မြန်မာပြည် ငြိမ်းချမ်းရန် လိုသည်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး လတ်တလော ကြားသိတွေ့မြင်နေရမှု အများစုသည် အကောင်းဘက်သို့ ဦးတည်နေသည့် ခြေလှမ်းများ ဖြစ်သော်လည်း တိုင်းပြည်တိုးတက် ပြောင်းလဲရန်အတွက် စစ်မှန်သည့် ထာဝရ ငြိမ်းချမ်းရေး လိုအပ်နေသည်။

မကြာသေးခင်က ပြီးဆုံးသွားသည့် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အမေရိကန်နှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များနှင့် အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံ၏ အပြောင်း အလဲများကို ကြိုဆို အသိအမှတ်ပြုခဲ့ကြသည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ကလည်း ၂၀၁၄ ခုနှစ် အတွက် အလှည့်ကျ ဥက္ကဌ တာဝန်အား မြန်မာနိုင်ငံကို သဘောတူ အပ်နှင်း လိုက်ကြသည်။

ထို အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပရာ အင်ဒိုနီးရှားသို့ သြစတြေးလျမှ လာသည့်ခရီးစဉ်အတွင်း အမေရိကန် သမ္မတ အို ဘားမားကိုယ်တိုင် သူ၏ Air Force One လေယာဉ်ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းခေါ်၍၂ နိုင်ငံဆက်ဆံရေးကိစ္စ ဆွေးနွေး
ခြင်းများ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကို လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့စေလွှတ်မည်ဖြစ်ကြောင်း ကြေ ညာချက် များလည်း ဖြစ်ပေါ်ခဲ့သည်။

တချိန်တည်းမှာပင် မြန်မာပြည်တွင်း၌ အင်အား အကြီးဆုံး အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က လည်း တရားဝင်နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက် ပွဲတွင် လစ်လပ်နေရာအားလုံး ဝင်ပြိုင်သွားမည်ဟု ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်ကလည်း ထုတ်ဖော်ကြေညာခဲ့သည်။

စစ်ပွဲများဖြစ်နေသော နယ်စပ်ဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့်လည်း အစိုးရက ငြိမ်းချမ်းရေးအတွက် စေ့ စပ် ညှိနှိုင်းမှု ပြုလုပ်သည်များကို ကြားသိနေရသည်။ မကြာသေးခင်ကလည်း အစိုးရ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြသေး သည်။ ယခင်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် ရေရှည်တည်တန့်မှုမရှိသောကြောင့် ယခု ဆွေးနွေးရာတွင် ပြည် တွင်းစစ် ရပ်စဲရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ဦးတည်သည့် အခြေခိုင်သော ဆွေးနွေးမှုမျိုး ဖြစ်သင့်ပါသည်။

မည်သို့ပင်ဖြစ်စေ ဤအခြေအနေများမှာ အကောင်းဘက်သို့ ဦးတည်နေသည့် ဖြစ်ထွန်းမှုများပင်။

သို့သော် သမ္မတ ဦးသိန်းစိန်က အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်နေစဉ် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ပထမဆုံးအကြိမ် ပြည်တွင်း ပြည်ပ သတင်းသမားများနှင့် တွေ့ဆုံရာ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ ဆိုသည်ကို လက်မခံကြောင်းနှင့် အကျဉ်းကျခံရသူ အားလုံးသည် ဥပဒေတခုခုကို ကျူးလွန်ထားသူများသာ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများဆိုသည်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးအရေးယူခံထားရသော နိုင်ငံရေးအကျဉ်း သားများဖြစ်ကြောင်း နိုင်ငံတကာနှင့် လူ့အခွင့်အရေး အဖွဲ့များက အသိအမှတ်ပြုသည့် အသုံးအနှုန်းဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ၏ ဦးသိန်းစိန်ထံ၂ ကြိမ်ပေးပို့သော အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ဆိုင်ရာ အိတ်ဖွင့်ပေးစာတွင်လည်း “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ” ဆိုသည်ကို သုံးနှုန်းထားပါသည်။

ဦးသိန်းစိန်၏ အထက်ပါပြောဆိုချက်သည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အရေးယူထားသည့် နိုင်ငံရေး အကျဉ်းသားများ မရှိဟူ၍ အဓိပ္ပာယ် ယူဆဖွယ်ရာဖြစ်သောကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်လိုအပ်သည့် အကျဉ်းကျခံနေရသော နိုင်ငံ ရေး အကျဉ်းသားများ၏ အခန်းကဏ္ဍ မှေးမှိန်သွားနိုင်ပါသည်။

လက်ရှိ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ထင်ရှားသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး ကဲ့သို့သော ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်များ၊ ဦးခွန်ထွန်းဦး ကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များ၊ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတပါးဖြစ်သည့် အရှင် ဂမ္ဘီရ စသည့် နိုင်ငံရေး အကျဉ်းသား ထောင်ကျော် ရှိနေသေးသည်။

ထိုသူများသည် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး ဖြစ်စဉ်များတွင် အမှန်တကယ် ပါဝင်ဆောင်ရွက်ရမည့် သူများဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အပါအဝင် တိုင်းရင်းသား ဒေသများတွင် ဆင်နွှဲနေသည့် စစ်ပွဲများ အဆုံးသတ်ရေးကို အစိုးရက အမြန်ဆုံးလုပ်ဆောင်ရပါမည်။

သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ ရှင်သန်ရန် တိုင်းပြည်အေးချမ်းသာရေးနှင့် လုံခြုံရေး လိုအပ်ကြောင်း၊ ထို့ကြောင့် လက်ရှိ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့၇ ဖွဲ့နှင့် ယာယီ အပစ်အခတ် ရပ်စဲရေး အဆင့်ကို ဆောင်ရွက်နေကြောင်း၊ ထာဝရငြိမ်းချမ်းရေး ပြုလုပ်ရန်အတွက်ကိုမူ အချိန်ယူရမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အာဆီယံ ထိပ်သီးညီလာခံတွင် မြန်မာ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

ထာဝရ ငြိမ်းချမ်းရေးဆိုသည်မှာ ဥပဒေဘောင်အတွင်း အားလုံးဝင်ရောက်၍ ဥပဒေတခုတည်း၏ အောက်တွင် နိုင်ငံသားတိုင်း နေ ထိုင် လုပ်ကိုင်ရန် ဖြစ်သည်ဟု ၎င်းအနေဖြင့် အဓိပ္ပာယ်ဖွင့်ဆိုသည်ဟုလည်း ဦးသိန်းစိန်က ပြောသည်။

တိုင်းရင်းသားများ အနေနှင့်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဖက်ဒရယ် ပြည်ထောင်စု၊ တန်းတူ အခွင့်အရေး၊ ခွဲထွက်ခွင့် စသည်ဖြင့် မိမိတို့၏ လိုလားချက်များကို တသံတည်း တညီတည်း တိတိကျကျ ရှိသင့်ပါသည်။

မိမိတို့၏ အမှန်တကယ် ရပိုင်ခွင့်နှင့် လိုအပ်ချက်များကိုလည်း ရှင်းလင်းစွာ သိရှိနားလည်ရန်လိုပါသည်။ နားလည်ရှင်းလင်းမှု မရှိခဲ့၍ လွတ်လပ်ရေး မရခင်ကတည်းက စခဲ့သည့် ပြည်တွင်းစစ်မီးသည် ယခုအချိန်အထိ မငြိမ်းနိုင်ဘဲ ဖြစ်နေရသည်ဟု ယူဆပါသည်။

ထိုသို့သောခြေအနေများကြောင့် တပါတီ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလ ခေတ် ၂၆ နှစ် ကာလအတွင်း မြန်မာနိုင်ငံ သည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ(Least Development Country-LDC) တနိုင်ငံအဖြစ် ကြေညာခဲ့ရကာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အစရှိသဖြင့် ကဏ္ဍစုံတွင် ဖွံ့ဖြိုးမှု နောက်ကျခဲ့ရပါသည်။

ထို့ကြောင့် လက်ရှိ အစိုးရနှင့် တိုင်းရင်းသားများသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း တခါက တင်ပြခဲ့ဖူးသည့် “သူမနာ ကိုယ် မနာ ပြည်တွင်းစစ် ရပ်စဲရေးမူ”ကို ကျင့်သုံး၍ ငြိမ်းချမ်းရေး ဆွေးနွေးကြရန် တိုက်တွန်းလိုပါသည်။

သို့မှသာ စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေး ရရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အပါအဝင် ကဏ္ဍစုံတွင် ပြောင်းလဲတိုးတက်မှု များ ပေါ်ထွန်းနိုင်မည်ဟု ယုံကြည်မိပါသည်။

Loading