ယနေ့ မြန်မာ့နိုင်ငံရေးသည် အလွန်သိမ်မွေ့ နက်နဲသောအချိန်သို့ရောက်နေသည်ဟု ဆိုလျှင်မှားမည်မထင်ပါ။ ပြည်သူလူထု ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရဆိုပြီး စစ်တပ် ကျောထောက် နောက်ခံပေးထားသော စစ်ဗိုလ် လူထွက် အများစုနှင့် ဖွဲ့စည်းထားသည့် အစိုးရ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဆိုပြီး ပေါ်ပေါက်နေသည်ကို မြင်တွေ့နေရပါသည်။
နှစ်ပေါင်းများစွာ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ ဟု အမည်အမျိုးမျိုးတပ်ကာ စစ်တပ်အနေဖြင့် မြန်မာနိုင်ငံကို အာဏာရှင်စနစ်ဖြင့် ပုံစံအမျိုးမျိုးပြောင်း၍ အုပ်ချုပ်ခဲ့ရာမှ ယနေ့ အမည်ခံ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ရန်ခြေလှမ်းစလှမ်းနေပြီဖြစ် သည်။

ပြည်သူလူထုအနေဖြင့် အာဏာရှင်ကြီးဦးနေဝင်း ၏ ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့သော မဆလ အစိုးရကို ၁၉၈၈ ခုနှစ်က လူထုဆန္ဒပြ သည့် နည်းဖြင့် ဖြုတ်ချနိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဒီမိုကရေစီစနစ်ကို လက်လွှတ်ဆုံးရှုံးခံခဲ့ရပါသည်။
ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီး စောမောင် ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့က နဝတ၊ နအဖ ဆိုပြီး ၂၃ နှစ်နီးပါး ရက်စက် ကြမ်းတမ်းစွာ အစွမ်းကုန်ဖိနှိပ်အုပ်ချုပ်ခဲ့သည်ကိုလည်း တွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ၂၃ နှစ် နီးပါး စစ်အာဏာရှင် အစိုးရ အုပ်ချုပ်ပြီးသည် နောက်တွင် မြန်မာနိုင်ငံသည် အလုံးစုံချွတ်ခြုံကျပြီး ပြိုကျတော့မည့် အိမ်အိုကြီးသဖွယ် ဖြစ်ခဲ့ရသည်ကို မည်သို့မျှငြင်း၍ မရပါ။
ထို့ကြောင့် လက်ရှိတာဝန်လွှဲပြောင်း အမွေဆက်ခံသူ သမ္မတကြီးဦးသိန်းစိန် ခေါင်းဆောင်သော စစ်ဗိုလ်လူထွက်များ အနေဖြင့် မြန်မာနိုင်ငံကို အလုံးစုံပျက်သုဉ်းသွားသောနိုင်ငံ (Fail State) မဖြစ်စေရေးအတွက် ယခင်နှင့်မတူသော မဟာဗျူဟာ၊ နည်းဗျူဟာ များ ချမှတ် လှုပ်ရှားလာသည်ကို ယနေ့မြင်တွေ့နေရသည်။
၂၀၀၀ ပြည့်နှစ် ဝန်းကျင်ကတည်းက မြန်မာစစ်အစိုးရသည် မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည် ၏ အခန်းကဏ္ဍကို ဘေး ဖယ်ထား၍ မရကြောင်း ကောင်းကောင်း နားလည်ခဲ့ပါသည်။
ထိုအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစီအစဉ်ဖြင့် အပြောအဆိုသိမ်မွေ့ပြီး ပြေပြစ်စွာ ဆက်ဆံပြောဆိုတတ်သူ ဒုတိယ စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်း ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစကား ပြောရန် တာဝန်ပေးခဲ့သည်။
ဗိုလ်ချုပ်ကျော်ဝင်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားတပည့်အရင်းအချာတဦးဖြစ်ပြီး ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာ ဏာရရချင်း ဗိုလ်ချုပ်ခင်ညွန့်ကိုထိန်းရန် ဒုတိယ စစ်ထောက်လှမ်းရေးမှူးချုပ် အဖြစ် တာဝန်ပေးခံရသူဖြစ်သည်။ ဗိုလ်ချုပ်ကျော်ဝင်း အား အထောက်အကူပြုနိုင်ရန် ဗိုလ်မှူးချုပ်သန်းထွန်းသည် နိုင်ငံရေးနှင့် တန်ပြန်ထောက်လှမ်းရေးဌာနမှ တာဝန်ယူပေးခဲ့ရပါသည်။
ထိုစဉ်ကတွေ့ဆုံမှုကို ထိပ်တန်းလျှို့ဝှက်အဆင့် သတ်မှတ် ဆောင်ရွက်ခဲ့ပါသည်။ သို့သော် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် ၏ အထူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ် လာရောက်စဉ် နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် ၏ အမှတ်မထင်ပြောဆို လိုက်မှုကြောင့် တွေ့ဆုံမှုသတင်း နိုင်ငံတကာသို့ ပေါက်ကြားသွားခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားရှိခဲ့သော သဘောထားအမျိုးမျိုး အာဏာပိုင်များအတွင်း ကွဲလွဲမှုများရှိခဲ့ပါသည်။ ထိုအချိန်က ယခု ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးအောင်သောင်း သည် ဒေါ်အောင်ဆန်းစုကြည် အား ပုဂ္ဂိုလ်ရေးအရ အမနာပပြောဆို၍ အဆန့်ကျင်ဆုံးလည်း ဖြစ်သည်။ ၎င်းတို့၏အစိုးရိမ်ဆုံးအချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုသာ မြန်မာ့နိုင်ငံရေးတွင် ပါဝင် ခွင့်ပြုမည်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြုစုပျိုးထောင်ခဲ့သော ပြည်ခိုင်ဖြိုးသည် မှေးမှိန်သွားပြီး နိုင်ငံရေးသေသွားလိမ့်မည်ဟု ယူဆခဲ့ကြသည်။
ထိုအခြေအနေများကြောင့် ဦးအောင်သောင်း သည် ပြည်ခိုင်ဖြိုး ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့်အတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခွင့်ပြု ချက်ဖြင့် ဒီပဲယင်း အရေးခင်းဖန်တီးပြီး အစိုးရ နှင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD ဆွေးနွေးပွဲကို ရပ်ဆိုင်းစေခဲ့ပါသည်။
ဒီပဲယင်း အရေးခင်းကြောင့် နိုင်ငံတကာ၏ ပြင်းထန်သော ဖိအားများဖြစ်ပေါ်လာရာ တဖန်ပြန်လည်၍ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစေပြီး အမျိုးသား ညီလာခံတွင် NLD ပါဝင်ရေး ဆွေးနွေးခဲ့ပါသည်။
အဆင်ပြေခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမည်ဟု ကတိပေးခဲ့ပြီးကာမှ ရက်ပိုင်းအလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ပြောင်းပြီး NLD အမျိုးသားညီလာခံတက်ပြီးမှ လွှတ်ပေးရန်စဉ်းစားမည်ဆိုသောကြောင့် ဒေါ်အောင်ဆန်းစုကြည် ၏ “ရှင်တို့ စစ်သားတွေ
ဖြစ်ပြီး ကတိမတည်ဘူး” ဟူသော မှတ်ချက်ဖြင့် ဆွေးနွေးပွဲ နိဂုံးချုပ်ခဲ့ရပါသည်။
ယနေ့အချိန်အခါတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ရည်မှန်းချက်ဖြစ်သော မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ဦးဆောင်မှု ရှိရမည် ဆို သည့်အတိုင်း နိုင်ငံ၏အမြင့်ဆုံးဖြစ်သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် လက်ရှိစစ်တပ် ခေါင်းဆောင်များနေ ရာအများဆုံး ယူထားသကဲ့သို့ အစိုးရအဖွဲ့တွင်လည်း အရေးပါသော ဝန်ကြီးဌာနများကို ရယူထားပြီး ဖြစ်ပါသည်။ ထို့အပြင် စစ်တပ် အနေဖြင့် လွှတ်တော် နှစ်ရပ်လုံးတွင် ၂၅ ရာခိုင်နှုန်းကိုလည်း ရယူထားပြီး ဖြစ်သည်။
၁၉၉၂ ခုနှစ် ဧပြီလ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စတင်အာဏာယူစဉ်ကတည်းက ပျိုးထောင်ခဲ့သော ပြည်ခိုင်ဖြိုး လူမှုရေး အဖွဲ့သည် လည်း နိုင်ငံရေးပါတီ ဖြစ်လာခဲ့ပြီး လွှတ်တော် နှစ်ရပ်တွင် အများစုအမတ်နေရာများကိုရရှိပြီး အစိုးရ အဖွဲ့ကိုပင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။
စာရေးသူအနေဖြင့် တင်ပြချင်တာကတော့ စစ်တပ်အနေဖြင့် သူလုပ်ချင်သည်များကို တိုက်ပွဲတပွဲတိုက်ရန်အတွက် တိုက်ပွဲလုပ် ငန်း စည်းမျဉ်း (Battle Procedure) ချမှတ်၍ မဟာဗျူဟာ၊ နည်းဗျူဟာ ဖြင့်ဆောင်ရွက်ခဲ့ရာ အောင်ပွဲရရေး နောက်ဆုံး အခက် အခဲ ကို ကျော်လွှားရမည့်အချိန် ရောက်နေပြီဖြစ်ပါသည်။ အဆိုပါအခက်အခဲကိုကျော်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် မပါဝင် လျှင် မဖြစ်နိုင်သည့် အခြေအနေရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံကို အလုံးစုံပျက်သုဉ်းသွားသောနိုင်ငံ မဖြစ်စေရန် လက်ရှိအစိုးရသည် မည်သည့်အချိန်ကမျှ မပြောဆိုမလိုက်လျောခဲ့ဘူးသော အခြေအနေများကို လျှော့ပေးနေသည်ကို တွေ့ နေရပါသည်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်းကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ အပေးအယူမျှနေသည်ဟု ဆိုရပါမည်။
လွှတ်တော်အတွင်း နိုင်ငံရေးဇာတ်ခုံမှနေ၍ NLD ဝင်ရောက် လှုပ်ရှားမည့် အရိပ်အမြွက်များ တွေ့မြင်နေရပြီး အနှစ်၂၀ ကျော် ဒီမို ကရေစီ ရရှိရေးအတွက် အသက်ပေး ထောင်အကျခံ ဘဝပေါင်းများစွာ စွန့်လွှတ်စွန့်စား ပေးဆပ်ပြီး ပြည်သူလူထုအတွက် အနစ်နာ ခံခဲ့သော NLD သည် ယခုအခါတွင် ယခင်ကနှင့်မတူ စစ်ဗိုလ်လူထွက်အစိုးရနှင့် လွှတ်တော်အတွင်းမှနေ၍ ဒီမိုကရေစီရရှိရေး တိုက်ပွဲ ဝင်ရန် တာစူနေပြီ ဖြစ်သည်။
စစ်ကျွန်ဘဝမှ လွတ်မြောက်လိုသော အစိုးရအဖွဲ့အတွင်းနှင့် စစ်တပ်အတွင်းမှ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူအများလည်း မဝံ့မရဲဖြင့် ခေါင်းလေးတွေ ထောင်လာနေကြပါသည်။
အကယ်၍သာ အနှစ်၂၀ ကျော် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးမှိုင်း အတိုက်ခံထားရသော စစ်အစိုးရအတွင်းမှအဆင့်အလွှာ အမျိုးမျိုးကို စည်းရုံးနိုင်မည်ဆိုပါက ဒီမိုကရေစီ ရရှိရေးမကြာတော့ဟု ပြော၍ ရပါသည်။ NLD သည် ကိုယ်ကျိုးမဖက် စွန့်လွှတ်စွန့်စားနေသော နိုင်ငံရေးပါတီကြီး ဖြစ်သည်။
လက်ရှိစစ်အစိုးရအား နိုင်ငံတကာမျက်နှာစာတွင် ခေါင်းထောင်နိုင်ရန် အထိုက်အလျောက်ထောက်ပံ့မှု ပေးခဲ့သည့်အတွက်ကြောင့် လည်း အပြန်အလှန်နားလည်မှု တစ်စုံတရာရသည်ဟု မြင်ပါသည်။ အကြမ်းမဖက်သော လမ်းစဉ် မေတ္တာတရားဖြင့်ချဉ်းကပ် နေ သည် ဟုလည်း ရှုမြင်ပါသည်။
သို့သော် ဒီမိုကရေစီအရေး စိတ်ကူးယဉ်နေယုံမျှနှင့် မည်သို့မျှဖြစ်မလာနိုင်ပါ၊ အလုပ်လုပ်မှရနိုင်မည်ဟု နားလည်ပါသည်။ အသိမ် မွေ့ဆုံး နည်းဖြင့် ပြုပြင်ပြောင်းလဲနိုင်ရေး အထူးလိုအပ်ပါသည်။
စစ်တပ်သည် နိုင်ငံရေးကို စစ်ပွဲတပွဲဆင်နွဲနေသကဲ့သို့ ရန်သူ့တောင်ကုန်းကို သိမ်းပိုက်နိုင်ရန် ရန်သူ၏အင်အား တည်နေရာ လုပ်ဆောင်မှု ၊ ပြည်တွင်းပြည်ပ နိုင်ငံရေး ရာသီဥတုအနေထား ၊ ဘယ်ဘက်ကတိုက်ရမလား၊ ညာဘက်ကတိုက်ရမလား ဆိုသည့် မြေပြင်အနေအထား သတင်းအချက်လက်များကို စုဆောင်းထားပြီး ပြင်ဆင်နေပါပြီ။
NLD အနေဖြင့်လည်း စစ်အမြင်စစ်အတွေးအခေါ်ရှိသော လက်ရှိအစိုးရနှင့် စစ်တပ်ကို ဒီမိုကရေစီအရေး မည်သို့ဆွဲဆောင် စည်းရုံး သွားသည် ဆိုသည့် သေနင်္ဂနည်းဗျူဟာများ ရှိလိမ့်မည်ဟု ယုံကြည်ပါသည်။ အစိုးရနှင့်စစ်တပ် အတွင်း၌ လက်ရှိနိုင်ငံရေးဗျူဟာ ကို ခေါင်းဆောင်များမှတဆင့်ရှင်းပြထားပြီး အသုံးအနှုန်းကအစ ဆောင်ရန်ရှောင်ရန် လိုက်နာရန်တို့ကိုညွှန်ကြားပြီးဖြစ်ပါသည်။
ပြည်တွင်းပြည်ပ မြန်မာ့အရေးလှုပ်ရှားသူများနှင့် ပြည်သူလူထုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကို မည်သို့ ဝိုင်းရံပံ့ပိုးပြီး ဘာတွေကိုရှောင် ဘာတွေကိုဆောင် ရမည်ဆိုသည်ကို လမ်းညွှန်မှု ပြုစေလိုပါသည်။ ဦးဆောင်လမ်းညွှန်မှုများ မရှိခဲ့ပါလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဘက်မှရပ်တည် ထောက်ခံသူများအနေဖြင့် တယောက်တပေါက်ဖြင့် ညီညွတ်မှုများ ပျက်ပြားနိုင်ပါသည်။
အလားတူ စစ်ဗိုလ်ဟောင်းများအစိုးရ ကို လည်းလျှော့၍ မတွက်သင့်ပါသည်။ လက်ရှိအခြေအနေသည် လွန်ခဲ့သော ၁၀နှစ်က အခြေအနေမျိုးနှင့် ခပ်ဆင်ဆင်ဖြစ်နေပါသည်။ ထိုစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို အမျိုးသားညီလာခံ ၌ စစ်အစိုးရ နှင့် ပူးပေါင်းရေး ဖြစ်ပြီး ယနေ့အချိန်မှာတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော အစိုးရ နှင့် ပူးပေါင်းရေးဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကိုပြည်သူက အကြွင်းမဲ့ယုံကြည်ပြီး ဖြစ်ပါသည်။ စစ်တပ်၏ လှည့်စားမှု အမျိုးမျိုးကိုလည်း ကောင်း စွာနားလည် သဘောပေါက်ပြီးသူများလည်း ဖြစ်သည်။
စာရေးသူအနေဖြင့် အတွေ့အကြုံအရ သံသယဖြစ်စရာလေးတွေ တွေ့နေရပါသည်။ သမ္မတကြီး ဦးသိန်းစိန် သာ လွတ်လွတ် လပ် လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိခဲ့မည်ဆိုပါက အကျဉ်းသားလွှတ်ရေးကိစ္စ ယခုကဲ့သို့ တုံ့ဆိုင်းနေစရာ အကြောင်း မရှိပါ။
အလားတူ တိုင်းရင်းသားအရေး ငြိမ်းချမ်းရေးကိစ္စများတွင် ယခုပုံစံမျိုးမလှုပ်ရှားနိုင်ပါ။ ယခုလက်ရာခြေရာများသည် စစ်အာဏာရှင် ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရာများနှင့်တထေရာတည်း တူနေပါသည်။
စာရေးသူတို့ ရှိစဉ်ကတည်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် အကွက်တကွက်ကို သူရွှေ့တော့မည်ဆိုလျှင် သတင်းစာ ဆောင်းပါးများ၊ အနီးကပ် အရာရှိကြီးများ မှတဆင့် သူလုပ်မည့် ကိစ္စများကို သတင်းလွှင့်တတ်ပါသည်။
ထို့နောက် အာဏာပိုင်များ နှင့် အရပ်သူအရပ်သား များအတွင်းမှ ထိုသတင်းအပေါ် တုံ့ပြန်ချက်ကို နားထောင်ပြီး လူတွေက သူဘာများ လုပ်မည်လည်း ဆိုသည့် မေးခွန်းများအပေါ် ကျေနပ်နေတတ်သူ တဦး ဖြစ်သည်။
တနည်းအားဖြင့် ပြည်သူလူထုအား စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခြင်းပင်ဖြစ်ပါသည်။ ယခုလည်း တကယ်စိတ်ကောင်း စေတနာဖြင့် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးသကဲ့သို့ နာမည်ကြီး ကိုဇာဂနာနှင့် အကျဉ်းသား၂၀၀ ကျော်ကိုလွှတ်ပြပြီး အသာလေးချိုထား လိုက်ပါသည်။
ငြိမ်းချမ်းရေးကိစ္စမှာလည်း ကချင် လွတ်လပ်ရေး တပ်မတော်(KIA)ကို ရှင်းရန် ကျန်တိုင်းရင်းသားများကို အချိုသပ်ထားလိုက် သည်။ ယခုအထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်တပ်က တရားဝင် အနားယူသည့် စစ်ရာထူးခန့်ချုပ် အမိန့်အတွက် မထုတ်ပြန်ရသေး ကြောင်း သတိပြုစေလိုပါသည်။
စာရေးသူအနေဖြင့် မိချောင်းမင်း ရေခင်းပြနေခြင်း မဟုတ်ပါ။ ပညာရှိ သတိဖြစ်ခဲ ဖြစ်မည်စိုးရိမ်၍ တင်ပြနေရခြင်းဖြစ် ပါသည်။
NLDလွှတ်တော်အတွင်း ဝင်ရောက်သည်ကို ထောက်ခံပါသည်။ ယခုကဲ့သို့နည်းလမ်းကို ရွေးချယ်မှုသည် ပြည်တွင်းရှိ ပြည်သူ လူထုအတွက် လက်ရှိအစိုးရနှင့် ရင်ဆိုင်ရာတွင် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်လိုက်ခြင်းဟု ထင်ပါသည်။
အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများကဲ့သို့ အကြမ်းဖက်မှုများမှလည်း ရှောင်ရှားလိုက်ရာ ရောက်ပါသည်။ စစ်ကျွန်ဘဝမှ လွတ်မြောက်လိုသော စစ်သည်များနှင့် မိသားစုများကလည်း NLD ကိုကြိုဆိုကြမှာ အမှန်ပါ။
သဘောထားတင်းမာသူ ခေါင်းဆောင်ကြီးလည်း အသက်အရွယ်အရ တရားရရန် အချိန်တန်နေပြီဖြစ်၍ မြန်မာနိုင်ငံ အနာဂါတ် မျိုးဆက်သစ် လူငယ်များအရေး ရှေးရှုပြီး သံဝေဂ ရသင့်ပါပြီ။
မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ စာရေးသူ သိရှိကြုံတွေ့ခဲ့ရသည်များကို တင်ပြခြင်းသာဖြစ်ပါသည်။ ပြည်သူအားလုံးလည်း ဒီမိုကရေစီ အရေး စိတ်အေးချင် ကြပါပြီ။ ။
(စာရေးသူ အောင်လင်းထွဋ်သည် ဗိုလ်မှူးဟောင်း တဦးဖြစ်သည်။ တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ ံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်)