"တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်တာမျိုး ဖြစ်သင့်တယ်"

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ပြည်ပတွင်  မွေးဖွားခဲ့သူ ဗိုလ်မှူးချုပ် စောဆာဂေးသည် ကရင် အမျိုးသား အစည်းအရုံး (KNU) တွင် ၁၉၈၉ ခုနှစ်မှစပြီး တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိအချိန်တွင် KNU  ဗဟိုကော်မတီဝင်၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ အထူးစစ်ဗျူဟာဌာနမှူး စသည့် တာဝန်များ ထမ်းဆောင်လျက်ရှိသည်။

စောဆာဂေးသည် ၁၉၉၅ နှစ်တွင် စပိန်နှင့် ပေါ်တူဂီနိုင်ငံဆိုင်ရာ KNU ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉၇ မှ စ၍ ဥရောပနိုင်ငံများဆိုင်ရာ ကိုယ်စားလှယ် ဖြစ်လာသည်။

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူရေး၊ မြန်မာနိုင်ငံ တိုင်းရင်းသားများအရေးတို့ကို KNU၏ မူဝါဒများအတိုင်း နိုင်ငံတကာတွင် လှုံ့ဆော်ခဲ့သူဖြစ်သည်။

အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDF)၊ တိုင်းရင်းသား လူမျိုးစုများကောင်စီ (ENC) တို့တွင်လည်း KNU ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသည်။

အစိုးရနှင့် KNU တို့၏ လတ်တလော ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ အကြီးတန်းသတင်းထောက် စောရန်နိုင်က ဗိုလ်မှူးချုပ် စောဆာဂေးကို မကြာသေးမီက ဆက်သွယ် မေးမြန်းထားသည်။

မေး။   ။ အခုလ အစောပိုင်းက KNU က ဗဟိုကော်မတီ အစည်းအဝေးအပြီးမှာ  ငြိမ်းချမ်းရေး ကော်မတီကို အရေးပေါ် ဖွဲ့စည်းခဲ့တာ ဘာကြောင့်လဲ။

ဖြေ။   ။ မကြာသေးခင်က ကျနော်တို့ နဲ့ အစိုးရဘက်က ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ တွေ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျတဲ့ နိုင်ငံရေး လုပ်ငန်းတွေကို ဖော်ဆောင်ရာမှာ အသေအချာ ကွပ်ကဲဖို့ အပြင် ဆွေးနွေးပွဲရဲ့ တိုးတက်မှု ရလဒ်ကို မူတည်ပြီး အဲဒီ ကော်မတီကပဲ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ အရင် ဆွေးနွေးပွဲတွေတုန်းက နားလည်မှုလွဲတာတွေ၊ ဦးဆောင်ကွပ်ကဲမှု အားနည်းတာတွေ ရှိပါတယ်။ ကျနော်တို့ရဲ့ မူဝါဒတွေ၊ ဆွေးနွေးပွဲနဲ့ ပတ်သက်တာတွေကို နားမလည်ဘဲနဲ့ အမျိုးမျိုး ပြောခဲ့တာမျိုးလည်း ရှိပါတယ်။ အဲဒါတွေကို ပြန်ပြီး ထိန်းကျောင်းဖို့ အတွက်လည်း ရည်ရွယ်ပါတယ်။

မေး။   ။ အဲဒီ ကော်မတီမှာ ဘယ်သူတွေ ပါသလဲ။

ဖြေ။   ။ ကော်မတီအဖွဲ့ဝင် ၇ ဦး ပါဝင်ပြီးတော့ KNU ရဲ့ ဒု ဥက္ကဋ္ဌ စောဒေးဗစ် သာကပေါက ဦးဆောင်မှာဖြစ်ပါတယ်၊ အဲဒါက ဦးဆောင်ကွပ်ကဲမယ့် အဖွဲ့ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ မဟုတ်ပါဘူး။ အဲဒီအဖွဲ့ကပဲ လိုအပ်တဲ့ မူဝါဒတွေကို ချမှတ်ပေးသွားမှာဖြစ်ပါတယ်။

မေး။   ။ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် အစိုးရဘက်က အရင်ကလည်း အခုလို ကမ်းလှမ်းတာမျိုး ရှိပါတယ်။  ဒီတကြိမ် ကမ်းလှမ်းတာကရော ဘယ်လောက်ထိ လေးနက်မှု ရှိလဲ။

ဖြေ။   ။ အရင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက်က သုံးခဲ့တဲ့ နည်းတွေလိုပဲ တိုင်းရင်းသားအဖွဲ့တွေကို သွေးခွဲ သပ်လျှိုနေတုန်းလို့ ကျနော်တို့ မြင်ထားပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို အခြေခံထားတယ်၊ ပြည်ထောင်စုနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို အကျိုးမပြုဘူး၊ သူတို့ရဲ့ အာဏာ ဆက်လက် တည်တံ့ဖို့အတွက်ပဲလို့ မြင်ထားပါတယ်။

မေး။   ။ KNU ဘက်က ဘယ်ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာလဲ၊ ဆွေးနွေးမှုကနေ ဘာတွေကို မျှော်လင့်ထားလဲ။

ဖြေ။   ။ နိုင်ငံတနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဆိုတာ အဓိပ္ပာယ်ရှိပြီး အရေးပါတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ အထူးသဖြင့် တိုင်းရင်းသားတွေပါဝင်တဲ့ ဆွေးနွေးမှုတွေကပဲ ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ကျနော်တို့ရဲ့ လက်ရှိအနေအထားကတော့ ရှင်းပါတယ်၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်တာမျိုး ဖြစ်သင့်တယ်၊ တိုင်းရင်းသားအဖွဲ့ အားလုံးက ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေပဲ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ပြုလုပ်သွားသင့်တယ်လို့ပဲ ကျနော်တို့ ယုံကြည်ထားပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး ခံယူချက်ကတော့ အရင်တုန်းကလိုပါပဲ၊ ဖက်ဒရယ်စနစ်၊ တရားမျှတမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အဲဒါတွေကိုပဲ ဆက်လက် တောင်းဆိုသွားမှာပါ။ စောဘဦးကြီးရဲ့ လမ်းညွှန်မှုအတိုင်းပဲ ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မေး။   ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်မဟာ ၅ က မကြာသေးခင်ကပဲ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို သဘောတူလိုက်တယ် ဆိုတော့ KNU နဲ့ DKBA ရဲ့ လက်ရှိ ဆက်ဆံရေးကရော ဘယ်လိုရှိလဲ။

ဖြေ။   ။ ကျနော်တို့ အမြဲတမ်း ပြောနေတာ ရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ဟာ သူတို့ရဲ့ ရန်သူမဟုတ်ပါဘူး၊ ကျနော်တို့လည်း သူတို့နဲ့ မတိုက်ချင်ပါဘူး။ ကျနော်တို့ အချိန်မရွေး သူတို့နဲ့ စကားပြောနိုင်ပါတယ်။

ဒုတိယတချက်ကတော့ DKBA ဟာ သူတို့အဖွဲ့ တည်တံ့ဖို့နဲ့ စီးပွားရေး လုပ်ငန်းတွေကလွဲလို့ နိုင်ငံရေးမောင်းနှင်မှုအား ကြီးမားတဲ့ အဖွဲ့အစည်းတခု မဟုတ်ပါဘူး။ အဲဒါကြောင့် သူတို့တွေ ထိန်းချုပ်တဲ့ နယ်မြေအပေါ် မူတည်ပြီးတော့ သူတို့ရဲ့ နိုင်ငံရေး ခံယူချက်တွေက ကွဲပြားကြပါတယ်။ မကြာသေးခင်က အပစ်ရပ် လက်မှတ်ထိုးလိုက်တဲ့ ဗိုလ်မှူးချုပ် စောလားပွယ်ရဲ့ တပ်မဟာ ၅ ကတော့ နိုင်ငံရေးအရ လက်မှတ်ထိုးတာ မဟုတ်ဘဲနဲ့ ဗျူဟာပိုင်းအရ လိုအပ်ချက်တွေကြောင့်မို့လို့  လက်မှတ် ထိုးလိုက်တာဖြစ်ပါတယ်။ သူ့အနေနဲ့ အစိုးရရဲ့ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံဘဲနဲ့ ပြန်ပြီး တိုက်ခိုက်ခဲ့တာတွေကို မမေ့သင့်ပါဘူး။ ကျနော်တို့ရဲ့ ဆက်ဆံရေးဟာလည်း တခါတလေမှာ တည်နေရာတွေကို မူတည်ပြီး ဆုံးဖြတ်ရတာမျိုး ရှိသလို တခါတလေမှာ ပုဂ္ဂိုလ်ချင်း ရင်းနှီးမှုမျိုးတွေကို မူတည်ပြီး ဆုံးဖြတ်ရတာမျိုးတောင်မှ ရှိပါတယ်။ ဒါပေမယ့် အဲဒါကလည်း အမြဲတမ်း တသမတ်တည်း သွားမယ် လို့တော့ မဆိုလိုပါဘူး။

မေး။   ။ KNU ဟာ မြန်မာအစိုးရကို နှစ်ပေါင်း ၆၀ လောက် ပြန်ပြီး တိုက်ခိုက်ခဲ့တယ်။ KNU က အစိုးရဆီက ဘာကို လိုချင်တာလဲ။ ခွဲထွက်ရေးလား၊ ဖက်ဒရယ် ပြည်ထောင်စုလား။

ဖြေ။   ။ ကျနော်တို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် လိုအပ်တယ် ဆိုတာကို  သေချာ ရှင်းလင်းခဲ့ပြီးပါပြီ။ နောက်တခုက တန်းတူ အခွင့်အရေးတွေ ရှိတဲ့ တိုင်းရင်းသားတွေက ဖက်ဒရယ် ပြည်ထောင်စုကို  ဝိုင်းပြီး တည်ဆောက်ကြဖို့ပါ။ အဲဒါကတော့ တိုင်းရင်းသားတွေ အားလုံး ပါဝင်ပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေက တဆင့်ပဲ အကောင်အထည်ဖော်လို့ ရမှာပါ။ ကျနော်တို့ ပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကတော့ ၁၉၄၇ အခြေခံဥပဒေအရ ပြည်နယ် ပြည်မ ခွဲခြားသလိုပုံစံ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

Loading