အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည်လာမည့်ကိစ္စကို မြန်မာပြည်သား အများစုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ မြန်မာအစိုးရနှင့် အမေရိကန် အစိုးရတို့၏ ဆက်ဆံရေး ပြန်လည်ကောင်းမွန် စေမည့် ပထမဆုံး ခြေလှမ်းကောင်းတခုဟု သုံးသပ်ရပေမည်။
အမှန်တကယ်အားဖြင့် ဤခရီးစဉ်ကို သွားရသည့် ရည်ရွယ်ချက်မှာ မြန်မာပြည်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အရှိန်မသေရန် ဆက်လက်တွန်းအားပေး တိုက်တွန်းရန်အတွက်ဟု ပြောဆိုခဲ့သည်။
သို့ရာတွင် သမ္မတဦးသိန်းစိန် အစိုးရ တာဝန်စထမ်းဆောင်သည့် ဧပြီလမှယခုကာလအထိ ကြည့််မည်ဆိုပါက မြန်မာအစိုးရသည် ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့သောအပြောင်းအလဲများ၏ အရှိန်ကို လတ်တလော လျှော့ချလိုက် လေသလားဟု မေးခွန်းထုတ်စရာ ရှိနေပါသည်။
ဦးသိန်းစိန် သမ္မတတာဝန် စတင် ထမ်းဆောင်ခါစ ပြောခဲ့သော မိန့်ခွန်းသည် အပြောသက်သက်မဟုတ်ဘဲ အလုပ်ပါ တွဲလျက်ပါသည်ဟု အများယူဆစရာ ဖြစ်ခဲ့သောကြောင့် ပြည်တွင်းပြည်ပက ကြိုဆိုခဲ့သည်ကို လျစ်လျှူမရှုသင့်ပါ။
မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ပေးခြင်းက သမ္မတအပေါ် လူအများ ယုံကြည်မှု တိုးပွားစေခဲ့သည်။ ပြည်သူ့သမ္မတကြီး ဟူ၍ပင် ခေါ်ဝေါ်ခဲ့ကြသည်များ ရှိခဲ့သည်။ သို့သော် ထိုကဲ့သို့ ခေါ်ဝေါ်ရန်မှာ စောသေးသည်ဟု ဆိုရမည်။
သမ္မတ အကြံပေးအဖွဲ့တွင်းမှ စီးပွားရေးပညာရှင်များ အပါအဝင် ပြည်တွင်း ပြည်ပ စီးပွားရေး ပညာရှင်များနှင့် ပူးပေါင်း၍ ဆင်းရဲမွဲတေမှု လျှော့ချရေး အလုပ်ရုံအစည်းအဝေးပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံခြားငွေလဲလှယ် ရာတွင် ပုဂ္ဂလိက ဘဏ် များအား လုပ်ပိုင်ခွင့်ပေးလာခြင်း၊ အမေရိကန် ဒေါ်လာတန်ဖိုး တက်လာစေရန် ဆောင်ရွက်ခြင်း အပါအဝင် စီးပွားရေးကိစ္စရပ်များတိုးတက်မှု ရှိလာရေးအတွက် ဦးသိန်းစိန်အစိုးရက အားထုတ်ခဲ့သည်ကိုလည်း ငြင်းနိုင်မည် မဟုတ်ပါ။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပြင် တခြားသော နိုင်ငံရေး၊ လူမှုရေး အစရှိသည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း တွေ့ခဲ့ရပြီး ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြုသဘောဆန်သောတွေ့ဆုံဆွေးနွေးရေးများ ပြုလုပ်နိုင်ခဲ့ပြီး ၎င်း၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကပင် ပြန်လည်မှတ်ပုံတင်ခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်ဟု ပြောဆိုခြင်းတို့ဖြင့် အစိုးရကို အပြုသဘောတုံ့ပြန်ခဲ့သည် မဟုတ်ပါလား။
လွှတ်တော်ထဲမှ ဆွေးနွေးမှုများသည်လည်း တိုးတက်မှုများ ရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ လူထုဆန္ဒထုတ်ဖော်ခွင့်၊ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို အတည်ပြုလိုက်ခြင်းအပေါ် ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသည်ကို တွေ့ရပါသည်။
အစိုးရကိုယ်တိုင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့၍ ထိုကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများအား လွှတ်ပေးရေး အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်ဆိုင်းပေးရန် သတင်းစာများထဲ၌ ထည့်သွင်းတောင်းဆို လာသည်အထိ တိုးတက်မှု ရှိခဲ့သည်။ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အဝ မရသေးသော်လည်း ယခင် နအဖ အစိုးရ လက်ထက်နှင့်စာလျှင် များစွာ လွတ်လပ်လာသည်၊ လွတ်လပ်စွာ သတင်းယူခွင့်များ ရလာသည်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာအစိုးရ၏ တိုးတက်ပြောင်းလဲမှုများကို ကြိုဆိုသည့်အနေဖြင့် ၂၀၁၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ ရာထူးကိုလည်း လွှဲပြောင်းရယူနိုင်ခဲ့ပြီဖြစ်သည်။ တချိန်တည်းတွင် ဟီလာရီကလင်တန် မြန်မာပြည်လာမည် ဆိုသည့်သတင်းကြောင့် သား ရွှေအိုးထမ်းရုံမက ရေကန်အသင့်ကြာအသင့် ဆိုသလို မြန်မာအစိုးရအနေဖြင့် လိုတရသည်ဟူ၍ပင် တင်စားပြောရမလို ဖြစ်ခဲ့ပြီ။
သို့ရာတွင် အာဆီယံထိပ်သီး အစည်းအဝေးတွင် အဘယ်ကြောင့် သမ္မတဦးသိန်းစိန်၏ လေသံများ ပြောင်းလဲသွားရသနည်း၊ တိုးတက်ပြောင်းလဲ နေသော အခြေအနေများကို ရပ်တန့်ချင်သောကြောင့်လား၊ သို့မဟုတ် ကိုယ်ရှိန်သတ်ကာ နောက် ပြန်လှည့်ချင်သော ကြောင့်လား ဆိုသည့် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။
အစိုးရအဖွဲ့ စတင်တာဝန်ယူသည့် အချိန်မှစ၍ ယခုအထိ သမ္မတက ပေးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်အတွင်း နိုင်ငံရေးအကျဉ်းသား အရေအတွက် အနည်းငယ် ပါဝင်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများအား နောက်ထပ် ဖမ်းဆီး ထောင်ချသည် ဆိုသည့်သတင်း မကြားရသည့် အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါသည်။
သို့သော်လည်း အကျဉ်းထောင်များထဲ၌ ကျန်ရှိနေသေးသည့် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦးအစရှိသော တိုင်းရင်းသား ခေါင်းဆောင်များ၊ ဦးဂမ္ဘီရကဲ့သို့သော သံဃာ့ခေါင်းဆောင်များ၊ ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား လွှတ်မပေးဘဲ အကျဉ်းထောင် ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ခဲ့ရသည်။
အကျဉ်းထောင်များထဲတွင် အနေကြာခဲ့သော ကိုမင်းကိုနိုင်က ၎င်းအနေဖြင့် လွတ်မြောက်ရန် အလားအလာ မမြင်ဟု မကြာခင်က ခန့်မှန်း ပြောဆိုခဲ့သည်။
အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသော ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆိုလျှင်လည်း စစ်ကြောရေး ကာလက ရိုက်နှက်ခံရသောကြောင့် ခါးရိုးကို ထိခိုက်သွားရာ ယခုအခါ ကျန်းမာရေးအခြေအနေ ဆိုးရွားလျက် ရှိသည်၊ မိသားစုက စိုးရိမ်ပူပန်နေရသည်။ ထောင်ဝင်စာတွေ့ချိန်တွင်ပင် ပက်လက် အနေအထား အတွေ့ခံနေရကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့က ပေးခဲ့သော သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် ကျန်းမာရေးအခြေအနေ ဆိုးရွားသူများ၊ အသက်အရွယ်ကြီးရင့်သူများအား လွှတ်ပေးမည်ဟု ပါဝင်ခဲ့သော်လည်း သြဂုတ်လက အီလက်ထရွန်နစ် ပုဒ်မဖြင့် ထောင်ဒဏ် ချမှတ်ခံရသော ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် အသက်အရွယ် ကြီးရင့်ပြီဖြစ်သော ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကဲ့သို့ နိုင်ငံရေး အကျဉ်းသား များမပါဝင်ခဲ့ပေ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ မရှိဟု သမ္မတက ပြောခဲ့သည်။
လွန်ခဲ့သော နိုဝင်ဘာလဆန်းပိုင်းတွင် အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ယုံကြည်ချက်ကြောင့်အကျဉ်းကျသူများအား လွှတ်ပေးရန် အိတ်ဖွင့်ပေးစာ ထွက်ပေါ်ခဲ့သည်။ ၎င်းနောက် မကြာမီရက်ပိုင်းအတွင်း မြန်မာပြည် အာဆီယံဥက္ကဋ္ဌ ရာထူး အတွက် အဖြေထွက်ပေါ်ခဲ့ရာ အကျဉ်းသားများ ထပ်မံလွှတ်ပေးတော့မည်ဟု ပြည်တွင်းပြည်ပက မျှော်လင့်မိ ကြသော်လည်း သမ္မတက မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားများ ရှိသည်ဟု မယုံကြည်ကြောင်း၊ ပြစ်ဒဏ်ကြောင့် ကျခံနေရခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ကြားရသူတိုင်း အံ့အားသင့်ကာ မျှော်လင့်ချက်များ ပျက်ပြယ်ခဲ့ရတော့သည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်များအား သောင်းကျန်းသူများဟုလည်း ခေါ်ဝေါ်ခဲ့သေးသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရက်ကို ယခင်က နိုဝင်ဘာအတွင်းဟု ပြောခဲ့ပြီးမှ ယခုအခါ မည်သည့်ရက်တွင် ကျင်းပမည်ကို မသိရသေးကြောင်း သမ္မတက ပြောဆိုလိုက်ခြင်းသည်လည်း အရှိန်လျှော့ခြင်း တခုဟု ယူဆသည်။ တိုင်းရင်းသားဒေသများရှိ ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။
အမေရိကန်နိုင်ငံကဲ့သို့သော ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးမှ နိုင်ငံခြားရေးဝန်ကြီး ရောက်လာတော့မည့် ယခုကာလသည် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိလွှတ်ပေးခြင်း၊ တိုင်းရင်းသား ဒေသများရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်ဆိုင်းပေးခြင်း စသည့် ဂီယာများ ချက်ချင်းချိန်း၍ အရှိန်မြှင့်ကာ မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေ အနေများ တိုးတက်ပြောင်းလဲရေး အတွက် အားကုန် မောင်းနှင်ရတော့မည့် အချိန်အခါဖြစ်ပေသည်။
မြန်မာအစိုးရ၏ အရှိန်ရနေသော ပြုပြင်ပြောင်းလဲမှုများကို မတွန့်မဆုတ် ဆက်လုပ်ရန် ဤ အယ်ဒီတာ့အာဘော်မှ တိုက်တွန်း လိုပါသည်။ နိုင်ငံတကာနှင့် ပြည်တွင်းတွင် လိုအပ်နေသော ထောက်ခံမှု တစိတ်တဒေသကို ရပြီဆိုကာ မရပ်လိုက်စေလိုပါ။ ရပ်ဆိုင်းလိုက်မည် ဆိုလျှင် ရိုးသားမှုမရှိသည့် ပြုပြင်ပြောင်းလဲမှုဟုသာ ဆိုရပေလိမ့်မည်။