အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာပြည် ခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်ဖြစ်သည့် အပြင် မြန်မာ-အမေရိကန် ဆက်ဆံရေးကို ပြန်လည်နွေးထွေး လာစေမည့် ခြေလှမ်းတခုဟု ဆိုရမည်ဖြစ်သည်။
သို့သော်လည်း ပြည်တွင်း၌ နိုင်ငံရေးအရ အဓိပ္ပာယ်ရှိသော ပြောင်းလဲမှုများကို လုပ်ဆောင် ရလိမ့်ဦးမည် ဖြစ်သည်။
ခရီးစဉ်အတွင်း မြန်မာအစိုးရက နွေးထွေးစွာ ကြိုဆိုသကဲ့သို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူမှုအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် ရခဲ့သည်။
၁၉၈၈ မှစ၍ အမေရိကန်သည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုနှင့် အတိုက်အခံဘက်မှ မားမားမတ်မတ် ရပ်တည်ပြီး နိုင်ငံရေး၊ ဒီမိုကရေစီအရေး ရင်းနှီးမြှုပ်နှံမှုများစွာကို လုပ်ခဲ့သည့် မဟာအင်အားကြီး ဒီမိုကရေစီ အနောက်နိုင်ငံ တနိုင်ငံဟု ဆိုလျှင် မမှားနိုင်ပေ။
ဤ ခရီးစဉ်အတွင်း ထူးခြားချက်မှာ သမ္မတ ဦးသိန်းစိန်၏ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ကြိုဆိုသည့် အဖွင့်အမှာ စကားတွင် အိမ်နီးခြင်းတရုတ်ပြည်နှင့် ဆက်ဆံရေးကို ထုတ်ဖော်ပြောဆို သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ နေအိမ်တွင် ဟီလာရီကလင်တန်ကို ကြိုဆိုနုတ်ခွန်းဆက်ရာ၌ တရုတ်ပြည်၏ အခန်းကဏ္ဍကို တရားဝင်ပြောဆိုခြင်းပင် ဖြစ်သည်။
ပထဝီ အနေအထား အရ မြန်မာသည် အိန္ဒိယ၊ တရုတ်တို့နှင့် အဆင်ပြေစွာ ဆက်ဆံရမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ လွတ်လပ်ပြီး တက်ကြွသော နိုင်ငံခြားရေး မူဝါဒအရ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ရင်းနှီးစွာ ဆက်ဆံပေါင်းသင်းရမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစိုးရချင်း ဆက်ဆံမှုများ ရှိသကဲ့သို့ ၂ ဘက် ပြည်သူပြည်သား အချင်းချင်းလည်း ဆက်ဆံမှုများ ရှိပါသည်ဟု သူက ပြောခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာ၏ ထုတ်ပြန်မှုနှင့် ပတ်သက်၍ ကြိုဆိုသည်ဟု ဆိုသည်။
မစ္စ ကလင်တန်၏ ခရီးစဉ်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြား ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို တပ်မတော်က အကြမ်းဖက်ဖြိုခွင်းပြီး နောက်ပိုင်း အထီးကျန်နေခဲ့သော မြန်မာ အစိုးရကို ပွင့်ပွင့်လင်းလင်း ကူညီ ထောက်ခံခဲ့သည်မှာ တရုတ်အစိုးရပင် ဖြစ်ပါသည်။
အချိန်တိုအတွင်း၌ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ အကူအညီ၊ ချေးငွေ အထောက်အပံ့များကို ရယူခဲ့ပြီး မြန်မာ့ တပ်မတော် အင်အားတောင့်တင်းရေး အတွက် စစ်အင်အားများ တိုးချဲ့ရန်လည်း တရုတ်ထံမှ အကူအညီများ ရယူခဲ့ရသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝ အရင်းအမြစ် တွင်းထွက်များကို ပြိုင်ဘက်မရှိ ဝယ်ယူခွင့် ရခဲ့သည့် နိုင်ငံဟု အများက လက်ခံထားကြခြင်း ဖြစ်သည်။
ထို့အပြင် ဘင်္ဂလား ပင်လယ်အော်မှ တဆင့် အိန္ဒယ သမုဒ္ဒရာ အထိ မဟာဗျူဟာကျသော မြန်မာနိုင်ငံမှနေ၍ သွားနိုင်သည့် လမ်းကြောင်းကို တရုတ်နိုင်ငံက မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမ္မတ၏ ပီကင်းခရီးစဉ်အတွင်း တရုတ်နှင့် ဆက်ဆံရေးမှာ မဟာဗျူဟာ မြောက်သော ဆက်ဆံရေး အဆင့်ကို တိုးမြှင့်ခဲ့ကြောင်း တွေ့ရပါသည်။
သို့သော်လည်း သမ္မတ ဦးသိန်းစိန်က တရုတ်အစိုးရနှင့် တရုတ် စီးပွားရေး ကုမဏ္ဏီများ၏ အကူအညီကို ယူကာ တည်ဆောက် နေသော မြစ်ဆုံဆည် စီမံကိန်းကို ရုတ်တရက် ရပ်ဆိုင်းခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တရုတ်နှင့် ဆက်ဆံရေး အဆင်မပြေသော ဗီယက်နမ် နိုင်ငံသို့ စေလွှတ်ကာ နှစ်နိုင်ငံ တပ်မတော် အကြား စာချုပ်လက်မှတ် ရေးထိုးစေ ခဲ့သည်။
ထို လုပ်ဆောင်ချက်များသည် တရုတ်နှင့် မြန်မာ ဆက်ဆံရေးကို တန်းသွားစေရန် ပြုလုပ်သော အရေးယူ လုပ်ဆောင်ချက် များဟု တချို့က သုံးသပ်ကြသည်။ အမေရိကန်နှင့် သူ၏ မဟာမိတ်နိုင်ငံများ ပူးပေါင်းကာ အာရှ ပစိဖိတ်ဒေသတွင် တရုတ်ကို ဝိုင်းထားရန် ကြိုးစားမည့် အမေရိကန် မူဝါဒ၌ မြန်မာ ပါဝင်နေပြီလား ဆိုသည့် သံသယလည်း ပီကင်းအစိုးရတွင် ရှိနေနိုင်ပါသည်။
သို့သော် ကလင်တန် မြန်မာပြည် ခရီးစဉ်မတိုင်မီ ဗိုလ်ချုပ် မင်းအောင်လှိုင်ကို ပီကင်းသို့ စေလွှတ်ခဲ့ပြီး မကြာမီ သမ္မတ ဖြစ်လာတော့မည့် တရုတ် ဒု သမ္မတ ကိုယ်တိုင်က နွေးထွေးစွာ ကြိဆိုခဲ့သည်ကို တွေ့ရပေသည်။
ဆိုလိုရင်းမှာ မြန်မာပြည်သည် တရုတ်နှင့်လည်း ဆက်ဆံရေး ကောင်းမွန်ချင် သကဲ့သို့ ၎င်းအား တချိန်က ရန်သူသဖွယ် ဆက်ဆံခဲ့သော အမေရိကန်နှင့်ပါ မိတ်ဖွဲ့ချင်သည့် သဘောကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ ချိန်ခွင်လျှာ ညှိသည့် ဒီပလို မေစီ ဟု ဆိုရမည် ထင်ပါသည်။
မြန်မာကို တရုတ်နှင့် အိန္ဒိယ နိုင်ငံကြီး နှစ်နိုင်ငံအကြားမှ နေ၍ တခြားသို့ ရွှေ့သွား၍ မဖြစ်နိုင်ပါ။ မြန်မာ၏ နိုင်ငံခြားရေး မူဝါဒမှာ လွတ်လပ်ပြီး တက်ကြွသည့် မူဝါဒဆိုပါလျှင် နိုင်ငံအားလုံးနှင့် ဆက်ဆံရေးကောင်းမွန် စေရေးကို လုပ်ဆောင် ရမည် ဖြစ်သည်။
မြန်မာအစိုးရက ဤ ချိန်ခွင်လျှာကို ဟန်ချက်ညီညီ လုပ်မည်ဆိုလျှင် မြန်မာ – တရုတ် – အမေရိကန် ဆက်ဆံရေးမှာ သဟဇာတ ရှိလိမ့်မည်ဟု ယူဆသည်။
နိုင်ငံတိုင်းတွင် ၎င်းနိုင်ငံ၏ အကျိုးစီးပွားများ ရှိကြပါသည်။ မြန်မာနိုင်ငံတွင်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံကလည်း ၎င်း၏ အကျိုးစီးပွား ဆုံးရှုံးနစ်နာမည်ကို စိုးရိမ်မည်မှာ အမှန်ပင်ဖြစ်သည်။ ဤနေရာတွင် တရုတ်နှင့် အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှု မတူသည့်ကိစ္စကို ကြည့်နိုင်သည်။
လွန်ခဲ့သည့် ၂၃ နှစ်အတွင်း တရုတ်အစိုးရ၏ ရပ်တည်ချက်မှာ တိုင်းပြည်ကို ရက်စက်စွာ စိုးမိုးအုပ်ချုပ်ခဲ့သည့် စစ်အစိုးရ သက်ဆိုးရှည်ရေးကို ထောက်ပံ့ပေးခဲ့သည်ဟု အများက သုံးသပ်ကြသည်။ မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့ အရေးယူခဲ့သော အမေရိကန်၏ ရည်ရွယ်ချက်မှာမူ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် အတိုက်အခံများ ဘက်မှ ရပ်တည်ရေးဖြစ်သည်။
ယနေ့တွင်မူ မြန်မာပြည် အချိုးအကွေ့တခုကို ရောက်ပြီဖြစ်သည်။ တရုတ်နှင့် အမေရိကန်၏ အကျိုးစီးပွားက မည်သို့ ပြောင်းလဲသွား မည်နည်း၊ မည်သည့်ရပ်တည်ချက်ဖြင့် ၎င်းတို့၏ မြန်မာအပေါ်ထားသော နိုင်ငံခြားရေး မူဝါဒများကို ကျင့်သုံး သွားမည်နည်း ဆိုသည်ကို ဆက်ပြီး မြင်တွေ့ရတော့မည် ဖြစ်သည်။
လောလောဆယ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ်ဆိုသည်မှာ ငြင်းဆန်၍ မရနိုင်ပါ။မြန်မာအစိုးရနှင့်ကော၊ သူ၏ မဟာမိတ် အတိုက်အခံများနှင့်ပါ မျှမျှတတ ဆက်ဆံသွားသည့် မူဝါဒကို တွေ့ရပေလိမ့်မည်။ မြန်မာပြည်သူပြည်သား များသည်လည်း အမေရိကန်၏ ယခုကဲ့သို့ တက်တက်ကြွကြွ၊ မျှမျှတတ ပါဝင်လာခြင်းကို လက်ခံကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။