မေး။ ။ ဦးဟန်ညောင်ဝေ ပြောချင်တာရဲ့ အခြေခံက မြန်မာပြည်မှာ မကြာသေးခင်ကဖြစ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အစစ်အမှန်တွေဖြစ်ပေမယ့် အလွယ်တကူနဲ့ ပျက်စီးသွားနိုင်သေးတယ်၊ ဒါကြောင့် ပြည်တွင်း အတိုက်အခံ အင်အားစုတွေ၊ ပြည်ပ အတိုက်အခံတွေအနေနဲ့ အပြောင်းအလဲတွေ နောက်ထပ်ဖြစ်လာအောင် တွန်းအားပေးသင့်တယ်လို့ ဆိုလိုသလိုမျိုးဖြစ်နေပါတယ်။ အပြောင်းအလဲတွေ ထပ်ဖြစ်လာဖို့ ဘယ်လို အထောက်အပံ့မျိုးတွေ ပေးသင့်တယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေရဲ့ စွမ်းဆောင်ရည်တွေကို တည်ဆောက်ဖို့နဲ့ စွမ်းဆောင်ရည် တိုးတက်မှုရှိလာစေဖို့ တွန်းအား ပေးသင့်ပါတယ်။ သူ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတယ်လို့ သမ္မတက ပြောပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှိတဲ့ သူ့ရဲ့တာဝန်တွေအတိုင်း တကယ်တမ်းဆောင်ရွက်ဖို့ သမ္မတကို ကျနော်တို့ တွန်းအား ပေးသင့်ပါတယ်။ ပြောရမယ်ဆိုရင်တော့ စစ်အာဏာရှင်ရဲ့ ထင်သလိုစိုးမိုးမှုနဲ့ အလွန်ကွဲပြားခြားနားတဲ့ တရားဥပဒေစိုးမိုးရေးကို လက်တွေ့ကျင့်သုံးတာပါပဲ။ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေကိုလည်း မဲဆန္ဒရှင်တွေအတွက် အကျိုးရှိစေမယ့် ဥပဒေတွေ တင်ပြခြင်းအားဖြင့် သူတို့ကို ရွေးချယ်ခဲ့တဲ့ပြည်သူတွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် ကျနော်တို့ တွန်း
အားပေးသင့်ပါတယ်။ ရှေရှည် တည်တံ့တဲ့ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့ဖွဲ့စည်းပုံနဲ့ မူဝါဒ နှစ်ခုစလုံးမှာ ဒီမိုကရေစီနည်းကျဖြစ်ဖို့ လိုအပ်ပါတယ်။
မူဝါဒရေးဆွဲရာ၊ ဥပဒကြမ်းရေးဆွဲရာနဲ့ ပါတီရဲ့အမြင်သဘောထားတွေကို လူထုထံတင်ပြရာမှာ သူတို့ စွမ်းဆောင်ရည်တွေ မြင့်တက်လာစေဖို့ ကျနော်တို့ သူတို့ကို ကူညီသင့်ပါတယ်။ အစိုးရဝန်ထမ်းတွေ ကိုလည်း သက်ဦးဆံပိုင်ခေါင်းဆောင်ရဲ့ ထင်သလို စိတ်ကူးနောက်လိုက် လုပ်တာမျိုးမဟုတ်ဘဲ လူထုကို အလုပ်အကျွေးပြုဖို့ သူတို့ အလုပ်တွေကို ဆောင်ရွက်ရာမှာ ပိုပြီးစနစ်တကျ လုပ်ကိုင်ဆောင်ရွက် တတ်လာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ တခြား စကားလုံးနဲ့ ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီစနစ် ဖြစ်လာဖို့ စောင့်နေမယ့်အစား ရနိုင်မယ့် အခွင့်အလမ်းတွေကို အသုံးပြုပြီး အစိုးရ အတွင်းမှာ ဒီမိုကရေစီနည်းကျတဲ့ စံနမူနာတွေနဲ့ လက်တွေ့လုပ်ဆောင်မှုတွေ အားကောင်းလာအောင် ဆောင်ရွက်သင့်ပါတယ်။ အဲ့ဒီလိုဆောင်ရွက်မယ်ဆိုရင် သူတို့အနေနဲ့လည်း အခြေခံကောင်းတဲ့ စနစ်ထဲမှာ အဖွဲ့အစည်းပုံစံတကျ လုပ်ငန်းလုပ်ဆောင် လာနိုင်ပါလိမ့်မယ်။
မေး။ ။ ဦးဟန်ညောင်ဝေရဲ့ ခရီးစဉ်အတွင်းမှာ ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့နိုင်ခဲ့ပါသလဲ။ တကယ်လို့ တွေ့နိုင်ခဲ့မယ် ဆိုရင် သူ့ကို ဘာတွေများ ပြောချင်ခဲ့ပါသလဲ။
ဖြေ။ ။ ရန်ကုန်မှာ ကျနော် ပထမဆုံး တနေ့လုံးရှိနေခဲ့တာက သောကြာနေ့ပါ။ အဲဒီနေ့က မြို့ထဲစိတ်ဝင်စားစရာတွေ လျှောက်ကြည့်တာရယ်၊ ပြီးတော့ အခြေအနေနဲ့ အသားကျအောင် လုပ်တာရယ်နဲ့ ကျနော်အချိန်ကုန်ခဲ့ပါတယ်။ ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့သင့်တယ်လို့ အဲ့ဒီနေ့မှာပဲ အကြံပေးတာရှိခဲ့ပါတယ်။ ကျနော်လည်း တွေ့ဖို့သဘောတူပြီး တွေ့မယ့်အချိန်၊ နေ့ရက်ကို စီစဉ်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျနော် သိရတာက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စနေ၊ တနင်္ဂနွေမှာ မိသားစုနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကလွဲလို့ ဘယ်သူ့ကိုမှ မတွေ့ဘူးဆိုတာရယ်၊ ပြီးတော့ ကျနော် ရှမ်းပြည်ကပြန်လာတဲ့အချိန် ဗုဒ္ဓဟူး ဒါမှမဟုတ် ကြာသာပတေးမှာ တွေ့မယ် ဆိုတာတွေပါပဲ။ ဒါပေမယ့် သူ့ဆီကို အမေရိကန် သံတမန် ဒဲရစ်မစ်ချယ် လာလည်နေတာမို့ ဗုဒ္ဓဟူး နေ့မှာ မတွေ့နိုင်ခဲ့ပါဘူး။ ကြာသာပတေးနေ့ ကျပြန်တော့လည်း ကျနော့်မှာ တခြားပါတီတွေနဲ့ တွေ့ဖို့စီစဉ်ပြီးသားဖြစ်နေတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ပါတီတွင်း အစည်းအဝေး ရှိနေတာရယ်တွေကြောင့် ကျနော်တို့ မတွေ့ဖြစ်ခဲ့ပြန်ပါဘူး။
ကျနော်လည်း သောကြာနေ့မနက်မှာ မြန်မာပြည်ကနေ ပြန်ထွက်လာခဲ့ပါတယ်။ တကယ်လို့ တွေ့ဖြစ်ခဲ့ကြမယ်ဆိုရင် လက်ရှိအခြေ အနေနဲ့ ဒီမိုကရေစီ မြှင့်တင်နိုင်ဖို့ သူဘယ်လိုစဉ်းစားသလဲ ဆိုတဲ့အပေါ်မှာ သူနဲ့ အမြင်ဖလှယ်ချင်ပါတယ်။
မေး။ ။ မြန်မာပြည်ထဲက တချို့ နိုင်ငံရေးလှုပ်ရှားသူတွေ ဦးဟန်ညောင်ဝေနဲ့ မတွေ့ချင်ဘူးလို့ ကျနော်တို့ ကြားရပါတယ်။ ဒီအပေါ်မှာ ထင်မြင်ချက် ပေးနိုင်ပါသလား။ မြန်မာပြည်မှာရှိနေစဉ် ဘယ်သူတွေနဲ့ တွေ့ခဲ့သလဲဆိုတာကို ပြောပြနိုင်ပါသလား။
ဖြေ။ ။ ကျနော့်မှာ ဘယ်သူ့ကိုမှ တွေ့ဖို့ ကြိုတင် အစီအစဉ်မရှိခဲ့ပါဘူး။ ဒါကြောင့် တချို့နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေး သမားတွေ ကျနော့်ကို မတွေ့ချင်ဘူးဆိုတာကိုလည်း မသိပါဘူး။ ကျနော် တွေ့ခဲ့တာတွေကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းအမျိုးသား များဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ၊ ရခိုင် အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီနဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီတို့ပဲ ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) တွေကို ကျနော်မတွေ့ခဲ့ပါဘူး။
မေး။ ။ ဦးဟန်ညောင်ဝေ တွေ့ခဲ့တဲ့ နိုင်ငံရေးပါတီတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ EBO က ငွေကြေး အထောက်အပံ့ ပေးခဲ့တဲ့ ပါတီတွေလား။
ဖြေ။ ။ ကျနော်တို့ ဘယ်နိုင်ငံရေးပါတီကိုမှ ငွေကြေးအထောက်အပံ့ မပေးခဲ့ပါဘူး။ အဲဒီလိုထောက်ပံ့မယ်ဆိုရင် တရားမဝင်လို့ သတ်မှတ်ခံရပြီး နိုင်ငံရေးပါတီတွေလည်း မှတ်ပုံတင် ပယ်ဖျက်ခံရပါလိမ့်မယ်။ ရွေးကောက်ပွဲဝင်ချင်တဲ့ သူတွေကို ကျနော်တို့ ထောက်ပံ့မယ်လို့ ပြောတဲ့အခါ နိုင်ငံရေးပါတီတွေအတွက် ငွေကြေးထောက်ပံ့မယ်လို့ လူတွေက မြင်ကြပါတယ်။ တကယ်က အဲဒီလို မဟုတ်ပါဘူး။
ကျနော်တို့ရည်ရွယ်ချက်က နိုင်ငံရေးပါတီတွေ ထူထောင်ဖို့မဟုတ်သလို ဂိုဏ်းဂန ထူထောင်ဖို့လည်း မဟုတ်ပါဘူး။ ပြည်သူတွေ အနေနဲ့ သူတို့အခွင့်အရေးကို သူတို့သိပြီး သူတို့ရည်မှန်းချက်ပြည့်ဝဖို့ ဆန္ဒမဲပေးတာနဲ့ ပါလီမန်စနစ်တွေကို အသုံးပြုနိုင် စေချင် ပါတယ်။ ဒီမိုကရေစီအခြေခံ သဘောတရား၊ နိုင်ငံရေးပါတီဖွဲ့စည်းမှု၊ မဲဆန္ဒရှင် စည်းရုံးမှု၊ ရွေးကောက်ပွဲနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုကျင်းပသလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး သင်တန်းပေးဖို့ အဖွဲ့အစည်းတွေကို ကျနော်တို့ ငွေးကြေးထောက်ပံ့ ပေးခဲ့ပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာမယ့် အစုအဖွဲ့တွေကိုလည်း စောင့်ကြည့် လေ့လာနိုင်အောင် ကျနော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သင်တန်းလာတက်တဲ့ သင်တန်းသားတွေအနေနဲ့ သင်တန်းအတွက် ငွေကြေး အကူအညီဟာ ကျနော်တို့ဆီက လာတယ်ဆိုတာကို မသိသလို သင်တန်းသားတွေဟာလည်း ဘယ်နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ဆက်နွှယ် နေသလဲ ဆိုတာကို ကျနော်တို့မသိပါဘူး။ တချို့သင်တန်းသားတွေဟာ ကြံ့ဖွံ့ပါတီနဲ့ တစညပါတီက လူတွေတောင် ဖြစ်နိုင် ပါတယ်။ ဒါကြောင့် ကျနော်တွေ့ခဲ့တဲ့ လူတွေထဲမှာ ဘယ်သူကတော့ဖြင့် EBO ငွေကြေးထောက်ပံ့တဲ့ သင်တန်း တက်လာခဲ့ဖူးသူ ဖြစ်တယ်ဆိုတာကို ကျနော်ဘယ်လိုမှ ခွဲခြားမသိနိုင်ပါဘူး။
မေး။ ။ အစိုးရအသစ်ထဲမှာ သဘောထား တင်းမာသူနဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေအကြား အကွဲအပြဲရှိနေတယ်ဆိုတဲ့ ထင်မြင်ယူဆချက် အပေါ် ဦးဟန်ညောင်ဝေ ဘယ်လိုမြင်ပါသလဲ။ ဒီလိုအကွဲအပြဲတွေ ရှိနေတယ်လို့ ပြောနေတဲ့ကြားမှာပဲ မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့လိုက်တဲ့အပေါ် ဘယ်လိုယူဆပါလဲ။
ဖြေ။ ။ ဒီကိစ္စဟာ သဘောထား တင်းမာသူတွေက တဘက်၊ ပြုပြင်ပြောင်းလဲရေးသမားတွေက တဘက် ဖြစ်နေတဲ့ကိစ္စလို့ ကျနော် ပုဂ္ဂိုလ်ရေးအရ အယုံအကြည်မရှိပါဘူး။ ခေါင်းဆောင်ပိုင်းမှာရှိတဲ့ လူတိုင်းဟာ အစိုးရအသစ်ကို အောင်မြင်စေချင် ကြတာပါ။ ဒါဟာ စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် လုပ်မယ့် နအဖ အစိုးရရဲ့ အစီအစဉ် တစုံလုံးဖြစ်ပါတယ်။ ခေါင်းဆောင်ပိုင်းက လူတွေထဲမှာ ကွဲပြားတာကတော့ ပုဂ္ဂိုလ်ရေးအရ ယှဉ်ပြိုင်မှုတွေနဲ့ သမ္မတဦးသိန်းစိန် အနေနဲ့ စစ်အုပ်ချုပ် ရေးကို တရားဝင်ဖြစ်အောင် လုပ်ဖို့ ကြိုးစားတဲ့နေရာမှာ သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ သိပ်ကို အလှမ်းကွာပြီး သိပ်မြန်သွားမလား ဆိုတဲ့အပေါ် စိုးရိမ်မှုတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုတွေသာ အလုပ်ဖြစ်မယ်ဆိုရင် အဲဒီ စိုးရိမ်မှုတွေ ပြေပျောက် သွားမှာဖြစ်ပြီး သဘောထားတင်းမာသူလို့ ဆိုသူတွေဟာလည်း ပြုပြင်ပြောင်းလဲမှုတွေကို သဘောတူကြမှာပါ။
မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့မှုမှာ တချို့ခေါင်းဆောင်တွေအတွက် ငွေကြေးဂယက် ရိုက်မှုရှိပါတယ်။ ဒီကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းတာ၊ ဒါမှမဟုတ် လျော်ကြေးပေးတာတွေ လုပ်မယ်ဆိုရင် အထက်အာဏာပိုင် အဆင့်မှာ ထင်ရှားတဲ့ အကျိုးသက်ရောက်မှု ဘာမှ ရှိမှာမဟုတ်ပါဘူး။
မေး။ ။ အစိုးရအဖွဲ့ဝင်တချို့ကို ပြုပြင်ပြောင်းလဲရေး သမားတွေလို့ သတ်မှတ်ပြီး တချို့ကိုတော့ အပြောင်းအလဲကို ဆန့်ကျင် သူတွေလို့ မြင်ကြတာရှိပါတယ်။ ဒါပေမယ့် အတော်များများကတော့ ခြံစည်းရိုး ခွထိုင်နေသလို ဖြစ်နေပါတယ်။ အဲဒီ ခြံစည်းရိုး ခွထိုင်နေသူတွေကို ပြုပြင်ပြောင်းလဲရေး သမားတွေနဲ့ပေါင်းအောင် ဘယ်လို ဖျောင်းဖျနိုင်မယ်လို့ ဦးဟန်ညောင်ဝေ ယူဆပါသလဲ။
ဖြေ။ ။ အများစုက ခြံစည်းရိုးခွထိုင်နေသူတွေ ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က ဗိုလ်ချုပ်ကြီး နေဝင်း ထူထောင်ခဲ့တဲ့ စနစ် ပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ နဝတ၊ နအဖတို့က လက်ဆင့် ကမ်းခဲ့တဲ့ အဲဒီစနစ် အောက်မှာ ခြံစည်းရိုးပေါ်ခွထိုင်ပြီး အခြေအနေတွေ အေးဆေးသွားတဲ့အထိ စောင့်နိုင်မှပဲ ခင်ဗျား အသက်ရှင် ရပ်တည်နိုင်မှာလေ။ လေက ဘယ်ဘက်ကို တိုက်နေသလဲဆိုတာ ရှင်းသွားရင်တော့ လူတိုင်းလာပေါင်းကြမှာပါပဲ။ ဘယ်သူ့ကိုမှ ဖျောင်းဖျဖို့ မလိုပါဘူး။
မေး။ ။ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ အပစ်အခတ်ရပ်စဲနိုင်အောင် အစိုးရ ပြောသလို တိုင်းရင်းသား အဖွဲ့တွေ အစိုးရနဲ့ တဖွဲ့ချင်းစီ တွေ့ကြဖို့နဲ့ အဲ့ဒီဆွေးနွေးမှုတွေ အပြီးမှာ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီက ဆော်သြသလို ရေရှည်တည်တံ့နိုင်မယ့် နိုင်ငံရေး အဖြေရနိုင်အောင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်ပြီး အစိုးရနဲ့ ဆွေးနွေးဖို့ ဦးဟန်ညောင်ဝေ ဆော်သြခဲ့ပါတယ်။ ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တော်တော်များများက ဒီလုပ်ငန်းစဉ်ရဲ့ ပထမအဆင့်ကို အစိုးရက “ခွဲခြားပြီးအနိုင်ယူမယ့်” နည်းနာတခုလို့ မှတ်ယူကြပါတယ်။ တကယ်လို့ ဒီနည်းလမ်းသာ သဘောတူ လက်ခံခဲ့မယ်ဆိုရင် လုပ်ငန်းစဉ် ဒုတိယအဆင့်ကို ဘယ်လောက်မြန်မြန် အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ကြားမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပါရစေ။ နိုင်ငံရေးအဖြေတခုကို ကျနော် အမြဲတမ်း ဆော်သြခဲ့တာပါ။ ဒါပေမယ့် ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆိုတာကို တိုက်ပွဲဝင်နေသူတွေကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အစိုးရက အဆင့် ၄ ဆင့်ပါ လုပ်ငန်းစဉ်ကို အဆိုပြုနေပါတယ်။ ပထမအဆင့်က အပစ်အခတ်ရပ်စဲရေး၊ ဒုတိယက ဆက်သွယ်ရေး ရုံးတွေ အပြန်အလှန်ဖွင့်လှစ်ရေး၊ တတိယက တယောက်နယ်ထဲကို တယောက်မလာခင် ကြိုတင်အသိပေးရေးနဲ့ စတုတ္ထက နိုင်ငံရေးဆွေးနွေးမှုတို့ဖြစ်ကြပါတယ်။ အဆင့် ၁ ကနေ ၃ အထိကို ပြည်နယ်အဆင့်မှာ ပြီးအောင်လုပ်ဖို့ဖြစ်ပြီး အဆင့် ၄ ကိုတော့ နေပြည်တော်နဲ့ ဆက်စပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးစကား စပြောနိုင်ဖို့အတွက် စစ်မက်ဖြစ်ပွားနေတာတွေကို ကနဦး ရပ်ဆိုင်းရမှာဖြစ်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။
ခင်ဗျား တယောက်ယောက်နဲ့ အပြန်အလှန်ပစ်ခတ်နေချိန်မှာ အဲ့ဒီလူနဲ့ စကားမပြောနိုင်ပါဘူး။ ပစ်ခတ်တာတွေ ဖြစ်နေချိန်မှာ စိတ်ခံစားမှုတွေ မြင့်တက်လာပြီး ပဋိပက္ခဟာလည်း ဘယ်လိုမှ ရှေ့ဆက်ထိန်းချုပ်မရနိုင်တဲ့ အဆင့်အထိ ကြီးထွားလာနိုင်ပါတယ်။ အဲ့ဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ နိုင်ငံရေးဆွေးနွေးမှုအတွက် ခင်ဗျားရဲ့ အခွင့်အလမ်းတွေဟာ နတိ္ထပါပဲ။
အစိုးရရဲ့ အဆိုပြုချက်ကို သဘာဝအတိုင်း သံသယနဲ့ ရှုမြင်ကြပါတယ်။ ဒါပေမယ့် ဒီအဆိုပြုချက်ဟာ နှစ် ၅၀ အတွင်း အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ဒုတိယအကြိမ် တရားဝင်ကမ်းလှမ်းမှုဖြစ်ပါတယ်။ ၁၉၆၃ မှာ ဗိုလ်ချုပ်ကြီးနေဝင်းက ပထမ အကြိမ် ကမ်းလှမ်းခဲ့ပါတယ်။ ၁၉၈၉ နဲ့ ၁၉၉၀ အစောပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတော့ နည်းနာအရ တရားဝင် မဟုတ်ပါဘူး။ အဲဒီဆွေးနွေးပွဲတွေကို ထောက်လှမ်းရေးက ခိုးကြောင်ခိုးဝှက် လုပ်ခဲ့တာပါ။ ဒါကြောင့် လက်ရှိကမ်းလှမ်းမှုကို လက်မလွှတ်သင့်ပါဘူး။ ဒီကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး ရေရေရာရာသိအောင် ဆောင်ရွက်သင့်ပါတယ်။
ဘယ်လို အပစ်အခတ်ရပ်စဲရေး စေ့စပ် ဆွေးနွေးမှုမှာမဆို တကယ်တိုက်ပွဲဝင်နေသူတွေအကြား သတ်မှတ်ချက်တွေအပေါ် ညှိနှိုင်းကြတာဟာ သဘာဝ ကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ သူတို့အခြေအနေနဲ့ ကိုက်ညီမယ့် သီးခြား လိုအပ်ချက်တွေ ရှိနေတာကိုး။ ဒါကြောင့် သီအိုရီအရ အဆင့် ၁ ကနေ ၃ အထိ ပြည်နယ်အစိုးရနဲ့ စကားပြောတာဟာ ပြဿနာကြီးတရပ်အဖြစ် ရှိမနေသင့်ပါဘူး။
ပဋိပက္ခတရပ်မှာ ဘယ်ပြိုင်ဘက်မဆို ကိုယ့်ပြိုင်ဘက်ကို ခွဲခြားအနိုင်ယူဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဒါက သဘာဝပါ။ လူတိုင်းက ကိုယ့်ရဲ့ အားကောင်းတဲ့ အနေအထားကနေပဲ စေ့စပ်ဆွေးနွေးချင်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကို အသုံးချမခံရအောင် ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ လူတယောက်ဟာ ပြင်ပြင်ဆင်ဆင်ရှိမယ်ဆိုရင် သူ့ပြိုင်ဘက်က ဘယ်လို နည်းဗျူဟာသုံးသုံး ပြဿနာမရှိပါဘူး။ ကိုယ့်တဖွဲ့တည်းဖြစ်ဖြစ် ဒါမှမဟုတ်လည်း အဖွဲ့တွေအများကြီးနဲ့ဖြစ်ဖြစ် စေ့စပ်ဆွေးနွေးနိုင်ပါတယ်။ တကယ်လို့ ပြင်ဆင်မှုမရှိဘူးဆိုရင်တော့ ကိုယ့်တဖွဲ့တည်း စေ့စပ်ဆွေးနွေးရင်တောင်မှပဲ ချေမှုန်းခံရပါလိမ့်မယ်။
နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာတဲ့အခါ နိုင်ငံ့အကျိုးစီးပွားပိုင်ဆိုင်သူတွေဟာ လက်နက်ကိုင်အဖွဲ့တွေချည်းသက်သက် မဟုတ်တော့ပါ ဘူး။ သူတို့ဟာ အရေးကြီးတဲ့ အကျိုးစီးပွားပိုင်ဆိုင်သူတဦးသာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းငယ်တွေနဲ့ ဘာသာရေး၊ ယဉ်ကျေးမှုအဖွဲ့တွေကို ကိုယ်စားပြုသူတွေ၊ နိုင်ငံရေးပါတီတွေကိုလည်း ဆွေးနွေးပွဲမှာ ထည့်သွင်းဖို့ လိုအပ်ပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် ကျနော်တို့မှာ ရေရှည်တည်တံ့မယ့် နိုင်ငံရေးအဖြေရှိမှာ မဟုတ်ပါဘူး။ ၁၉၉၀ ကာလ အပစ်အခတ်ရပ်စဲ မှုတွေဟာ ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြဆိုနေပါတယ်။ အဲဒီအချိန်တုန်းက တပ်မတော်ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင် အဖွဲ့တွေကြားမှာ အပေးအယူလုပ်ခဲ့ပါတယ်၊ ငြိမ်းချမ်းရေးတစုံတရာ ရှိခဲ့ပေမယ့် မထိန်းထားနိုင်ခဲ့ပါဘူး၊ ပြီးတော့ နိုင်ငံရေး အဖြေတွေကိုလည်း မရှာနိုင်ခဲ့ပါဘူး။
စစ်မက်ဖြစ်ပွားနေတာတွေကို ချက်ချင်းရပ်ဆိုင်းနိုင်ပါတယ်။ စစ်မက်ပြန်မဖြစ်အောင် သေချာစေဖို့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အသေးစိပ်ညှိနှိုင်းမှုတွေဟာ အချိန်ကြာနိုင်ပါတယ်၊ တနှစ်လောက်တောင် ကြာနိုင်ပါတယ်။ နိုင်ငံရေးအဖြေရှာဖို့ဆိုရင် တော့ ဒီထက် ပိုကြာနိုင်ပါတယ်။ အဖြေရှာတဲ့နေရာမှာ တိုင်းရင်းသားပြည်နယ် ၇ ခုသာမကပဲ တတိုင်းတပြည်လုံး ပါဝင်ဆောင်ရွက် ဖို့ လိုပါတယ်။ ဒါပေမယ့် ဘာပြီးမှဘာလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်အဆင့်တွေကို အစီအစဉ်ချထားစရာမလိုပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေကို စစ်မက်ဖြစ်ပွားတာတွေ ရပ်ဆိုင်းတာနဲ့တပြိုင်နက် အမြန်ဆုံး စတင်ဆောင်ရွက်နိုင်ပါတယ်။
မေး။ ။ ဦးဟန်ညောင်ဝေအနေနဲ့ တိုင်းရင်းသားဒေသတွေအတွက် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့နေရာမှာ ပါဝင် ဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါမှန်ပါသလား။ မှန်တယ်ဆိုရင် ဘယ်အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ကြည့်မိပါသလဲ။
ဖြေ။ ။ နိုင်ငံ့အကျိုးစီးပွား ပိုင်ဆိုင်သူတွေအားလုံးအနေနဲ့ မျှမျှတတ သမာသမတ်ကျတဲ့ ငြိမ်းငြိမ်းချမ်းချမ်း နိုင်ငံရေးအဖြေရှာဖို့ တွန်းအားပေးတဲ့ အခန်းကဏ္ဍကကျော်ပြီး ကိုယ့်ကိုကိုယ်မမြင်ကြည့်မိပါဘူး။ အစိုးရအဆက်ဆက်က “တိုင်းရင်းသားပြဿနာ” ကို နည်းလမ်း အမှားနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ တိုင်းရင်းသားကိစ္စနဲ့ပတ်သက်ပြီး မတူတဲ့အမြင်ကို တင်ပြဖို့ ကြိုးစားသူ ဘယ်သူပဲဖြစ်ဖြစ် အစိုးရကို ပုန်ကန်သူလို့ အမြဲတမ်း အမြင်ခံရပါတယ်။ လူများစုဖြစ်တဲ့ ဗမာတွေကလည်း တိုင်းရင်းသား အဖွဲ့တွေဘာကြောင့် သိပ်ဒုက္ခရောက်နေကြတယ်ဆိုတာကို ဘယ်တော့မှ နားမလည်ခဲ့ပါဘူး။ ဘယ်အရင်ခေါင်းဆောင်မှ နားမလည်သလို အခု ခေါင်းဆောင်တွေလည်း နားမလည်ပါဘူး။ ဒါကြောင့် ပြဿနာဖြေရှင်းတာဟာ လွယ်လွယ်ကူကူနဲ့ ဖြစ်လာဖို့ မလွယ်ကူ နိုင်ပါဘူး။
အစိုးရအပါအဝင် ပြည်သူလူထုအနေနဲ့ အရင်းခံအကြောင်းတရားတွေနဲ့ ဘာကြောင့် တိုင်းရင်းသားတွေဟာ အကိုကြီး ဗမာတွေရဲ့ “သဘောထားကြီးမှု” အပေါ် “တန်ဖိုးထားကျေးဇူးတင်ခြင်း” မရှိဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ ဆယ်စုနှစ်ချီတဲ့ တန်ပြန် သောင်းကျန်းသူ စစ်ဆင်ရေးတွေဟာ အမုန်းတရားနဲ့ ခါးသီးမှုတွေကို နက်နက်ရှိုင်းရှိုင်း ကြီးထွားစေခဲ့ပါတယ်။ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားများကောင်စီရဲ့ လေ့လာချက်တခုမှာ တချို့ကိစ္စတွေကို ဆွေးနွေးထားပါတယ်။ အခုလို အပြန်အလှန်တုံ့ပြန်မှုမျိုးတွေ ကျနော်တို့ ပိုဆောင်ရွက်ဖို့ လိုပါတယ်။
မြန်မာပြည်သူတွေအပါအဝင် နိုင်ငံတကာမိသားစုက လူအများစုဟာ တိုင်းရင်းသားပြဿနာကို အပယိကကိစ္စလို့ ယူဆနေဆဲပါ။ မြန်မာပြည်မှာ ကျနော်တို့ ဒီမိုကရေစီရတာနဲ့ အဲဒီကိစ္စကို ဖြေရှင်းနိုင်လိမ့်မယ်လို့ သူတို့ ယုံကြည်နေကြပါတယ်။ မမှန်ပါဘူး။ ပြဿနာက ဒီမိုကရေစီကာလမှာ မြစ်ဖျားခံခဲ့တာပါ။ ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ထားတဲ့ ဦးနုအစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်းက သဘောမတူတာ ကြောင့် ကျနော်တို့လွတ်လပ်မှု ဆုံးရှုံးခဲ့ရသလို ဒီမိုကရေစီလည်း ဆုံးရှုံးခဲ့ရပါတယ်။ တပ်မတော်အနေနဲ့ တိုင်းရင်းသားကိစ္စကို စိတ်တိုင်း ကျတဲ့အထိ မဖြေရှင်းဘဲ မြန်မာပြည်မှာ ဒီမိုကရေစီအပြည့်အဝ အကောင်အထည်ဖော်ဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။
ဒီနေရာမှာ တိုင်းရင်းသားတွေ၊ လူများစုဗမာတွေနဲ့ တပ်မတော်တို့ ကျေနပ်မယ့်အဖြေကို ကျနော်တို့ ရှာနိုင်မလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ ရှေ့တိုးနိုင်တဲ့ ဖြစ်နိုင်ခြေနည်းလမ်းတခုကတော့ ပြည်နယ်ဥပဒေပြုလွှတ်တော်တွေနဲ့ ပြည်နယ်အစိုးရတွေ ရှိခွင့်ပြု တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို အသုံးပြုဖို့ဖြစ်ပါတယ်။ အဲဒီပြည်နယ်လွှတ်တော်နဲ့ အစိုးရတွေမှာ လုပ်ပိုင် ခွင့် အကန့်အသတ်ရှိပါတယ်၊ ဒါပေမယ့် ဒီဖွဲ့စည်းပုံဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ်ကတည်းက တိုင်းရင်းသားပြည် နယ်တွေ လှုပ်ရှားတောင်းဆိုလာခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စကို စတင်ကိုင်တွယ်ဖြေရှင်းတဲ့ တခုတည်းသော ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေပါ။ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကိုတော့ သမ္မတရဲ့ ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချရေးမူဝါဒနဲ့ အညီ ချဲ့ထွင် နိုင်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာလည်း အမေရိကန်ပြည်ထောင်စုက National Guard လိုမျိုး ပြည်နယ်အစိုးရလက် အောက်ခံ အင်အားစုတွေ ဖြစ်လာနိုင်ပါတယ်။
မေး။ ။ အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ ဘာကြောင့် နှောင့်နှေးနေရတယ်လို့ ထင်ပါသလဲ။ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆိုင်းငံ့လိုက်တာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည်ဆက်သွယ်တာမျိုး၊ မီဒီယာအပေါ် ထိန်းချုပ်တွေ လျှော့ပေးတာမျိုး စတဲ့လိုက်လျောမှုတွေ လုပ်ခဲ့တာမို့ တစုံတရာ “အကျိုးအမြတ်” ပြန်ရအောင် နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ဘဲ ထားထားတယ်လို့ ထင်ပါသလား။
ဖြေ။ ။ ကျနော်တို့မှာ အခု “အရပ်သား” အစိုးရရှိနေပေမယ့် အစိုးရရဲ့ စဉ်းစားဆောင်ရွက်ပုံတွေကတော့ စစ်တပ်လိုပဲ ရှိနေဆဲပါ။ အစိုးရခေါင်းဆောင်တွေက ကိစ္စရပ်တွေကို လုံခြုံရေးရှုထောင့်ကပဲ စဉ်းစားပါတယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေး ခြင်းအားဖြင့် အုံကြွမှုဆီကို ဦးတည်နိုင်တဲ့ အလားအလာ ရှိပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အသုတ်လိုက်ပဲ လွှတ်ပေးပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ တုံ့ပြန်မှုကို အကဲဖြတ်သုံးသပ်နေတာ ဖြစ်ပါ တယ်။ အန္တရာယ်ဖြစ်စေမယ့် အကျိုးဆက်တွေ ဘာမှမရှိဘူးဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို သူတို့ လွှတ်ပေးမှာပါ။ ဒါပေမယ့် အုံကြွမှုဖြစ်ရင်တော့ လွှတ်ပေးတာကို ရပ်လိုက်ပါလိမ့်မယ်။
ဘယ်သူ့ဆီကနေ “အကျိုးအမြတ်” ပြန်ရဖို့ သူတို့ မျှော်လင့်မှာလဲ၊ နိုင်ငံတကာ မိသားစုဆီကလား။ သူတို့အဲဒီလို စဉ်းစားမယ်ဆို တာကို ကျနော်သံသယ ရှိပါတယ်။ သူတို့သာ တကယ်လို့ စဉ်းစားခဲ့ရင် ဒီထက်ပိုထိရောက်တဲ့ “လိုက်လျောမှုတွေ” ကို စီမံဆောင် ရွက်ပြီးပြီပေါ့။ နိုင်ငံရေးအကျဉ်းသားကိစ္စက အငြင်းပွားစရာကိစ္စပါ။ အရင်အစိုးရတွေက နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ အခိုင် အမာပြောခဲ့ပါတယ်။ အတိုက်အခံကတော့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိတယ်လို့ အခိုင်အမာဆိုပါတယ်။ ဒီကိစ္စကို ကျယ်ကျယ် ပြန့်ပြန့်မသိကြပါဘူး၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက်မှာ အသင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို ၁၃၀၀ ရှိတယ်လို့ ပြန်လည်စိစစ်အတည်ပြုခဲ့ပါတယ်။ အစိုးရအနေနဲ့လည်း အရင်ကမပြောပေမယ့် အခုတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားရှိတယ်လို့ ထုတ်ပြောပါတယ်။ နိုင်ငံ ရေးအကျဉ်းသား ၆၀၀ ခန့်ရှိတယ်၊ အဲ့ဒီအထဲက ၁၀၀ ဟာ တခြားရာဇဝတ်မှုတွေနဲ့ပါ အပြစ်ပေး ခံထားရတာဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။ ဒီနေရာမှာ မေးခွန်းမေးစရာဖြစ်လာတာက နိုင်ငံအကျဉ်းသားအားလုံး လွတ်မြောက်ပြီလို့ ကျနော်တို့ ဘယ်အချိန်မှာ ပြောနိုင်မှာလဲ ဆိုတာပါပဲ။ နိုင်ငံအကျဉ်းသားအရေအတွက် ဘယ်လောက်လွတ်ရင် ကျနော်တို့ ကျေနပ်မှာလဲ၊ ၆၀၀ လား၊ ၁၃၀၀ လား ဒါမှမဟုတ် ၂၀၀၀ လား။
မေး။ ။ မြန်မာပြည်ဟာ နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလထဲကို ချဉ်းနင်းဝင်ရောက်နေပြီလို့ ထင်ပါသလား။
ဖြေ။ ။ သေချာတာပေါ့။ မြန်မာပြည်ကို စံပြဒီမိုကရေစီနိုင်ငံတခုအဖြစ် ကျနော်တို့ မျှော်လင့်ထားတယ်ဆိုရင်တော့ အဲ့ဒီအဆင့်ကို မရောက်သေးဘူးဆိုတာ ရှင်းပါတယ်၊ ပြီးတော့ စံပြဒီမိုကရေစီနဲ့ပတ်သက်တဲ့ တယောက်ချင်းရဲ့အမြင်တွေအပေါ် မူတည်ပြီး အဲဒီ အဆင့်ကို ရောက်ချင်မှလည်း ရောက်ပါလိမ့်မယ်။ ဒါပေမယ့် အခုမြန်မာပြည်မှာ ဘာတွေဖြစ်နေသလဲဆိုတာနဲ့ လွန်ခဲ့တဲ့ ၆ လ လောက်က ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတာကို ယှဉ်ကြည့်မယ်ဆိုရင် အပြောင်းအလဲတွေဖြစ်နေပြီဆိုတာကို ကျနော်တို့ အသေအချာ ပြောနိုင်ပါတယ်။ ဒီအခြေအနေက အနောက်ကို ပြန်ရောက်သွားနိုင်ပါသေးတယ်။ ဒါပေမယ့် အပြောင်းအလဲတွေဟာ အရှိန်ရလာ နေသလိုမျိုးရှိပါတယ်၊ ထိန်းမနိုင်သိမ်းမရတဲ့ အနေအထားကြီးတခု ပေါ်ပေါက်လာပြီး သမ္မတအနေနဲ့ မှန်မှန်ကန်ကန် ကိုင်တွယ်မှု မရှိတာကလွဲလို့ လက်ရှိအခြေအနေကနေ အရင်စနစ်ဟောင်းဆီ ပြန်ရောက်သွားနိုင်ဖို့ သိပ်ကို ခက်ခဲသလိုမျိုးဖြစ်နေပါတယ်။ မြန်မာနိုင်ငံ ပြည်သူတွေ ကောင်းစားဖို့အတွက် အဲဒီလိုအနေအထား မပေါ်ပေါက်ပါစေနဲ့လို့ ကျနော် မျှော်လင့်ပါတယ်။
ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ် စာမျက်နှာမှ An Exile Returns ကို ဆီလျော်အောင် ပြန်ဆိုသည်။
ဦးဟန်ညောင်ဝေ၏ ပြည်တော်ပြန်ခရီး အတွေ့အကြုံ (၁)