သတင်းစာသမားတွေ အယ်ဒီတာတွေဟာ အနိဌာရုံတွေ၊ သတင်းဆိုးတွေ၊ Controversial ဖြစ်တဲ့၊ အငြင်းပွားဖွယ်ရာ ဖြစ်တဲ့ သတင်းတွေကို ပိုပြီး ရေးလိုက်ရတာ၊ ပြောရဆိုရတာမျိုး ပိုသဘောကျတယ်လို့ အများက မြင်ကြပါတယ်။
ဒီအမြင် မှားတယ်လို့ မငြင်းချင်ပါဘူး။
မြန်မာပြည်အကြောင်းကို နှစ်ပေါင်း ၂၀ လောက် ရေးသားလာခဲ့တဲ့ ကျနော့်အဖို့တော့ ကိုယ့်တိုင်းပြည်နဲ့ ပတ်သက်လာရင် အနိဌာရုံတွေ၊ သတင်းဆိုးတွေအစား သတင်းကောင်းတွေ ရေးချင်ပါတယ်။
ဒီဆန္ဒနဲ့ အာသီသ ဘာလို့ရှိရတာလဲ ဆိုတာကိုလည်း နားလည်ကြမယ် ထင်ပါတယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက်လမ်းစ ရနေပြီဆိုတဲ့ သတင်းတွေ၊ ထောင်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီ ဆိုတဲ့သတင်းတွေ၊ နိုင်ငံတော်သမ္မတနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တဲ့ သတင်းတွေ၊ မြစ်ဆုံ ရေကာတာကို ရပ်တဲ့ သတင်းတွေ၊ ဒီလို သတင်းလေးတွေကို ဒီနှစ်ရေးရတာ လက်တွေ့လှပါတယ်။
ဒါ့အပြင် ဒီတပတ် မြန်မာပြည်ကို ၂၀၁၄ မှာ အာဆီယံရဲ့ ဥက္ကဋ္ဌ အဖြစ် ပေးအပ်ဖို့ လက်ခံလိုက်တဲ့သတင်းကလည်း မင်္ဂလာ သတင်းပါပဲ။ ၂၀၁၄ ဆိုတော့ နှစ်နှစ်၊ သုံးနှစ်လောက် စောင့်ရဦးမှာပါ။
ဒီလိုပဲ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် နိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း ပါတီ တရားဝင် ရပ်တည်ခွင့်နဲ့ နောင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ဖို့ စဉ်းစားနေတယ် ဆိုတဲ့ သတင်းကလည်း စိတ်ဝင်စားစရာ ကောင်းတဲ့သတင်းပါ။
မြန်မာပြည်မှာ အစိုးရက ပြုပြင်ပြောင်းလဲမှုတွေကို ကလေးခြေလှမ်း မလှမ်းဘဲ လူကြီး ခြေလှမ်းလိုမျိုး ခပ်ကျဲကျဲနဲ့ ခပ်မြန်မြန်လှမ်းပြီး ရဲရဲဝံ့ဝံ့ ဆက်လုပ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ရနေတဲ့ အရှိန်ကို မလျှော့လိုက်ပါနဲ့လို့ ပြောချင်ပါတယ်။
၂၀၁၄ မှာ အာဆီယံ ထိပ်သီးညီလာခံရဲ့ အိမ်ရှင်အဖြစ် သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာ ခေါင်းဆောင်တွေကို ကြိုဆိုရမယ်၊ အဲဒီမှာ မြန်မာက နိုင်ငံတကာအလယ်မှာ ထည်ထည်ဝါဝါ ပြန်ဖြစ်ဖို့ အချိန်ကို ရောက်ဖို့ လိုပါတယ်။
အဲဒီအချိန်မှာ အကျင်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့တဲ့ အချိန် တိုင်းပြည်မှာ တကယ်ကို စစ်မှန်တဲ့ တရားဥပဒေ စိုးမိုးတဲ့အချိန်၊ မီဒီယာတွေ ပွင့်ပွင့်လင်းလင်း ရေးနိုင်တဲ့အချိန်၊ ပြည်သူပြည်သားတွေ အကြောက်တရား ကင်းကင်းနဲ့ နေထိုင်နေပြီး ငြိမ်းချမ်းတဲ့အချိန် ဖြစ်ဖို့လိုပါတယ်။ ဒီအခြေအနေကို ဖန်တီးရမယ်လို့ အာဆီယံဘက်က မတောင်းဆိုခဲ့ပေမယ့် အဲဒီအခြေအနေကို သွားမယ်ထင်လို့ အခုလိုမျိုး ၂၀၁၄ ရဲ့ အာဆီယံ ဥက္ကဋ္ဌ ရာထူးကို ပေးခဲ့တာပါ။ ဒီအခြေအနေတွေ မဖြစ်ခဲ့ရင်တော့ ၂၀၁၄ ကို Boycott လုပ်တာတွေ၊ အာဆီယံထိပ်သီး အစည်းအဝေးကို လာချင်ရက်နဲ့ မလာဘဲနေမယ့် ကမ္ဘာ့ခေါင်းဆောင်တွေ ရှိနိုင်ပါတယ်။
ဒီနေရာမှာ ၂၀၁၄ အာဆီယံနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း ကျနော်တို့က ပြည်တွင်းမှာလာရောက်ပြီး ရေးသားချင်တယ်လို့ ပြောချင်ပါတယ်။
ဒါကြောင့် အပြောင်းအလဲတွေကို ရဲရဲဝံ့ဝံ့ဆက်လုပ်ပါ၊ အရှိန်မလျှော့ပါနဲ့၊ တွန့်ဆုတ်တွန့်ဆုတ် မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။
ဒီတပတ် သတင်းကောင်းတွေ ကြားနေရတဲ့ အချိန်မှာ သတင်းဆိုးတွေလည်းပါလာပါတယ်။ အဲဒါတွေကတော့ ကချင်ပြည်နယ် မှာ ဆက်ဖြစ်နေတဲ့ တိုက်ပွဲသတင်းတွေ၊ မြစ်ကြီးနားက ဗုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူပြည်သားတွေ သေဆုံးရတဲ့ သတင်းတွေ အပြင် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ဘဲ ထောင်ပြောင်းတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။
ဒီလို ထောင်ပြောင်းဖို့ကို အကြံပေးတာက အစိုးရက ဖွဲ့ပေးထားတဲ့ လူ့အခွင့်အရေး ကော်မရှင်ကဖြစ်ပါတယ်။ အတိုင်အဖောက် ညီဖို့ ညှိထားတဲ့အတိုင်းပဲ တရက်နှစ်ရက်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ဘဲ ထောင်ပြောင်းပေးခဲ့တာပါ။ ဒါကတော့ သတင်းဆိုးပါပဲ။
လူထုကတော့ သူတို့ လွတ်လာတာကို မြင်ချင်ပါတယ်။ နိုင်ငံတကာကလည်း တောင်းဆိုနေပါတယ်။ ဒီလူတွေကို မလွတ်စေချင်သူတွေ၊ မလွှတ်ပေးချင်တဲ့ သူတွေဟာ သဘောထား မမှန်တဲ့သူတွေပါ၊ မြန်မာနိုင်ငံမှာ သတင်းဆိုးတွေ ဖြစ်အောင် ဆက်ပြီး ဖန်တီးချင်နေတဲ့ သူတွေပါ။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲထဲက သတင်းအချက်အလက်တွေ၊ မန္တလေးက ရဟန်းသံဃာ ၅ ပါးရဲ့ ဆန္ဒပြပွဲသတင်းတွေကို ဆင်ဆာဖြတ်တောက်တယ် ဆိုတဲ့ သတင်းကလည်း သတင်းကောင်း တပုဒ်တော့ မဟုတ်ပါဘူး။
သတင်းကောင်းကောင်း၊ ဆိုးဆိုး အမှန်ကို အမှန်အတိုင်း ရေးရ၊ ဖော်ပြရတာကတော့ ကျနော်တို့ရဲ့ တာဝန်ပါ။
ဒါပေမယ့် မြန်မာပြည်သားလည်းဖြစ်၊ မြန်မာပြည်အကြောင်း ရေးနေတဲ့ သတင်းစာဆရာလည်း ဖြစ်နေတဲ့ ကျနော့်မှာရှိတဲ့ အတ္တနဲ့ ဆန္ဒကို ပြောရရင် အခုအချိန်မှာတော့ သတင်းကောင်းတွေပဲ များများ ရေးချင်တယ်လို့ ပြောပါရစေ။