နိုဝင်ဘာလ ၂၉ ရက်နေ့က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ ဝန်ကြီးတချို့တို့ တရုတ်နိုင်ငံပိုင် ရွှေလီမြို့တွင် အပစ်ရပ်ရေးကိစ္စအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း KIA နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ပင် ရှိသေးသည်။ ကချင်ဒေသမှ ဒုက္ခသည်များ ထောင်နှင့်ချီ ထွက်ပြေးနေရပြီး ယမန်နေ့က ကုလသမဂ္ဂလက်အောက်ခံ INGO အဖွဲ့များ သွားရောက်ကူညီခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ဒီဇင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကချင်ဒေသအတွင်း အစိုးရတပ်များ တိုးချဲ့ချထားခြင်း၊ ထိုးစစ်ဆင်ခြင်းများ ဆက်လက် မပြုလုပ်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ညွှန်ကြားချက်တစောင် ပေးပို့ခဲ့သည်။ သို့ရာတွင် ယနေ့တိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ နိုဝင်ဘာ ၂၉ ရက်နေ့က အစိုးရ ဝန်ကြီးများနှင့် KIA ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထပ်မံတွေ့ဆုံဆွေးနွေးခြင်းလည်း မရှိပေ။
ရွှေလီတွင် နိုဝင်ဘာ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်အား ဧရာဝတီ သတင်းထောက် ဝေမိုးက နိုဝင်ဘာ ၃၀ ရက်နေ့တွင် ဆက်သွယ်မေးမြန်းခဲ့သည် များအား ဖော်ပြလိုက်ရပါသည်။
မေး။ ။ အခုလက်ရှိ အခြေအနေ ဘယ်လိုလဲ။
ဖြေ။ ။ တိုက်ပွဲအခြေအနေကတော့ တောက်လျှောက်ပဲ။ မနေ့ (နိုဝင်ဘာ ၂၉) က ဆွေးနွေးပွဲကတော့ ဘာမှသိပ်တော့ မဖြစ်ပါဘူး။ အပစ်အခတ် ရပ်ဆိုင်းရေးကို အဓိက မပြောဘူး။ အဓိကတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်၊ နောက် အခုတလော သမ္မတ ဦးသိန်းစိန်က ကျနော်တို့ကို တရက်တည်းနဲ့ ချေမှုန်းမယ်ဆိုတဲ့ စကားတွေ ပြောတာက ဒါ မသင့်လျော်ဘူး ဆိုတာတွေပေါ့။ တော်တော်လေးကို ရှည်ရှည်ဝေးဝေး ပြောဖြစ်တယ်။ အဓိကကတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုပဲ၊ အဲဒီလမ်းကြောင်းကို အဓိက သွားရမယ်။ လက်နက်ကိုင်ရင်တော့ ဒါ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ဆိုတာကို အဓိကထားပြီး ကျနော်တို့ Highlight လုပ်တာပေါ့။ ကျနော်တို့က ဒါကို လက်နက်ကိုင် ပြဿနာလို့ မသတ်မှတ်ဘူး။ ပြည်တွင်းစစ်လို့ သတ်မှတ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်လို့ ကျနော်တို့က ပြောတယ်။ အဓိကကတော့ အခုနပြောတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းပေါ်ကို ရောက်ရေးကို အဓိက ဇောင်းပေးပြီးတော့ မနေ့က ဆွေးနွေးသွားတာ။
မေး။ ။ အဲဒီတော့ ဟိုဘက်ကရော ဘာတွေ ပြန်ပြောလဲ။
ဖြေ။ ။ ဘာမှမပြောဘူး။ ပြန်ပြီးတင်ပြမယ်ပေါ့။ သူတို့ကတော့ နိုင်ငံရေးဆွေးနွေးရမယ်၊ သူတို့နဲ့ အချက် ၄ ချက် သဘောတူဖို့ ပြောတယ်။ အစကတော့ ဦးအောင်မင်းက ခပ်မာမာပဲ။ သူက အားလုံးနဲ့ ပြေလည်တော့မယ် ဘာညာဆိုပြီး ပြောတာ။ နောက် ကျနော်တို့ဆီက ပြန်ပြောတဲ့ အခါမှာကျတော့ သူကနည်းနည်း လေသံ ပြန်ပျော့သွားတယ်။ သူကတော့ အားလုံးနဲ့ အဆင်ပြေပြီ၊ လက်မှတ်ထိုးခါနီးပြီး၊ အဲဒီလို လုပ်နေတာ။ သူတို့ဘက်က ဦးအောင်သောင်းရယ်၊ ဦးသိန်းဇော် ရယ်၊ ဦးအောင်မင်းရယ်။ အဓိက ဆွေးနွေးတာ သူတို့သုံးယောက်ပဲ။
မေး။ ။ အချက် ၄ ချက်ဆိုတာ ဘာတွေလဲ။
ဖြေ။ ။ အချက် ၄ ချက်က အပစ်အခတ် ရပ်စဲရေး၊ လက်နက်မပါဘဲ သွားလာရေး၊ ဒေသဖွံ့ဖြိုးရေး အဲဒီအချက်တွေကို ခါတိုင်း အရင် အဖွဲ့တွေ ပြောနေတာကိုပဲ ပြောတာပါပဲ။
မေး။ ။ နောက်ထပ် ဆွေးနွေးဖို့ကိုရော သူတို့ သဘောတူလား။
ဖြေ။ ။ ဆွေးနွေးရအောင်လို့တော့ ပြောတာပဲ၊ ဘယ်နေ့ဖြစ်မလဲတော့ မသိသေးဘူး။
မေး။ ။ ဒါဆို ၃ နာရီကျော် တွေ့တာက ဘာမှ သိပ်မထူးခြား ဘူးပေါ့။
ဖြေ။ ။ မထူးခြားဘူးလို့ ပြောရမှာပဲလေ။ ကျနော်တို့ဘက်ကလည်း အရင်ကဟာတွေ ပြောတယ်။ အခုကတော့ သူတို့က သမ္မတဆီကို တင်ပေးမယ်ပေါ့။ အဲဒီတော့ ဒီတကြိမ်မှာမှ သမ္မတက မသိပါဘူးလို့ ပြောရင်တော့ ဒါ မဟုတ်တော့ဘူး။
မေး။ ။ ဒီရက်ပိုင်း ကချင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ကော မနေ့က (နိုဝင်ဘာ ၂၉) ဆွေးနွေးပွဲမှာ ဘာတွေပြောတာ ရှိလဲ။ အစိုးရဘက်ကကော ဘာတွေ တုန့်ပြန်လဲ။
ဖြေ။ ။ ဘာမှ တုန့်ပြန်ချက် မရှိဘူး။ သူတို့ကတော့ ceasefire agreement လုပ်မှ ဒီတပ်တွေက ပြန်ဆုတ်သွားရမယ့် သဘောမျိုး ပြောတယ်။ ကျနော်တို့ကတော့ ညှိနှိုင်းရင်းနဲ့ ဒီတပ်တွေက ဆုတ်သွားနိုင်တယ်။ အဓိကတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်ရမယ်လို့ ပြောတယ်လေ။ သူတို့ဘက်က လေကြောင်းအကူသုံးတဲ့ ကိစ္စတွေ အကုန်လုံး ပြည့်ပြည့်စုံစုံ ကျနော်တို့ ပြောတယ်။ တပ်တွေတိုးတာက အစ၊ နိုင်ငံခြားတပ်နဲ့ တိုက်တဲ့ ပုံစံမျိုးဖြစ်လာပြီ။ ပြည်တွင်းစစ် ဆိုတာထက်ကို ပိုပြီးဘောင်ကျော် သွားပြီလို့ အဲဒီလိုပြောလိုက်တယ်။ ကျနော်တို့ KIA ရဲ့ စစ်ရုံးချုပ် ကတော့ ဒီတိုက်ပွဲကို မှတ်တမ်းတင်ထားမယ်။ အင်အားအများဆုံး ပြည်ပရန်ကို တိုက်တဲ့ စစ်ပွဲပုံစံမျိုး ဖြစ်တယ်ဆိုတဲ့ အကြောင်းလည်း ကျနော်တို့ ပြောလိုက်ပြီ။ အဲဒီကိစ္စကို သူတို့ဘက်က ဘာမှ ပြန်မပြောဘူး။ နားထောင်သွားတာပဲ။
မေး။ ။ KIO အနေနဲ့ ဒါမှမဟုတ် KIA အနေနဲ့ သမ္မတနဲ့ မြန်မာအစိုးရကို ဘာတွေပြောချင်လဲ။ တိုင်းရင်းသား ကိစ္စမှာ သူတို့ကို ဘာတွေ ပြောစေချင်လဲ။
ဖြေ။ ။ အဓိက ကတော့ ကျနော်တို့က ဒီတိုင်းရင်းသားကိစ္စကို အစိုးရအဆက်ဆက်က လက်နက်ကိုင် တပ်လို့ ပြောနေတာကို ကျနော်တို့က ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်ပြဿနာ၊ လက်နက်ကိုင် ပဋိပက္ခလို့ ပြောလိုက်ရင် Ceasefire agreement မှာ အဆုံးသတ်သွားတယ်။ ဒါကြောင့် ကျနော်တို့ ပြောတာက လက်နက်ကိုင် ပဋိပက္ခ မဟုတ်ဘူး၊ ဒါ ပြည်တွင်းစစ်ဖြစ်တယ်။ ဒီတိုက်ပွဲက နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြည်တွင်းစစ်၊ နိုင်ငံရေးကြောင့် ဖြစ်လာတဲ့ပြဿနာ။ ဒါကြောင့်မို့လို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမှာ။ အခု ကျနော်တို့က အပစ်အခတ် ရပ်ဆိုင်းရေး မလုပ်ဘူးလို့ ပြောနေတာ မဟုတ်ဘူး။ ကျနော်တို့ သဘောထားက လုပ်မယ်။ ဒါပေမယ့် အစိုးရက နိုင်ငံရေးနည်းနဲ့ တွေ့ဆုံ ဆွေးနွေးရမယ်ဆိုတဲ့ ဆန္ဒ ရှိကိုရှိရမယ်။ ဒီဆန္ဒကို လူသိရှင်ကြား ဖော်ထုတ်ပြရမယ်။ နောက် ဘယ်လို လုပ်မယ်ဆိုတဲ့ road map ရှိသင့်တယ်။ ဒီ ၃ ချက်အပေါ်မှာ အခြေခံမှ ကျနော်တို့က အပစ်အခတ်ရပ်စဲရေး လုပ်လို့ရမှာ။ လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်တုန်းက ဒီလို road map မရှိဘဲနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့တာလေ။ ဒါကြောင့် မနေ့ (နိုဝင်ဘာ ၂၉) က ကျနော်တို့ ဥက္ကဋ္ဌကလည်း ပြောလိုက်တယ်။ အဲဒီလို အရင်ပုံစံ အတိုင်းပဲ လုပ်မယ်ဆိုရင်တော့ ယာယီပဲ ရမယ်။ ဒီနေ့ အပစ်အခတ် ရပ်ဆိုင်းပြီး သဘက်ခါကျရင် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ကို ပြောလိုက်တယ်။
မေး။ ။ တိုက်ပွဲတွေရဲ့ အနေအထားက ဘယ်လိုရှိလဲ။ ဗိုလ်မှူးချုပ်တို့ အတွေ့အကြုံအရဆိုရင် ပိုဆိုးလာတယ်လို့ ပြောနိုင်လား။
ဖြေ။ ။ သူတို့ဘက်က အင်အားတွေ ပိုသုံးလာတာပေါ့။ နောက် လေကြောင်းအကူတပ်တွေ ပါလာတယ်။ အမြောက်တွေနဲ့ ပစ်လာတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့က ပစ်တယ်။ အခုတလော သူတို့က ဒီလေကြောင်းက ကူတယ်။ အရင်တုန်းကတော့ လူနာ အတင်အပို့ လောက်ပဲ သုံးတာ၊ အခုက မဟုတ်ဘူး။ ထောက်ပံ့ပို့ဆောင်တာတို့၊ လူအင်အား ချတာတို့ လေကြောင်းအကူသုံးလာတယ်။
မေး။ ။ ဒါဆို ရဟတ်ယာဉ်တွေနဲ့ ပစ်လာတာတွေ ရှိပြီလား။
ဖြေ။ ။ ရဟတ်ယာဉ်နဲ့ ပစ်တာတော့ မရှိဘူး။ ဒါပေမယ့် စစ်တပ် အပြောင်းအရွှေ့လုပ်တယ်၊ ရိက္ခာပို့ တယ်။ လက်နက်တွေ ပို့တယ်။ မနေ့ (နိုဝင်ဘာ ၂၉) ကဆိုရင် ရှမ်းရွာလေး တစ်ရွာကို မီးရှို့လိုက်တယ်။ ဧရာဝတီမြစ်ကမ်းဘေးမှာ အိမ်ခြေ ၁၀၀ လောက်ရှိတာ အကုန်လုံးနီးပါး ပြောင်တာပဲ။ ၅ အိမ်၊ ၆ အိမ် လောက်ပဲ ကျန်တယ်။ အကုန်လိုက် မီးရှို့တာ။ ရွာထဲကို ၁၁၀ (မမ) တွေနဲ့ ပစ်ပြီးမှ ရွာကို မီးရှို့၊ အဲဒီလို လုပ်နေတာ။ ဒါ ရှမ်းရွာနော်၊ ကချင်ရွာတောင် မဟုတ်ဘူး။
မေး။ ။ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားတာက ပုံမှန်ဘဲလား။ ဆက်တိုက်လိုလို ဖြစ်နေလား။
ဖြေ။ ။ ဒါ တောက်လျှောက်ပဲ။ ဗန်းမော်ဘက်မှာ ခဏခဏဖြစ်တယ်။ ဒီလိုဖြစ်တဲ့ ရွာပေါင်းက အခု ကျနော် သိတာတောင်မှ ၈ ရွာ၊ ၉ ရွာလောက် ရှိတယ်။ ရွာထဲက အိမ်တွေကို သေနတ်နဲ့ ပစ်တာတို့ ဘာတို့ ပေါ့နော်။ တိုက်ပွဲဖြစ်မှ မဟုတ်ဘူးပေါ့။ မနေ့ (နိုဝင်ဘာ ၂၉) က ဆိုလည်း အဲဒီလိုပဲ။ ရွာထဲမှာ တိုက်ပွဲမဖြစ်ဘူး။ ဒါပေမယ့် လက်နက်ကြီးနဲ့ကို ပစ်တာ။ နောက်ပြီးတော့ မီးရှို့လိုက်တာ။
မေး။ ။ ရွှေလီမှာ တွေ့ကြတာ ဆိုတော့ တရုတ်နိုင်ငံရဲ့ အနေအထားကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ သူတို့ကတော့ ကောင်းကောင်းမွန်မွန် ဆွေးနွေးပြီးမှ ဖြေရှင်းစေချင်တဲ့ ဆန္ဒရှိတယ်။ ကျနော် တို့ကလည်း ဆွေးနွေးချင်တယ်လို့ ပြောတယ်။ မနေ့ (နိုဝင်ဘာ ၂၉) က ဆွေးနွေးပွဲမှာ ကျနော်တို့ ဥက္ကဋ္ဌ ကိုယ်တိုင် တက်တယ် ဆိုတာက တကယ်လို့သာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ အစီအစဉ်ကို တောက်လျှောက်ဆွေးနွေးသွားချင်လို့။ အဲဒီမှာ အမြဲတမ်း ဗဟိုကော်မတီဝင် ၉ ဦးရှိတဲ့အနက်က ၃ ဦး တက်တယ်။ နောက်အားလုံး ၆ ဦးမှာ ၅ ဦးက ဗဟိုကော်မတီဝင် လူကြီးတွေပဲ။ ကျနော်တို့ အစကစဉ်စားတာကတော့ နှစ်ရက်လောက် အချိန်ယူမယ်ပေါ့။ တွေ့ဆုံ ဆွေးနွေးပွဲတွေကို နောက်ထပ် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အစီအစဉ်တွေကိုပါ ကျနော်တို့က ဆွေးနွေးချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲဒီလို ဆွေးနွေးဖို့ လုပ်နေတဲ့ အချိန်မှာပဲ သူတို့က အချိန်ကတော့ ၂ နာရီပဲ ရမယ်လို့ ပြောတယ်။ အဲဒီတော့ လာကြည့်တဲ့ ပုံစံပဲ ဖြစ်သွားတယ်။
မေး။ ။ ဆွေးနွေးတဲ့ အချိန်မှာ တရုတ် အာဏာပိုင်ရော ရှိနေလား။
ဖြေ။ ။ သူတို့ကတော့ အထဲမှာ မထိုင်ဘူး။ သူတို့က လုံခြုံရေးနဲ့ တခြားကိစ္စတွေမှာ ကူညီပေးတာ။
မေး။ ။ ပေကျင်းက အရာရှိတွေ၊ ဒါမှမဟုတ် အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ရော မြန်မာအစိုးရဘက်နဲ့ ပြောဆို ဆွေးနွေးတာ ရှိလား။
ဖြေ။ ။ မရှိဘူး။ သူတို့ကတော့ ကျနော် တို့ကို သွားရေးလာရေး ခက်ခဲတဲ့အတွက် သွားရေးလာရေးမှာ အကူအညီ ပေးတယ်။ အထဲမှာ တိုက်ပွဲတွေ ဖြစ်နေတော့ အထဲမှာ လုပ်လို့မရဘူးဆိုတဲ့ အချက်ကိုပါ အခြေပြုပြီး သူတို့က နေရာ ခွင့်ပြုပေးတယ်။
မေး။ ။ မဟာမိတ် အနေအထားကရော နောက်ဆုံးအခြေအနေ ဘယ်လို ရှိသလဲ။
ဖြေ။ ။ မဟာမိတ်အနေအထားက အရင် အတိုင်းပါပဲ။ အဓိကကတော့ UNFC (ညီညွတ်သောလူမျိုးများ တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ) ရဲ့ သဘောထား။ ကျနော်တို့ တဖွဲ့ချင်း တွေ့လို့ ရပြီ၊ ဒါပေမယ့် UNFC ရဲ့ ခွင့်ပြုချက် လိုတယ်။ အဲဒီတော့ တဖွဲ့ချင်း လက်မှတ် ရေးထိုးမယ့် ကိစ္စကတော့ UNFC က ထိုးပါဆိုရင် ကျနော်တို့က အပစ်အခတ် ရပ်စဲရေးပဲ ဖြစ်ဖြစ် ထိုးလို့ရတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပတ်သက်တာ ဆိုရင်တော့ တဖွဲ့ချင်း ပြောလို့ မရဘူး။ အဲဒီအခါကျရင် UNFC ကနေ မူချမှတ် ပေးမယ်ရမယ် ဆိုတဲ့ သဘောပါ။ တဖွဲ့ချင်း တွေ့လို့ ရပါတယ်။
မနေ့ (နိုဝင်ဘာ ၂၉) က ဦးအောင်မင်းကအစ သူပြောပုံက အားလုံးပဲ လက်မှတ်ထိုးတော့ မလိုလိုလေ။ သူကအဲဒီလို စပြီး စကားပြောတာ။ အခုက လက်မှတ်ထိုးမယ်လို့ ကတိပေးထားတဲ့ အဖွဲ့က ဘယ်သူမှ မရှိဘူး။ တွေ့ဖို့ကတော့ ကျနော်တို့ အားလုံး ဆန္ဒရှိတာပေါ့။ တကယ်လို့သာ နှစ်ဘက်ပြေလည်နိုင်တဲ့ လမ်းကြောင်းတွေ့တယ် ဆိုရင်တော့ ဘယ်သူမဆို ဆက်ဆံရေးအရ လုပ်သွားမှာပါ။ ကြိုပြီးတော့ လက်မှတ်ထိုးမယ်၊ ဘယ်နေ့မှာ ထိုးမယ်ဆိုတာတော့ မရှိပါဘူး။