မြန်မာအစိုးရ မျှော်လင့်နေသော ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌ ရာထူး လက်ခံဆောင်ရွက်ရေးကို မနေ့က ဘာလီကျွန်းတွင် ကျင်းပနေသည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲက သဘောတူလက်ခံလိုက်ပြီ။
အချိန်ကိုက်ပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည် ဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲကို လစ်လပ်နေသည့် နေရာတိုင်း၌ ယှဉ်ပြိုင်မည်ဟု ယနေ့ ကြေညာလိုက်ပြီဖြစ်သည်။
ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲလိုမှုများကို ထောက်ပြပြီး ဒေသတွင်း နိုင်ငံများအပြင် မြန်မာ့ အဓိက အတိုက်အခံ ပါတီက အပြုသဘော ဆောင်ရွက်ခဲ့ခြင်းဟု ယေဘုယျ ယူဆနိုင်ပါသည်။
အာဆီယံ အဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ်၌ လွတ်လပ်သော အာဆီယံကုန်သွယ်ရေး ဇုန်အတွင်း မြန်မာပြည်ဈေးကွက် ပါဝင် လာမည် ဖြစ်သောကြောင့် ဒေသတွင်းကြီးထွားလာနေသည့် တရုတ်သြဇာကို ချိန်ခွင်လျှာညှိရန် မဟာမိတ်ရှာ ထွက်လာသော မြန်မာကို ထောက်ခံ အားပေးသည်မှာ ပထဝီနိုင်ငံရေးအရ မဆန်းလှပေ။
တချိန်တည်းတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာအစိုးရအပေါ် တိုက်ရိုက်ထိတွေ့ဆက်ဆံသောမူကို တိုးမြှင့် ကျင့်သုံးသွားမည်ဟု ဆိုလိုက်သည်။
ယင်းမူဝါဒအရ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စဟီလာရီ ကလင်တန်လည်း လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။ ၎င်း ခရီးစဉ်သည် နှစ် ၅၀ အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဆင့် အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်သည်။
လတ်တလော ဖြစ်ပေါ်ခဲ့သော ဆုံးဖြတ်ချက်အားလုံးမှာ မြန်မာနိုင်ငံအတွက် အရေးပါလှပြီး နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှု လမ်းစများ စတင်လာနိုင်မည်ဟု မျှော်လင့်နိုင်သော်လည်း အလုပ်မဖြစ်သည့် အစိုးရမူဝါဒ၊ လူ့အဖွဲ့အစည်းအတွင်း လှိုက်စား နေသည့် အကျင့်ပျက်ခြစားမှု၊ တရားဥပဒေစိုးမိုးရေး ကင်းမဲ့မှု အစရှိသည့် နာတာရှည်ရောဂါဆိုးများကို မြန်မာ အာဏာပိုင် များအနေဖြင့် အမြန်ဆုံး အရေးယူ ကိုင်တွယ် ကြမှသာ နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက် တည်ငြိမ်နိုင်ပေလိမ့်မည်။
ထို့အပြင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည် လွှတ်ပေးရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေး တို့သည်လည်း မြန်မာအစိုးရအနေဖြင့် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများဖြစ်သည်။
မြန်မာနိုင်ငံကို ၂၀၁၄ အာဆီယံဥက္ကဋ္ဌ ရာထူး လက်ခံဆောင်ရွက်ရန် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက သဘောတူခဲ့ပြီး မရှေးမနှောင်းတွင် နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်များ ပြောင်းရွှေ့သည့်သတင်း ပေါ်ထွက်လာသည်။
အများမျှော်လင့်နေကြသည်က နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်ဖြစ်သောကြောင့် ထိုသတင်းကို ကြားလိုက်ရ သူတိုင်း စိတ်အနှောင့်အယှက် ဖြစ်ကြရသည်။
ထို့အပြင် ကချင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများ မရပ်နိုင်သေးသကဲ့သို့ မြစ်ကြီးနားမြို့က ဗုံးပေါက်ကွဲမှုကြောင့် အပြစ် မရှိသူ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ ထိခိုက်ခဲ့ရသည်။
မင်္ဂလာရှိရမည့် အချိန်တွင် ထိုသတင်းများက မြန်မာပြည်အတွက် အရုပ်ဆိုးစေပါသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အဓိကအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒေသတွင်းနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် ဒီမိုကရက်တစ် ကမ္ဘာက အဓိပ္ပာယ်ပြည့်ဝသော ဆုံးဖြတ်ချက် များနှင့် ဦးသိန်းစိန်အစိုးရကို ကြိုဆိုခဲ့လေပြီ။
သမ္မတ ဦးသိန်းစိန်အနေဖြင့်လည်း ၎င်းတို့အစိုးရ ပိုမိုတာဝန်ကြီးလာပြီဟု ဂျကာတာတွင် ပြောဆိုခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် နေပြည်တော်အနေဖြင့် ယခင်လမ်းဟောင်းအတိုင်း နိုင်ငံရေးအမြတ်ရရုံ တခုတည်းအတွက် မဟုတ် တိုင်းပြည်နှင့် လူမျိုး အကျိုးကို အမှန်တကယ် ရှေ့ရှုသည်ဆိုပါက ရယူခဲ့သော ဆုလဒ်အတွက် ထိုက်တန်သော ပြန်လည် ပေးဆပ်မှုများ အမြန်ဆုံးပြသရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။