရှိခဲ့ပါတယ်။ လူတွေက အရင်ထက်စာရင် စိုးရိမ်ကြောက်ရွံ့မှုပိုနည်းသလို ရှိပါတယ်။ ဥပမာအနေနဲ့ ရဲအထူး သတင်းတပ်ဖွဲ့က ကျနော့်အခန်း နံပါတ်ကိုမေးတဲ့အခါ ဟိုတယ်ဧည့်ကြိုက သူ့မှာဒီလိုအချက်အလက်ကို ထုတ်ပြောဖို့ အခွင့်အရေးမရှိဘူးဆိုပြီး ငြင်းလိုက်တာမျိုး ပေါ့ဗျာ။ ဟိုအရင်ကဆိုရင် ဒီလိုအခြေအနေမျိုးက စိတ်ကူးကြည့်လို့တောင် ရတာမဟုတ်ဘူးလေ။ နောက်တခု အံ့သြစရာကတော့ ကျနော်ရန်ကုန်မှာရှိနေချိန် ရဲအထူးသတင်းတပ်ဖွဲ့က ဘယ်သွားသွား အနောက်ကလိုက်နေ ပေမယ့် ရှမ်းပြည် ရောက်တဲ့အခါ ကျတော့ သူတို့ကို ဘယ်မှာမှ မတွေ့တော့ဘူး။ ကျနော် မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။
မေး။ ။ သွားတုန်းက ရှမ်းပြည်က မွေးရပ်မြို့နဲ့ ရန်ကုန်ကိုပဲ အလည်အပတ် အစီအစဉ်တွေ ရှိခဲ့တာလို့ ဦးဟန်ညောင်ဝေက ပြောခဲ့ပါတယ်။ ဒါပေမယ့် တကယ့်တကယ်မှာတော့ ဦးဟန်ညောင်ဝေက အဆင့်မြင့် အစိုးရအရာရှိတွေနဲ့ရော၊ နိုင်ငံရေးပါတီ ၁၂ ခုက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ သိရတယ်။ ဦးဟန်ညောင်ဝေအနေနဲ့ မသွားခင်ကတည်းက ကြိုတင်စီစဉ် ခဲ့တာလား၊ ဒါမှမဟုတ် အဲ့ဒီလူတွေက မြန်မာပြည်ထဲမှာ ဦးဟန်ညောင်ဝေရောက်နေတယ် ဆိုတာကို သိသွားပြီးတဲ့နောက် တွေ့ဖို့ စီစဉ်ကြတာလား။
ဖြေ။ ။ အလည်အပတ်ခရီးစဉ်နဲ့ပတ်သက်ပြီး ကျနော့် ကြေညာချက်ထဲမှာ ပြောခဲ့သလိုပါပဲ၊ ကျနော်က ကျနော့်ကိုတွေ့ချင်တဲ့ ဘယ်သူ နဲ့ပဲဖြစ်ဖြစ် တွေ့ဖို့ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမယ့် ဘာမျှော်လင့်ရမှန်း မသိလို့ ဘာကိုမှ ကြိုတင်မစီစဉ်ခဲ့ပါဘူး။ လူတွေက ကျနော့်ကို တွေ့ဖို့ ကြောက်နေမလား၊ ဒါမှမဟုတ် ကျနော် လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရပါ့မလား ဆိုတာကို ဘယ်လိုမှ မတွေးတတ်ခဲ့ပါဘူး။ ကျနော်တွေ့ခဲ့တဲ့ လူတွေကတော့ ကျနော်ရောက်နေမှန်း သိသွားပြီး ကျနော့်နောက်မှာ ရဲအထူး သတင်းတပ်ဖွဲ့ လိုက်နေတာကို သိပေမယ့် တွေ့ဖို့ စီစဉ်ခဲ့ကြတာပါ။
မေး။ ။ ဦးဟန်ညောင်ဝေအနေနဲ့ ရန်ကုန်မသွားခင် ဘန်ကောက်မှာ မြန်မာအစိုးရက အကြီးတန်းအရာရှိတွေ၊ Myanmar Egress အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလို တွေ့ဆုံစဉ်မှာ ဘာတွေများ ဆွေးနွေးခဲ့ပါသလဲ။ မြန်မာပြည်သွားဖို့ကို Myanmar Egress က စီစဉ်ပေးခဲ့တာလား။
ဖြေ။ ။ Myanmar Egress အဖွဲ့ဝင်တွေက အကြီးတန်း အစိုးရအရာရှိတွေနဲ့ ကျနော့်ကို မိတ်ဆက်ပေးခဲ့တာပါ။ အဲဒီ အရာရှိတွေက ကျနော်ဘယ်သူလဲဆိုတာကို သေသေချာချာ သိချင်ကြတာဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ကျနော်က ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာတွေလုပ်တယ် ဆိုတာနဲ့ ကျနော့်အစ်ကိုနှစ်ယောက်က ဘယ်သူတွေဖြစ်တယ်၊ သူတို့ဘာတွေ လုပ်ကြတယ် ဆိုတဲ့အပေါ်မှာ အတော်လေး ရှုပ်ရှုပ်ထွေးထွေး ရှိခဲ့ပါတယ်။
အစ်ကိုအကြီးဆုံး ဦးတိုက်ဂါးညောင်ဝေ ဆိုရင် ၂၀၀၅ ခုနှစ်မှာ ရှမ်းပြည်လွတ်လပ်ရေး ကြေညာခဲ့သူပါ။ နောက်အစ်ကို တယောက်ကတော့ ဦးကျောက်ဇန်ညောင်ဝေ၊ သူက ရှမ်းပြည် တပ်မတော်မှာ အမှုထမ်းခဲ့ပြီး ၂၀၀၄ ခုနှစ်က ဆုံးပါးသွားသူ ဖြစ်ပါတယ်။ အစိုးရ အရာရှိတွေက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ငြိမ်းချမ်းရေးစကား ပြောဖို့ ကမ်းလှမ်းတာနဲ့ ပတ်သက်ပြီးတော့လည်း ကျနော့်အမြင်ကို သိချင်ကြပါတယ်။
ပြဿနာဟာ ရေရှည် တည်ရှိခဲ့တာမို့ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေ အများကြီး လုပ်ဖို့ လိုလိမ့်မယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဘက်နှစ်ဘက် စလုံးအပေါ်မှာ ယုံကြည်ဖို့နဲ့ နားလည်မှုတွေ တည်ဆောက်နိုင်ဖို့အတွက် ယုံကြည် စိတ်ချမှု တည်ဆောက်ရေး လုပ်ငန်းတွေ လိုအပ်ပါတယ်။ ဒါပေမယ့် အစိုးရမှာသာ ပြဿနာကို မျှမျှတတ သမာသမတ် ကျတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ နိုင်ငံရေးဆန္ဒရှိမယ်ဆိုရင် ဒီပြဿနာဟာ ပြေလည်နိုင်ပါတယ်။
ကျနော့်ခရီးစဉ်ကို Myanmar Egress က စီစဉ်ပေးခဲ့တာ မဟုတ်ပါဘူး။ အစိုးရကလည်း စီစဉ်ပေးခဲ့တာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ခရီး စဉ် ဖြစ်တာမို့ အင်တာနက်၊ ခရီးသွားအေးဂျင့်နဲ့ ပုဂ္ဂိုလ်ရေးမိတ်ဆွေတွေက တဆင့် ကျနော့်ဘာသာ စီစဉ်ခဲ့တာပါ။ ကျနော့်ခရီးစဉ်နဲ့ သက်ဆိုင်တာ အားလုံးကို Myanmar Egress က ကြိုတင်စီစဉ်ပေးသလိုမျိုး ဖြစ်နေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ခရီး စဉ်ကို အများသိအောင် သူတို့ကလုပ်ခဲ့တာကိုး။ တကယ်တမ်းဖြစ်ခဲ့တာက ကျနော့်လေယာဉ်ဟာ ထိုင်းအဲဝေးလေယာဉ် မဆိုက်ခင် နည်းနည်း ကြိုရောက်သွားတာပါပဲ။ အဲ့ဒီအချိန်မှာ သတင်းထောက်တွေက ရန်ကုန်မှာ ကျင်းပမယ့် ကိုရီးယားရုပ်ရှင်ပွဲတော်အတွက် ထိုင်းလေယာဉ်နဲ့ လာကြတဲ့ ကိုရီးယားရုပ်ရှင်မင်းသား၊ မင်းသမီးတွေကို လေဆိပ်ထဲမှာ စောင့်နေကြပါတယ်။
ပြည်တွင်းဝင်လာတဲ့ ခရီးသည်တွေအတွက် ခန်းမထဲကို ကျနော်ဝင်သွားတယ် ဆိုရင်ပဲ ရန်ကုန်တိုင်းမ်စ်သတင်းထောက် တယောက်က ကျနော့်ကို မှတ်မိသွားပါတယ်။ ကျနော် လေဆိပ်ကနေ ထွက်ဖို့လုပ်နေတုန်းမှာ သူက ကျနော့်ကို ဓာတ်ပုံတွေ ရိုက်ပြီး အင်တာဗျူး လုပ်ပါတယ်။ တခြား သတင်းထောက်တွေလည်း ကျနော်တို့ဆီ ရောက်လာကြပြီး ကျနော်ရောက်တဲ့သတင်းလည်း ပြန့်သွားတာပါ။ Myanmar Egress နဲ့ အချိတ်အဆက်ရှိတဲ့ The Voice ဂျာနယ်က ကျနော် ရောက်တဲ့သတင်းကို Facebook ပေါ်မှာ ချက်ချင်းတင်နိုင်ခဲ့ပေမယ့် ပုံနှိပ်ဂျာနယ်ထဲမှာတော့ ရောက်ပြီးနောက်တပတ်အထိ မထည့်ခဲ့ပါဘူး။ ကျနော် ဧရာဝတီနဲ့ အင်တာဗျူး လုပ်ခဲ့သလိုပဲ ကျနော့်ခရီးစဉ်နဲ့ပတ်သက်ပြီး True News၊ Financial Times တို့နဲ့လည်း ပြည်ဝင်ခွင့်ဗီဇာမရခင်မှာ အင်တာဗျူး လုပ်ခဲ့ပါသေးတယ်။ ဖြစ်ချင်တော့ အဲ့ဒီသတင်းဌာနတွေက ကျနော်နဲ့ အင်တာဗျူးကို ကျနော်ရန်ကုန်မှာရှိနေတဲ့
အချိန်မှာ ထုတ်ခဲ့ကြတာပါ။
မေး။ ။ ဦးဟန်ညောင်ဝေနဲ့ မြန်မာပြည်မှာ တွေ့ခဲ့တဲ့သူတွေက မြန်မာပြည်ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် အလွန်ပဲ အားရ ကျေနပ်မှုရှိတယ်လို့ သျှမ်းသံတော်ဆင့်က ဆောင်းပါးတပုဒ်မှာ ဖော်ပြထားတာတွေ့ရတယ်။ အဲဒီဆောင်းပါးမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုပ်ဖော်ကိုင်ဘက် တယောက် ကပဲ သမ္မတဦးသိန်းစိန်ရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး သံသယရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆို သလိုမျိုး ဥပမာ ပေးထားတာ တွေ့ရပါတယ်။ ဦးဟန်ညောင်ဝေအနေနဲ့ တခြား သံသယရှိသလိုဖြစ်နေသူ တွေနဲ့ရော တွေ့ခဲ့ပါသေးသလား။
ဖြေ။ ။ အဲဒီဆောင်းပါးက သေသေချာချာ အာရုံမစိုက်ဘဲ တလွဲထင်မြင်ချက် ပေးထားတာပါ။ ဆောင်းပါးမှာ ရည်ညွှန်းထားသူက အစောပိုင်းမှာ သံသယ ရှိသူဖြစ်ပေမယ့် ကျနော်နဲ့ တွေ့တဲ့အချိန်မှာ သူလည်းပဲ အကောင်းဘက်က မြင်သူဖြစ်ပါတယ်။ ကျနော် တွေ့ခဲ့သူတွေဟာ သမ္မတဦးသိန်းစိန်ရဲ့ ရည်ရွယ်ချက်တွေအပေါ် သံသယ မရှိကြပါဘူး။ လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ မောင်းနှင် နိုင်ဖို့ အစိုးရရဲ့ စွမ်းဆောင်ရည်နဲ့ ဗျူရိုကရေစီ ယန္တရားက ဦးဆောင်ဦးရွက် ပြုမှုတွေ မရှိတဲ့အပေါ်မှာပဲ သူတို့ စိုးရိမ်မှု ရှိကြတာပါ။ ထိပ်ပိုင်း တာဝန်ရှိသူတွေက အပြောင်းအလဲကို လိုချင်သလိုဖြစ်နေပေမယ့် ယန္တရားအဟောင်းက စည်းမျဉ်းစည်းကမ်း အဟောင်းတွေနဲ့ လည်ပတ်နေဆဲပါပဲ။ ဥပမာ သမ္မတက ပြည်ပအတိုက်အခံတွေ ပြန်လာနိုင်တယ်လို့ ကြေညာခဲ့ပေမယ့် ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်လာချင်သူတွေကို သံရုံးတွေအနေနဲ့ ဘယ်လိုဆက်လက် ဆောင်ရွက်ရမယ်ဆိုတဲ့ စံ လုပ်ငန်း လုပ်ထုံးကို အခုထိ ထုတ်ပြန်ပေးတာမျိုး မရှိသလိုပေါ့။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာမို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကမကထပြု ဆောင်ရွက်ချက်တွေအပေါ် သံသယရှိတယ်လို့ တချို့တိုင်းရင်းသားတွေက ပြောကြတာတော့ ရှိပါတယ်။ အဲဒီလို ပြောတာက လွဲလို့ သံသယရှိသူ တခြားဘယ်သူနဲ့မှ ကျနော်မတွေ့ခဲ့ပါဘူး။
မေး။ ။ မြန်မာပြည်ကို လွန်ခဲ့တဲ့တနှစ်ကျော် သာသာလောက်က အလည်သွားတဲ့ ဘယ်သူမဆို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြစ်စေ၊ တိုင်းပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီးဖြစ်စေ အလွန်သံသယ ရှိကြတယ်ဆိုတာကို ကြားရပါလိမ့်မယ်။ ဘာ့ကြောင့် တနှစ်ကျော်ကျော် ဆိုတဲ့ ကာလမှာ လေသံပြတ်ပြတ်သားသား ပြောင်းလဲသွားတယ်လို့ ဦးဟန်ညောင်ဝေအနေနဲ့ ယူဆပါသလဲ။ သာမန်ပြည်သူတွေ အနေနဲ့ ဒီလောက်တောင် အပြောင်းအလဲဖြစ်သွားပြီဆိုတာကို တကယ်ခံစားရတယ်လို့ ထင်ပါသလား။
ဖြေ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သံသယအများကြီးရှိခဲ့တဲ့အပြင် အစိုးရအသစ်အပေါ်မှာလည်း ဒီနှစ် ဇူလိုင်လကုန်အထိ သံသယတွေ အများကြီးရှိခဲ့ပါတယ်။ ကျနော်လည်း သံသယရှိသူတွေထဲမှာ ပါတာမို့ သမ္မတဦးသိန်းစိန် မတ်လ သမ္မတ ကျမ်း သစ္စာကျိန်ဆိုပွဲ မိန့်ခွန်းကို ကြားရတဲ့အခါမှာ အံအားသင့်ခဲ့ပါတယ်။ EBO က အဲ့ဒီမိန့်ခွန်းအပေါ် စိစစ်လေ့လာချက် တခုတောာင် ထုတ်ဝေ ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကိစ္စအားလုံးကို ရပ်ဆိုင်းထားသလိုဖြစ်နေခဲ့ပါတယ်။
နောက်တော့ ရုတ်တရက် ဆိုသလိုပဲ သြဂုတ်လမှာ အရာအားလုံး ရှေ့ကို စတင်ရွေ့လျားလာခဲ့တာကို တွေ့ရပါတယ်။ သမ္မတက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီတွေ့ဆုံမှုကို အကောင်းဘက်က တုံ့ပြန်ခဲ့တယ်၊ ပြည်ပအတိုက်အခံတွေ ပြန်လာနိုင်တယ်လို့ သမ္မတက ပြောခဲ့တယ်၊ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးစကားပြောဖို့ ကြေညာခဲ့တယ်။ သမ္မက မြစ်ဆုံရေကာတာစီမံကန်းကို ဆိုင်းငံ့ခဲ့တယ်၊ လွှတ်တော်တွင်း ဆွေးနွေးငြင်းခုံမှုတွေကို အများသိအောင် ထုတ်ပြန်ခဲ့တဲ့အပြင် အရင်စစ်အစိုးရ လက်ထက်မှာ ဘယ်လိုမှ မရနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လွတ်ငြိမ်းချမ်းသာခွင့်၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေး၊ ဆင်ဆာနဲ့ နယူးကလီးယား စီမံကိန်း စသဖြင့် အရေးကြီးတဲ့ ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်။ လူ့ အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခဲ့တယ်၊ ပြီးတော့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့ခွင့်ရှိတဲ့ အလုပ်သမား ဥပဒေအသစ်ကိုလည်း ပြဌာန်းခဲ့တဲ့အပြင် နိုင်ငံရေးအကျဉ်းသား တွေကိုလည်း လွှတ်ပေးခဲ့တယ်။ သာမန်ပြည်သူတွေ အတွက်တော့ သူတို့ ဘယ်လိုခံစားရတယ်ဆိုတာ ကျနော်မပြောနိုင်ပါဘူး၊ ဒါပေမယ့် ကျနော် တွေ့ဆုံခဲ့သူအားလုံးကတော့ အပြောင်းအလဲတွေ ဖြစ်နေပြီလို့ ခံစားရတာ အမှန်ပါပဲ။
မေး။ ။ ဦးဟန်ညောင်ဝေ စကားပြောခဲ့တဲ့ ဈေးဆိုင်ပိုင်ရှင်တယောက်က နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဦးဟန်ညောင်ဝေ အခုလို နိုင်ငံထဲမှာ ရှိနေတာကိုကပဲ မြန်မာပြည်အခြေအနေ တိုးတက်ပြောင်းလဲမှုရှိတဲ့ လက္ခဏာတခုဖြစ်တယ်လို့ ထောက်ပြ ပြောဆိုခဲ့တာရှိတယ်။ အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီလို့ လူတွေထင်ရအောင် ဦးဟန်ညောင်ဝေကို မြန်မာပြည် အလည်လာဖို့ ဖိတ်ကြားခဲ့တယ်လို့ ယူဆပါသလား။
ဖြေ။ ။ အဲဒါကြောင့်ဖိတ်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်ပြည်လည်နိုင်တာက အမှန်တကယ်အပြောင်းအလဲဖြစ်လို့ ပြန်လည် နိုင်တာပါ။
နိုင်ငံတကာမိသားစုရဲ့ ဖိအားအပေါ် မီခိုနေရုံနဲ့ မြန်မာပြည်မှာ အပြောင်းအလဲတွေ မပေါ်ပေါက်နိုင်ဘူးလို့ ကျနော်တို့ ရှင်းရှင်း လင်းလင်း ဖြစ်လာတဲ့ ၁၉၉၉ ခုနှစ်လောက်မှာ အားလုံးအလေးထားတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ဒေါက်တာကျော်ဝင်း (ကနေဒါ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းနဲ့ နောက်ပိုင်း ဗြိတိသျှနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်လာသူ) နဲ့ ကျနော် တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာစိန်ဝင်းတို့ရဲ့သဘောတူညီချက်နဲ့ အခုလို တွေ့ဆုံခဲ့တာပါ။ အဲဒီ တွေ့ဆုံပွဲမှာ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံမှုဟာ နိုင်ငံအတွက် အကျိုးရှိလိမ့်မယ်လို့ ကျနော် အဆိုပြုခဲ့ပါတယ်။ ကျနော် နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နဲ့ နယူးယောက်မြို့ ကုလသမဂ္ဂမှာ တွေ့နိုင်ဖို့လည်း ဒေါက်တာကျော်ဝင်းက စီစဉ်ပေးခဲ့ ပါတယ်။ ဦးဝင်းအောင်နဲ့ တွေ့ကြတဲ့အခါ သူက ကျနော် မြန်မာပြည် အလည်သွားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရနဲ့ စကားပြောဖို့ ဖျောင်းဖျနိုင်အောင် စီစဉ်ပေးမယ်လို့ သဘောတူခဲ့ပါတယ်။ ဘန်ကောက်က မြန်မာသံရုံးကို ကျောင်းသားတွေ သိမ်းလိုက်တဲ့အခါမှာ အဲဒီအစီအစဉ်တွေ အားလုံး လွဲချော်သွားခဲ့ပါတယ်။ မြန်မာပြည် နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ရာဇာလီအစ္စမေးကို ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ကျနော်အကျဉ်းချုံး ရှင်းပြခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးမှု ဖြစ်လာအောင် စေ့စပ်ဆောင်ရွက်ပေးတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား ဆွေးနွေးပွဲတွေပျက်သွားပြီး ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့် အဖမ်းခံရပြီး နောက်ပိုင်းမှာ မြန်မာပြည်အခြေအနေကို ကျနော်တို့ဘယ်လို ပြောင်းအောင် လုပ်နိုင်မလဲလို့ BBC မြန်မာပိုင်းအစီအစဉ်က ကျနော့်ကို မေးမြန်းခဲ့ ပါတယ်။ တပ်မတော်က အပြောင်းအလဲကို ဦးဆောင်ရမယ်လို့ ကျနော် ဖြေကြားခဲ့ပါတယ်။ အဲဒါကြောင့် ကျနော့်သဘောထားကို ရှင်းရှင်းလင်းလင်းမေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တဦး ကျနော့်ထံ စေလွှတ်ခဲ့ပါတယ်။
တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတာ စစ်ခေါင်းဆောင်တွေဖြစ်တယ်။ ဒါကြောင့် အပြောင်းအလဲကို သူတို့ အကောင်အထည် ဖော်ရမှာဖြစ်တယ်လို့ ကျနော်က အဲဒီကိုယ်စားလှယ်ကို ပြောခဲ့ပါတယ်။ ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာကို ရှင်းပြဖို့နဲ့ အသွင်းကူးပြောင်းရေးအတွက် အကူအညီပေးဖို့ မြန်မာပြည်ကို ပြန်မလားလို့ သူက ကျနော့်ကို မေးပါသေးတယ်။ ကျနော်က ပြန်မယ်လို့ သဘောတူခဲ့ပေမယ့် ဘာအစီအစဉ်မှ ဖြစ်မလာခဲ့ပါဘူး။ စစ်ခေါင်းဆောင်ထိပ်ပိုင်းက နောက်ဆုံးမီးစိမ်းလည်း မပြခဲ့ပါဘူး။ ဒါကြောင့် ဒီတကြိမ် ကျနော်ပြန်ခွင့်ရတာဟာ အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီဆိုတာကို အသေအချာ ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။
မေး။ ။ ဦးဟန်ညောင်ဝေအနေနဲ့ ခရီးစဉ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ (SNDP) က ခေါင်းဆောင်တွေနဲ့ရော၊ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ခေါင်းဆောင်တွေ နဲ့ပါ တွေ့ဆုံခဲ့တယ်။ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အာဏာရခဲ့တဲ့ မနှစ်ကစလို့ အခုထိ ပြောင်းလဲလာမှုတွေအပေါ် ဒီပါတီနှစ်ခုကြားမှာ အမြင်ကွဲပြားတာ ရှိပါသလား။
ဖြေ။ ။ အရင်အခြေအနေနဲ့ မတူဘဲ ကြံ့ဖွံ့က ပါတီကို ကိုယ်စားပြုဖို့ ရှမ်းပြည်ထဲမှာ ရပ်ကွက်လူကြီးတွေကို ပါတီဝင်အဖြစ် စုစည်းခဲ့တယ်လို့ ကျနော်စကားပြောခဲ့တဲ့ SNDP ပါတီဝင်က ပြောပါတယ်။ ရှမ်းပြည်အစိုးရဟာလည်း SNDP နဲ့ တခြား ပါတီတွေ စုပေါင်းဖွဲ့ ထားတဲ့ ညွန့်ပေါင်းအစိုးရဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရဟာ ပိုစုစုစည်းစည်းဖြစ်ပြီး ရှမ်းပြည် အကျိုးစီးပွားအတွက် ပိုကောင်းအောင် ကိုယ်စားပြုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျနော်တွေ့ခဲ့တဲ့ SNLD ပါတီဝင်တွေ ကတော့ ရန်ကုန်မှာပါ၊ သူတို့ထဲမှာ အကျဉ်းချခံထားရတဲ့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးရဲ့ဇနီးနဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ရဲ့ဇနီးတို့လည်း ပါဝင်ပါတယ်။ သူတို့လွတ်မြောက်ရေး အလားအလာနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကို ကျနော်တို့ ဆွေးနွေးဖြစ်ကြပါတယ်။ SNLD နဲ့ SNDP ဟာ သီးခြားပါတီတွေဖြစ်ကြပေမယ့် ပါတီနှစ်ခုစလုံးဟာ အခြေအနေအတူတူအောက်က ပေါက်ဖွားလာကြတာဖြစ်ပြီး နှစ်ပါတီ ရည်မှန်းချက်တွေဟာလည်း ဆင်ဆင်တူကြပါတယ်။
မေး။ ။ ရှမ်းပြည်ရဲ့ တချို့ဒေသတွေမှာ အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဦးဟန်ညောင်ဝေ ရှမ်းပြည်နယ်ထဲမှာ တွေ့ဆုံခဲ့သူတွေထဲက ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာစိုးရိမ်မှု ရှိတဲ့အကြောင်း ထုတ်ဖော် ပြောဆိုသူများ ရှိပါသလား၊ ဒါမှမဟုတ် သူတို့က နေပြည်တော်မှာ ဖြစ်ပျက်နေတာတွေအပေါ် ပိုပြီး အာရုံစိုက်နေကြပါသလား။
ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေ စိုးရိမ်မှုရှိကြတာတော့ အသေအချာပေါ့ဗျာ။ ဒါပေမယ့် သူတို့အနေနဲ့ တပ်မတော် အပေါ်မှာရော၊ ရှမ်းပြည်တပ်မတော်အပေါ်မှာပါ သြဇာလွှမ်းမိုးနိုင်တယ်လို့မှ မယူဆကြတာကိုး။ ဒါကြောင့် သူတို့အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ ဒေသဘက်ကိုပဲ အာရုံစိုက်ကြတာပေါ့။ ကျနော်တွေ့ခဲ့သူတွေကတော့ ရှမ်းပြည်အစိုးရသစ်ရဲ့ လုပ်ငန်း လုပ်ဆောင်မှုအပေါ်မှာ အားရကျေနပ်မှု ရှိကြပါတယ်။ နေပြည်တော်က သူ့တို့အတွက် ဒုတိယ ဦးစားပေးကိစ္စသာ ဖြစ်ပါတယ်။ (ဆက်လက်ဖော်ပြပါမည်)
ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ် စာမျက်နှာမှ An Exile Returns ကို ဆီလျော်အောင် ပြန်ဆိုသည်။