နော်က ဘောလုံးပွဲမကြည့်တတ်ပါ။
လူ ဘယ်နှယောက်ကစားသလဲ၊ ဘောလုံးပွဲတပွဲရဲ့ စည်းကမ်းတွေက ဘာတွေလဲ ဆိုတာလည်း သိပ်နားမလည်ပါ။ မိတ်ဆွေ သူငယ်ချင်းတွေက ဒါကို ကြားတော့ ဝိုင်းရယ်ကြပါတယ်။ ဒါကလည်း သင်ယူလို့ရတာ မဟုတ်တော့ ဘာမှ ပြန်မပြောနိုင်ခဲ့ပါ။
ဒါပေမယ့် ကျနော့်မှာ အဖော်တော့ ရှိပါတယ်။ မြန်မာပြည် အကြောင်း တွေကို ရေးသားခဲ့တဲ့ ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လစ်တနာကို ဘောလုံးပွဲ ကြည့်လားလို့ မေးတဲ့အခါမှာ ခေါင်းကို ရမ်းပြီး ဘောလုံးတလုံးကို ကွင်းထဲမှာ လူတွေ လိုက်လုနေမယ့် အစား တယောက်တလုံး ပေးလိုက်ပြီးရောလို့ သူက ဟာသသဘော ပြောတတ်ပါတယ်။ သူလည်း ဘောလုံးဝါသနာ မပါပါဘူး။
ကျနော့်ရဲ့ အဘိုးကတော့ ဘောလုံးဝါသနာ ပါပါတယ်။ သူပြောဖူးတဲ့စကား တခွန်း အခုထိ မှတ်မိနေပါသေးတယ်။
“အဘိုးဘောလုံးကန်ရင် ဘောလုံးကိုပဲကန်တာ၊ လူကိုမကန်ဘူး။ သူများက လာချရင်လည်း ဒီလိုပဲ ခံလိုက်တာပဲ။ ဘောလုံးကိုပဲ ဂရုစိုက်တယ်။ တခါကဆိုရင် ကွင်းထဲကအထွက် ခြေထောက်မှာ အကွဲအပြဲတွေ သွေးသံရဲရဲနဲ့ ထွက်ရတာတောင် ရှိခဲ့တယ်” လို့ ပြောဖူးပါတယ်။ ဒီစကားလေးကို စိတ်ထဲမှာ အခုထိ စွဲနေပါတယ်။
အခု အင်ဒိုနီးရှားနိုင်ငံက Sea Games 2011 ဘောလုံးပြိုင်ပွဲမှာ မြန်မာက တတိယစွဲခဲ့တဲ့သတင်းကတော့ သတင်းကောင်းပါ။ မြန်မာပွဲမှာ လူချတဲ့သတင်း၊ ညစ်ပတ်တဲ့သတင်း၊ ဒိုင်ညစ်တဲ့သတင်းတွေလည်း သိပ်မကြားရတော့ စိတ်ချမ်းသာပါတယ်။ ဘောလုံးသမား မဟုတ်လို့ ဟန်ဆောင်ပြီး ရေးပြ၊ ပြောပြနေတာ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ ဘောလုံးပွဲအကြောင်း ရေးဖို့လည်း မဟုတ်ပါဘူး။
မြန်မာပြည်က လက်ရှိ နိုင်ငံရေးအခြေအနေကို နည်းနည်းရေးပြချင်တာပါ။
၂၀၁၀ ရွေးကောက်ပွဲဟာ ဒိုင်ညစ်တဲ့ပွဲ၊ ကိုယ့်မြန်မာအသင်း အချင်းချင်း ကစားပြီး မတရားအနိုင်ယူတဲ့ပွဲလို့ ပြောရင် မှားမယ် မထင်ပါဘူး။ ဒီပွဲ နောက်ပိုင်း မြန်မာပြည်က ဖြစ်ပေါ်တိုးတက်မှုတွေ ရှိပါတယ်။ ဒိုင်ညစ်ပြီး တက်လာတဲ့ သမ္မတ ကလည်း ဘာပဲပြောပြော တိုးတက် ပြောင်းလဲမှုတချို့ကို လုပ်ပြတယ်ဆိုပြီး အပြင်ကရော၊ အထဲကပါ အကောင်းမြင်သဘော ဝိုင်းပြောတာ ရှိပါတယ်။
ဒီအချိန်မှာ ကွင်းထဲကို ခဲနဲ့ပေါက်၊ ကိုယ့်ဘေးနားမှာ ရှိတာနဲ့ပေါက်၊ ဆဲဆိုတဲ့ပွဲတွေထက် စာရင် အများကြီးသာပါသေးတယ်။ ပရိသတ် အားပေးမှုရှိနေတဲ့ ဘောပွဲလို့ ဆိုလို့ရပါတယ်။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန်က ဘာလီက အာဆီယံ ထိပ်သီးညီလာခံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ ရှိတယ် ဆိုတာ မယုံကြည်ကြောင်း၊ ပြစ်ဒဏ်ကျခံရမယ့် သူတွေသာဖြစ်ကြောင်း အပြင် တိုင်းရင်းသားတွေကို လက်နက်ကိုင် သောင်းကျန်းသူတွေလို့ ခေါ်သွားတာတွေ၊ ဒီမိုကရေစီ ဆိုတာကိုတော့ အဓွန့်ရှည်အောင် ထိန်းသိမ်းရမယ်၊ တခြားနိုင်ငံ တွေနဲ့တော့ ယှဉ်လို့မရဘူး၊ ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရမယ်လို့ ပြောခဲ့တာတွေကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ တိုက်ရိုက် သင်ပေးတာတွေကို ပြန်ရွတ်ပြနေသလို ခံစားလိုက်ရပါတယ်။
သမာသမတ်ကျတဲ့ ဘောပွဲဆိုရင်တော့ အနီကတ်တွေ၊ အဝါကတ်တွေ အကြိမ်ကြိမ် ပြရတော့မှာ ဖြစ်ပါတယ်။
လွှတ်ရမယ့် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ဘဲ နေ့ရွှေ့၊ ညရွှေ့နဲ့ ထောင်ပြောင်းတာကလည်း သံသယကို ကြီးထွား စေတဲ့ အပြင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေကို တအုပ်စုလုံး မလွှတ်ဘဲ ခွဲလွှတ်မယ် ဆိုရင်လည်း ဒါဟာ ညစ်တဲ့ သဘောပဲလို့ ပြောချင်ပါတယ်။
ဘောလုံးပွဲတွေမှာ မြန်မာအသင်းက လူချတယ်၊ ညစ်ပတ်တယ်၊ အသက်လိမ်တယ် ဆိုတာတွေ မကြားချင်ပါဘူး။ သန့်သန့်ရှင်းရှင်းနဲ့ ကစားတယ် ဆိုတာပဲ ကြားချင်ပါတယ်။
အခုဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မှတ်ပုံပြန်တင်ပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲရဲ့ လွတ်နေတဲ့ နေရာအားလုံးကော၊ ၂၀၁၅ ရဲ့ ရွေးကောက်ပွဲပါ ဝင်မယ်လို့လည်း ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ ပွင့်ပွင့်လင်းလင်းပဲ သတင်းထောက်တွေကို ပြောသွားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမယ် ဆိုတာ သူမသိသေးပါဘူးတဲ့။
သမ္မတက အဲဒီလိုဖြေတော့ ကျနော်လည်း ကိုယ့်နဖူးပဲ ကိုယ်ရိုက်မိပါတယ်။
မြန်မာလူမျိုးတွေဟာ အချိန်မမှန်တာတင် မဟုတ်ဘူး၊ Plan လည်း မရှိဘူး၊ အားလုံးကို မီးစင်ကြည့်ကတာပဲလို့ ပြောတဲ့ မိတ်ဆွေတွေကို ကျနော်က ပြန်လည်ချေပလေ့ရှိတာပါ။ ဒီတခေါက်တော့ ကျနော် ငြိမ်နေလိုက်ပါပြီ။
ဒါပေမယ့် မေးချင်တာက ရွေးကောက်ပွဲလုပ်ပါပြီတဲ့ အရင်လိုပဲ ကြိုတင်မဲတွေ ရောက်လာမစဲ တဖွဲဖွဲနဲ့ ဒိုင်က ညစ်ဦးမှာလား၊ ပွဲမစခင် ဘယ်အသင်းက နိုင်ရမယ် ဆိုတာကို ဆုံးဖြတ်ပြီးသားလား၊ ဒါမှမဟုတ် သန့်သန့်ရှင်းရှင်းနဲ့ လူမချဘဲ မညစ်ပတ်ဘဲ ဘောလုံးကိုပဲ ကစားကြမှာလား။
ဒီမေးခွန်းတွေကို ဘောလုံးသမားတွေ မဖြေချင်နေပါ သမ္မတ ဦးသိန်းစိန်က ဖြေပေးပါလို့ ပြောချင်ပါတယ်။