လူထုကို အထိရောက်ဆုံး အသိပေးရန်၊ ပညာပေးရန်အတွက် အနုပညာက အထိရောက်ဆုံး ကြားခံတခုဟု ဆိုနိုင်ပါသည်။
ဤအချက်ကို မြန်မာ အစိုးရအဆက်ဆက်က ကောင်းကောင်းနားလည် ထားသည့်အတွက် အနုပညာရှင်များနှင့် ၎င်းတို့၏ အနုပညာကို အစိုးရဝါဒဖြန့်ရေး အတွက် အသုံးချခဲ့ကြောင်း ပြည်သူတရပ်လုံး အသိဖြစ်၏။
“ပေါ်လစီဇာတ်ကား” “ပေါ်လစီသီချင်း” ဟု လူများ အလွယ်တကူ ခေါ်ကြသည့် အစိုးရ ဝါဒဖြန့် ဇာတ်ကားများ၊ သီချင်းများကို အနုပညာရှင်များက အတတ်နိုင်ဆုံး ရှောင်ချင်ကြသည်။
အဘယ်ကြောင့်ဆိုသော် နအဖ အစိုးရ လက်ထက်တွင် ထို ပေါ်လစီ ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်မိပြီ၊ ပေါ်လစီ သီချင်း ဆိုမိပြီဆိုလျှင် ထိုအနုပညာရှင်အနေဖြင့် ပြည်သူလူထုရှေ့တွင် ဆက်လက် ရပ်တည်ရန်၊ ဖျော်ဖြေရန် ခက်ခဲ သွားကြ သောကြောင့် ဖြစ်၏။ ထိုဖြစ်ရပ်ကို တချို့က ပရိသတ်ဒဏ်ခတ်ခြင်းဟု အမည်တပ်ကြသည်။
အနုပညာရှင်များ ဘက်ကလည်း အခက်အခဲများ ရှိနေနိုင်ပါသည်။ အစိုးရက ငွေကြေး၊ တန်စိုးလက်ဆောင် ပေး၍ ခိုင်းစေ ခြင်းကို ရှောင်ချင်သည်ဆိုက ရှောင်နိုင်သော်လည်း ဖိအားပေး ခိုင်းစေခြင်းကိုမူ ရှောင်ရှားရန် ခက်ခဲပါလိမ့်မည်။ ဥပမာ အားဖြင့် ဇာတ်ကားရိုက်ခွင့်ပိတ်ခြင်း၊ သီချင်းဆိုခွင့်ပိတ်ခြင်း စသည့် ဖိအားများကို အနုပညာအလုပ် တခုတည်းသာ လုပ်ကြသည့် အနုပညာရှင်အများစု မခံနိုင်ကြပါ။ အိမ်တိုင်ရာရောက် ရုတ်တရက် ကားဖြင့်လာခေါ်သွားကာ မြန်မာ့အသံ ဝန်းထဲရောက်မှ ဇာတ်ကား တကားကားတွင် သရုပ်ဆောင်ပေးရန် ပြောခြင်းကိုခံရသော အနုပညာရှင်များလည်း ရှိခဲ့ကြောင်း ကြားဖူးသည်။
တချို့လည်း အစိုးရပေးသည့် ငွေကြေး၊ တန်စိုးလက်ဆောင်၊ အခွင့်အရေးတို့က မက်လောက်စရာ ဖြစ်နေသောကြောင့် မလွန်ဆန်နိုင် ဖြစ်ရကာ နောက်ဆုံး ပရိသတ်၏ ပြစ်တင်မှုများကို ခံယူရင်း နာမည်ပျက်ရသူများ အနုပညာ လောကထဲတွင် မြင်တွေ့ခဲ့ကြဖူးပေမည်။
အထူးသဖြင့် စစ်ထောက်လှမ်းရေးခေတ်က အနုပညာရှင် အတော်များများအတွက် ဒီဘက် အနှစ် ၂၀ အတွင်း အဆိုးဆုံးဟု ဆိုရပေလိမ့်မည်။ စိုင်းခမ်းလိတ်၏ အတွေးအမြင်ပါသော သီချင်းများကို အသံချိုချို သီဆိုတတ်သဖြင့် လူကြိုက်အလွန် များခဲ့သော အဆိုတော် စိုင်းထီးဆိုင်သည် ပါပီမ အမည်ရှိ ပေါ်လစီဇာတ်ကား၏ ဇာတ်ဝင်တေးကို သီဆိုပြီးနောက်ပိုင်း တရှိန်ထိုးတက်နေသော သူ၏ အမည် ကျဆင်းခဲ့ရသည်။ ပါပီမ ဇာတ်ကားသည် ၈၈ နောက်ပိုင်း တောခိုသွားသော ကျောင်းသားများအား ပြည်တွင်းပြန်ဝင်လာစေရန် ရိုက်ကူးထားသည် ပေါ်လစီ ဇာတ်ကားဖြစ်သည်။ အလားတူ မြန်မာပြည်၏ ဦးဆောင် ရော့ခ် အဆိုတော်ကြီးအဖြစ် လူငယ်ပရိသတ် အရှိန်အဝါ ရှိခဲ့သော အဆိုတော် ဇော်ဝင်းထွဋ် ဆိုလျှင်လည်း “မဟာ” ပေါ်လစီ သီချင်းများကို သီဆိုခဲ့ပြီးနောက် သူ၏ ရော့ခ် တဇာတ်သိမ်းခဲ့သည်ဟုပင် ဆိုနိုင်သည် မဟုတ်ပါလား။
သို့သော်လည်း ဇာတ်ကားရိုက်ခွင့်၊ သီချင်းဆိုခွင့်၊ နာမည် အသုံးပြုခွင့်များ အဆုံးရှုံးခံ၍ ရပ်တည်ချက်၊ ယုံကြည်ချက် မယိုင်လဲခဲ့ သူများလည်း ရှိပါသည်။ ထင်ရှားသူများမှာ အကယ်ဒမီမင်းသား အဖြစ် အောင်မြင်နေသည့် အခြေအနေတွင် နာရေးကူညီမှု အသင်း၌ ဈာပန ကိစ္စများ၊ လူမှုရေးကိစ္စများ ကူညီဆောင်ရွက်နေစဉ် ဇာတ်ကားရိုက်ခွင့် ပိတ်ပင်ခံရသော ကိုကျော်သူဖြစ်သည်။ နောက် တယောက်မှာ မကြာသေးခင်ကမှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သော လူရွှင်တော် ဇာဂနာ ဖြစ်သည်။ ကိုဇာဂနာ၏ ပြောင်မြောက်သော ပြက်လုံးများမှာ စစ်အစိုးရလက်ထက် ဖိအားပေးတားမြစ်ခံရသဖြင့် အငြိမ့်စင်ပေါ်၌ ဆိတ်သုဉ်းခဲ့ရသော်လည်း ဇာဂနာ ဆိုသည့်အမည်မှာ ယနေ့တိုင် ရှင်သန်ဆဲ ဆိုသည်ကို လက်ခံရလိမ့်မည်။
ထိုသူတို့ကဲ့သို့ နာမည်ကျော်များ မဟုတ်ကြသော်လည်း မိမိ ယုံကြည်ချက်အတိုင်း မားမားမတ်မတ် ရပ်တည်နေသည့် အနုပညာ သမား အများအပြား ရှိပါသေးသည်။ ထိုသူတို့ကိုလည်း လေးစားဂုဏ်ပြုလိုပါသည်။
ပေါ်လစီသီချင်းများ သီဆိုသော်လည်း၊ ပေါ်လစီ ဇာတ်ကားများ ရိုက်ပေးနေရသော်လည်း ပရိသတ်က နားလည်ခွင့်လွှတ် ပေးသည်ကို ခံရသူ အနည်းငယ်တော့ ရှိပါသည်။ ထိုသူတို့မှာ အစိုးရ ဝါဒဖြန့်ရာတွင် မလွှဲသာ မရှောင်သာ ပါဝင် ပေးလိုက်ရခြင်းသာ ဖြစ်သည်၊ ၎င်းတို့၏ ရပ်တည်ချက်ကို ပရိသတ်က သိရှိနေသောကြောင့် ပရိသတ် ဒဏ်ခတ်ခြင်းကို မခံရပေ။
မလွှဲသာမရှောင်သာ အခြေအနေမဟုတ်ဘဲ မိမိဆန္ဒအလျောက် အစိုးရ ဝါဒဖြန့်ရာတွင် ပါဝင်ကြသူများလည်း ရှိသည်။ ထိုအထဲတွင် သိသိသာသာ ထွက်ပေါ်လာသူက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လွင်မိုးဟုဆိုလျှင် ငြင်းနိုင်မည်ဟု မထင်ပါ။
သူက ၂၀၁၀ ရွေးကောက်ပွဲ ကာလတွင် မဲမသမာမှုများနှင့် အနိုင်ယူခဲ့သောကြောင့် အပြစ်တင်အဝေဖန် ခံခဲ့ရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ကို မဲထည့်ခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သူ၊ မကြာသေး ခင်ကမှ မီဒီယာ သမားများနှင့် ပြဿနာ တက်ခဲ့သေးသော ဇေကမ္ဘာဦးခင်ရွှေနှင့် လိုက်ပါ၍ ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးမှုများ လုပ်ပေးခဲ့သူ ဖြစ်သည်။ လွင်မိုးကို ပရိသတ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသည်။
အလားတူ မင်းသား၊ မင်းသမီး များစွာ အသုံးပြုထားသည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဆိုသော ပေါ်လစီ ဇာတ်ကား ဖြစ်သည်။ ကွယ်လွန်သူ ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးခဲ့သော ထိုဇာတ်ကားထဲမှ ဇာတ်ဝင် စကားပြောခန်းများသည် သမိုင်းဖြစ်ရပ်မှန်နှင့် ဆန့်ကျင်နေသည်၊ လုပ်ကြံဖန်တီးထားသော ဇာတ်ကားဖြစ်သည်ဟု ဆိုကာ ဝေဖန်သံများ ပြည်တွင်း ပြည်ပတွင် ဆူညံခဲ့သည်။ ထိုဇာတ်ကားတွင် ပါဝင်ခဲ့သည့် မင်းသားနေတိုး၊ ထွန်းထွန်း၊ မင်းသမီး ဝိုင်းဆုခိုင်သိန်း တို့မှာ သူတို့ဆန္ဒအလျောက် ပါဝင်သရုပ်ဆောင်ခြင်း ဟုတ်မဟုတ် မသိရသော်လည်း ပြည်ပဖျော်ဖြေပွဲများ၌ ပရိသတ်၏ ဆန့်ကျင်ကန့်ကွက်မှုများ ခံခဲ့ရသည်။
နိုဝင်ဘာ ၂၅ ရက်နေ့က ဂီတပညာရှင် ၅၀ ကျော်တို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အင်းလျား ကန်စောင်း နေအိမ်ခြံဝန်းထဲ၌ စုစည်းတွေ့ဆုံကြသည်ဆိုသော သတင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ ထွက်ပေါ်လာခဲ့သည်။
ကြားသိရသော သတင်းများအရ မည်သူ တဦး တယောက်ကိုမျှ ဖိအားပေး ခေါ်ယူခြင်း မဟုတ်သလို၊ အတိုက်အခံ ပါတီတရပ်အဖြစ် ပြန်လည် တည်ဆောက်နေရသည့် NLD အနေဖြင့် မည်သည့် အခွင့်အရေးကိုမျှ သူတို့ကို ပေးနိုင်လိမ့်မည်ဟု မထင်ပါ။ အလွန်ဆုံး သူတို့ရမည့် အခွင့်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွဲ ဓာတ်ပုံ ရိုက်ခွင့်သာ ရှိလိမ့်မည်ဟု ထင်ပါသည်။
တချို့ကတော့ ထိုကိစ္စကို ၅၀ ရာခိုင်နှုန်းသာ ကြိုဆိုသည်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်က ထိုသူများ ဘယ်ရောက်နေကြသနည်း စသည်ဖြင့် ဝေဖန် ပြောဆို မေးခွန်းထုတ်ခြင်းများ ရှိသော်လည်း အများစုကမူ မည်သူ တဦးတယောက်၏ တိုက်တွန်းချက်မှ မပါဘဲ စုစည်းကြသော ဂီတပညာရှင်များကို ဝမ်းမြောက်ဝမ်းသာ အားပေးကြသည်။
ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ရုပ်ရှင် ဒါရိုက်တာများ၊ သရုပ်ဆောင်များအပါအဝင် ရုပ်ရှင်လောကသား ၁၀၀ ခန့် ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းထဲတွင် စုစည်းခဲ့ကြသေးသည်။ ထွက်ပေါ်လာသော ဗီဒီယိုမှတ်တမ်းများအရ ဒေါ်အောင်ဆန်း စုကြည်က ရုပ်ရှင်အဖွဲ့သားများကို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရန် ပြောခဲ့သည်။ အားလုံးကလည်း ဝမ်းပန်း တသာ ဆွေးနွေးခဲ့သည်။ ထူးခြားသည်မှာ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးလည်း ထိုပွဲသို့ တက်ခဲ့ပြီး ရုပ်ရှင် ရိုက်ကူးရေးကိစ္စကို ပါဝင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ရုပ်ရှင်၊ ဂီတ အနုပညာရှင်အများအပြား နိုင်ငံရေးနှင့်ဆက်နွှယ်၍ တနေရာတည်း၌ ညီညီညွတ်ညွတ် စုဝေးကြသည်မှာ ၁၉၈၈ နောက်ပိုင်းတွင် ဤကာလက ပထမဆုံးဟုပင် ဆိုနိုင်ပါသည်။
နိုင်ငံရေး ဆိုသည်မှာ ပြည်သူတရပ်လုံးနှင့် သက်ဆိုင်နေသောကြောင့် ပြည်သူထဲက ပြည်သူများဖြစ်သည့် အနုပညာရှင်များ နှင့်လည်း သက်ဆိုင်သည်ဟု ဆိုပါက မှားလိမ့်မည် မဟုတ်ပေ။ ဒီမိုကရေစီ စနစ်ကို စတင် ကျင့်သုံးပြီဟုဆိုသော မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ၊ နိုင်ငံရေး ပါတီများနှင့် အနုပညာရှင်များတို့ ဆက်နွှယ် ပတ်သက်ရမည်မှာလည်း မလွှဲမသွေကြုံတွေ့ရမည့် အခြေအနေ ဖြစ်သည်။
ယခင် မဆလခေတ်က အဆိုတော် အောင်ကိုလတ်၏ “မဲရုံ မဲရုံကိုသာ” ဆိုသည့်သီချင်းကို သိမှီသူများ မှတ်မိကြပါလိမ့်မည်။ အလားတူ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်အပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရန်အတွက် စည်းရုံးရေး ကာလတွင် နအဖ အစိုးရက အဆိုတော်ကိုင်ဇာအား အသုံးချခဲ့သေးသည်ကို သတိရကြပါလိမ့်မည်။ ၎င်း၏ “မင်း … ၁၈ နှစ် ပြည့်ပြီလား” ဆိုသော သီချင်းကို ရုပ်မြင်သံကြားတွင် ရက်ဆက် ထုတ်လွှင့်ခဲ့သောကြောင့် ဖြစ်၏။
အနုပညာဆိုသည့် လက်နက်ကောင်းကို မည်သည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းမဆို အသုံးချချင်လိမ့်မည်ဟု ယူဆပါသည်။ သာမန်လူ တယောက်၏ စည်းရုံးမှုထက် ပြည်သူသိသော အနုပညာရှင် တစုံတယောက်၏ စည်းရုံးမှုက မည်မျှ ပိုမို ထိရောက် သည်ကို လူတိုင်းအသိပင်။
အနုပညာရှင်များ ဘက်ကလည်း ဖိအားကြောင့်၊ ထိတ်လန့်မှုကြောင့်၊ အခွင့်အရေးကြောင့် မဟုတ်ဘဲ မိမိဆန္ဒဖြင့် ကျေကျေ နပ်နပ် အသုံးချခံခြင်း ဖြစ်သင့်သည်။ မိမိယုံကြည်ရာကို ရဲရဲဝံ့ဝံ့ လုပ်ရဲသည့်၊ မိမိ ယုံကြည်ရာဘက်တွင် မားမားမတ်မတ် ရပ်တည်ရဲသည့် အနုပညာရှင်များအား ကြိုဆိုပါသည်။
အနုပညာရှင်ကို ပရိသတ်က ၎င်းတို့၏ အနုပညာသာမကဘဲ ရပ်တည်ချက်ကိုပါ စိတ်ဝင်တစား အားပေးချင် ပေလိမ့်မည်။ ပြည်သူလူထုအနေဖြင့် ၎င်းတို့ ချစ်သော အနုပညာရှင် များကို ၎င်းတို့နှင့် တသားတည်း မရပ်သည့်တိုင်အောင် ပြည်သူနှင့် ဆန့်ကျင်ဘက်တွင် မရပ်စေချင်သည်မှာ သဘာဝ ကျပါသည်။ အနုပညာရှင်များကလည်း အားပေးနေသော ပြည်သူအများစု၏ ဆန္ဒကို ကိုယ်စား မပြုသည့်တိုင် မဆန့်ကျင်သင့်ဟု ယူဆသည်။
အနုပညာရှင်တိုင်းသည် မိမိရပ်တည်မှုကြောင့် ပေါ်ထွက်လာသော ကောင်းခြင်း၊ ဆိုးခြင်းများကို လက်သင့်ခံကြရကြောင်း မဝေးသော အတိတ်များတွင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
ပြည်သူ အများစု၏ ဆန္ဒကို ကိုယ်စားမပြုသည့်တိုင် ပြည်သူကို ဆန့်ကျင်ဘက် မပြုမှသာ ပြည်သူချစ်သော အနုပညာရှင်များ ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ပြည်သူ့ချဉ်ဖတ် အနုပညာရှင်များ အဖြစ် နိဂုံးမလှ ဖြစ်ရလိမ့်မည်ဟု တင်ပြလိုပါသည်။