ရွှေညဝါ ဆရာတော် ဦးပညာသီဟကို ဒီဇင်ဘာလ ၁၂ရက် နေ့စွဲဖြင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က သတင်းသုံးရာ သာဓု ကျောင်းတိုက်မှ ဖယ်ရှား ရန်၊ ဆို ဆုံးမခက်သူ ဒုဗ္ဗစပုဂ္ဂိုလ် အဖြစ် သတ်မှတ်ရန်နှင့် သာဓု ကျောင်းတိုက်အတွင်း မည်သည့် သင်တန်းမျှ ဖွင့်ခွင့်မရှိဆိုသည့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ရဟန်းရှင်လူများ၏ လက်မှတ်ပေါင်း ၁၀၀၀၀ ကျော်ဖြင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ထံသို့ အသနားခံစာ တင်လျှောက် ခဲ့သော ရွှေညဝါ ဆရာတော်ကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်း ထားသည်။
ရွှေညဝါ ဆရာတော် ဦးပညာသီဟသည် ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိပြီး သံဃာများအား ပရိယတ္တိစာဝါများ သင်ကြားပို့ချသော ရွှေညဝါ ဟူသည့်အဖွဲ့တွင် နှစ်ပေါင်းများစွာသာသနာ့ဝန်ကို ဆောင်ရွက် နေသည့် ရဟန်းတော် တပါးဖြစ်သည်။ ဆရာတော်သည် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်သည်။
မေး။ ။ ဆရာတော့်ကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ပို့တဲ့ အကြောင်းကြားစာရပြီးနောက် အခု နောက်ဆုံး အခြေအနေကို ပြောပြပါ ဘုရား။
ဖြေ။ ။ နောက်ဆုံးအခြေအနေကတော့ ဘုန်းကြီး ဒီ ထေရဝါဒ ထုံးစံအတိုင်း အားလုံးရဲ့သဘောထားတွေကို လိုက်လျောပြီး ဘုန်းကြီးရဲ့တကိုယ်ရေဆုံးဖြတ်ချက်ကို ပြင်ပြီးတော့ သံဃ မဟာ နာယက အဖွဲ့ကို အခု လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် စုစုပေါင်း လက်မှတ် ၁၂၀၀၀ ကျော်နဲ့ သွားတင်လိုက်ပြီ။
မေး။ ။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေမှာ တချက်ကအရှင်ဘုရားကို ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ်နဲ့ သတ်မှတ်တယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတာ တွေ့ရပါတယ်ဘုရား။ ၄၇ ပါးစုံညီဆုံးဖြတ်ချက်နဲ့ အနက်အဓိပ္ပာယ်ကို ပိုပြီး သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။ တချို့က ဆရာတော့်ကို လူဝတ်လဲဖို့အထိ ပြောတယ်လို့ ဆိုတယ်။
ဖြေ။ ။ အဲဒါတွေက အယူအဆလွဲတာပါ၊ ဒါက အကြီးမားဆုံး ကျူးလွန်မှုမဟုတ်ပါဘူး။ ပါဠိလို မြန်မာလို နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ဆရာတော်ကြီးများရဲ့ဆိုဆုံးမတာကို မလိုက်နာသူလို့ အဲဒီ အဓိပ္ပာယ် ပေါက်တယ်။ ဒါကို သူတို့ မဟာ နာယက ဆရာတော်ကြီးတွေက အဲဒီလိုမျိုး သတ်မှတ်ပြီးတော့ ဆုံးဖြတ်ချက်ချတာပါ။ တကယ်တမ်းကျတော့ အောက်ကတင် သွင်းတဲ့ အနေအထားတွေပေါ်မှာ မူတည်ပြီးတော့ မဟာနာယက ဆရာတော်ကြီးတွေကလည်း ကောက်ချက်ချတယ်ထင်ပါတယ်။
မေး။ ။ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများက ဆိုဆုံးမမူကို မနာခံသူလို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး ဆရာတော့်ကို ခေါ်ယူမေးမြန်း ဆုံးမ ကြားနာတာမျိုး ရှိပါလား ဘုရား။
ဖြေ။ ။ မရှိခဲ့ဘူး။ ဘုန်းကြီးကို ခေါ်ဆုံးမလို့ အချိန်မရွေး ရတာပါပဲ။ ဘုန်းကြီးက လူမိုက်၊ ဘုန်းကြီးမိုက်မှ မဟုတ်တာဘဲ။ သာသနာအတွက် လောကအတွက် အကျိုးပြုနေတဲ့ လုပ်ငန်းတွေကို ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်ပြီးတော့ အများကြီး ထုနဲ့ထေးနဲ့ နှစ်ပေါင်းများစွာ ဆောင်ရွက်လာတဲ့ ခေါင်းဆောင်တပါးဆိုတာကို နည်းနည်းလေး ထည့်ပြီးတော့ စဉ်းစားဖို့ိလိုမယ်။ ကိုယ့်ထက် အသက်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံတဲ့ ဆရာတော် သက်တော်ရှည်တွေ၊ ကျုပ်တို့ ထေရဝါဒ ထုံးတမ်း စဉ်လာအရဆိုရင် ကျုပ်ဘက်က ဘာမှ စိတ်ပြစ်မှားမှု နှုတ်ပြစ်မှားမှု တခုမှမရှိပါဘူး။ ကျုပ်တို့ သာသနာမှာ ကျုပ်တို့မှ မစည်း လုံးရင် ကျုပ်တို့ လူမျိုး ပျောက် ဘာသာပျောက် သာသနာ ပျောက်သွားမှာကို အစိုးရိမ်ဆုံးပဲ။ ကျုပ်က ဒီလို အသနားခံစာ တင်ပြီး တော့ သာသနာတော်မှာရှိတဲ့ ဆရာတော်ကြီးတွေနဲ့ တပည့်သံဃာတွေအားလုံး တစိတ်တဝမ်းတည်း ညီညွတ် စေချင်တဲ့ ဆန္ဒအရင်းခံ အမှန်ရှိပါတယ်။ ရှိတဲ့အတိုင်းလည်းပဲ ထေရဝါဒ ထုံးစံအတိုင်း ကျုပ်က ဝန်ချ တောင်းပန်ဖို့။ ကျုပ် မှားတယ် မှန် တယ်ဆိုတာကို ဘာမှ မပြောလိုတော့ဘူး။ ဝန်ချတောင်းပန်ဖို့ ကိစ္စကို ကျုပ် ဆောင်ရွက်နေပါတယ်။ ကျုပ်နိုင်ငံကို သိပ်ချစ် တယ်။ ချစ်တဲ့အတွက် ကျုပ်လူမျိုး ကျုပ်နိုင်ငံ ကျုပ် ဘာသာ သာသနာ ပျက်စီးအောင် ကျုပ် ဘယ်တော့မှမလုပ်ဘူး။
မေး။ ။ အရှင်ဘုရားကို တရားဟောခွင့် တနှစ်ပိတ်ပင်တယ်လို့ တပည့်တော် ကြားရပါတယ်ဘုရား။ ဘယ်အချိန်က ပိတ် ပင် ခဲဲ့တာလဲဲ ဘုရား။
ဖြေ။ ။ တရားဟောခွင့်က ၂၀၁၁ ခုနှစ် နှစ်လပိုင်း ၁၁ ရက်နေ့ကနေ ၂၀၁၂ နှစ် နှစ်လပိုင်း ၁၀ ရက်နေ့အထိ ဗမာ တပြည် လုံး တနှစ်ပိတ်ခံထားရတယ်။ ဘာကြောင့်လဲဆိုတာကတော့ သဘောထားခြင်း ခံယူချက်ခြင်း အယူအဆခြင်း ကွဲလွဲလို့ မတူ ညီ လို့ မတိုက်ဆိုင်လို့ပါပဲ။ ကျုပ်က တပည့်သံဃာပေါင်း ထောင်ချီပြီး အုပ်ချုပ်တဲ့ဆရာဆိုတော့ စကားပြောရင် မာတယ်၊ ထန် တယ်၊ ပြီးတော့ တည်ကြည်တယ်၊ မှန်ကန်တယ်။ မာမာထန်ထန် ရှိတယ်။ ကျုပ်ရဲ့ပုံရိပ်ကလည်းပဲ အများကို အုပ်ချုပ်နေရတဲ့ အမြဲတမ်း အုပ်ချုပ်သူ ခေါင်းဆောင်တပါး အနေနဲ့ ကျုပ်မျက်နှာနည်းနည်းတော့ တင်းမာတယ်။ ဒါကတော့ ကျုပ်က ဘဝပုံရိပ် အရ သရုပ်ဆောင်ထားရတဲ့ အနေအထား။ စိတ်ဖိအားတွေ အမြဲတမ်းရှိတဲ့အခါမှာ ကျုပ်နှလုံးသားနူးညံ့ပေမယ့် ကျုပ် ရုပ် ရည်နဲ့ ဟန်ပန် အမူအရာက တင်းမာတဲ့သဘောမျိုးရှိတယ်။ တရားဟောရင်လည်း အဲဒီလို မာမာထန်ထန် ဟောတတ် ပြော တတ်တဲ့ သဘာဝရှိတယ်။ ပုထုဇဉ် သဘာဝအလျောက် အမှားပါနိုင်တယ် ဆိုတာကိုတော့ ရိုးသားစွာ ဝန်ခံနိုင်ပါတယ်။ ကိုယ် မှန်တယ်ထင်လို့ ပြောတာက တဖက်ကျတော့ အမှားဖြစ်ရင်လည်း ဖြစ်နိုင်မှာပေါ့။ ဘာလွန်လို့လဲ ဆိုရင်တော့လည်း ကျုပ် ဘက် က မလွန်ပါဘူးလို့ပဲ ဖြေမှာပါ။
မေး။ ။ ဆရာတော့်ကို တရားဟောခွင့်ပိတ်တာက ဘယ်တရားကို ဟောကြားခဲ့လို့လဲ ဘုရား။
ဖြေ။ ။ ဘယ်တရား ဘယ်ခေါင်းစဉ်ရယ်လို့ ပြောလို့မရပါဘူး၊ အကုန်လုံးအကျုံးဝင်ပါတယ်။ ကျုပ် ဟောထားတဲ့ တရားမှန် သမျှ အားလုံးအကျုံးဝင်ပါတယ်။ သဘောထားချင်းကတော့ တဖွဲ့နဲ့တဖွဲ့ မတူညီနိုင်ပါဘူး။ ခံယူချက်ခြင်းလည်း မတူညီနိုင်ပါဘူး။ ကွဲလွဲနိုင်ပါတယ်။ ယုံကြည်ချက်ခြင်းလည်း မတူညီနိုင်ပါဘူး။ ကျုပ် မှန်တယ်ထင်လို့ ကျုပ်ဟောတာ၊ ကျုပ်ပြောတာပါ။ ဒါအတွက် ကျုပ် တာဝန်ယူသွားမယ့် ကိစ္စမျိုးဆိုရင်လည်း အဆုံးထိတာဝန်ယူရဲပါတယ်။ ဒီလို တနှစ်ပိတ်တယ်ဆိုလို့ ဦးပဉ္ဇင်း မဟောပါဘူး။ သြဝါဒ စကားသွား ပြောတာပါ။ တရားဟောတာ မဟုတ်ပါဘူး။ ဆရာတော်တွေနဲ့ ဘုန်းကြီးတို့နဲ့ အထက်နဲ့ အောက်နဲ့ ဒီနေ့ရန် ဖြစ်နေရမယ့် အချိန်မဟုတ်ပါဘူး။ မညီမညွတ်ဖြစ်နေခြင်းဟာ ကျုပ်တို့ဘာသာ သာသနာ ချုပ်ဖို့သာရှိပါတယ်၊ အကျိုးမသက်ရောက်နိုင်ဘူး။ ကျုပ်တို့ဘာသာ ကျုပ်တို့သာသနာအတွက် အခုလိုအချိန်မှာ ရဟန်းသံဃာတွေဟာ ဝါးစည်းပြေနေဖို့ အချိန် မဟုတ်တော့ပါဘူး။ ဝါးစည်းပြေနေမယ်ဆိုရင် ကျုပ်တို့ နိုင်ငံလူမျိုး ဘာသာ သာသနာပျောက်ပါတော့ မယ်။ ဒါကြောင့်မို့လို့ ကျုပ်ဟာ ဆရာတော်ကြီးတွေ အားလုံးကို ဝန်ချတောင်းပန် ဦးချကန်တော့ဖို့အထိ ကျုပ်ဆုံးဖြတ် လိုက် တာကိုး။ ကျုပ်တိုင်းပြည်ကို ကျုပ်ချစ်လို့ပါ။ ကျုပ်လူမျိုးကို ကျုပ်ချစ်လို့ပါ။
မေး။ ။ အခု ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ကလည်း ဆရာတော့်ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့ဆီ စုပေါင်းလက်မှတ်ရေးထိုးပြီးတင်ပြဖို့လုပ်နေတဲ့အပေါ် ဘယ်လိုမြင်ပါလဲဘုရား။
ဖြေ။ ။ ဒါ ကျုပ်ဒကာ၊ ဒကာမ တွေလေ။ ဘုန်းကြီးတို့က အလှူခံပုဂ္ဂိုလ်ဗျာ။ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေ ကျုပ်ကျောင်း လာပြီး လှူတဲ့တန်းတဲ့အခါမှာလည်း ကျုပ် အိမ်ရှင်ပီသစွာနဲ့ ဝတ္တရားကျေအောင် ဧည့်ခံပြီး ပျူပျူငှာငှာဆက်ဆံခဲ့တယ်။ အတိုက်အခံဘက်က လာလှူရင်လည်း ကျုပ်က လက်ခံပြီးတော့ ပျူပျူငှာငှာ ဆက်ဆံခဲ့တယ်။ ဘုန်းကြီးဆိုတာ ဘက်မလိုက် ရဘူးဗျ။ မျှမျှတတ ဆက်ဆံရတယ်။ ဒကာ၊ ဒကာမ ဟာ ဒကာ၊ ဒကာမ ပါပဲ။ အရပ်သားနဲ့စစ်သားဆိုတာ ကျုပ်တို့ရင်ထဲမှာ မခွဲခြားပါဘူး။ ဒါဟာ ရိုးရိုးရှင်းရှင်းလေးပါ။ ဒါကို ရှုပ်အောင်တွေးနေတဲ့ လူတွေအတွက်တော့ ကျုပ် စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီကနေ့အထိလည်း ကျုပ်ဟာ စိတ်ထဲမှာ သိမ်ငယ်ပြီးတော့ ဟို ထိတ်လန့်ကြောက်ရွံ့ပြီး တုန်လှုပ်ခြောက်ခြား အိန္ဒြေပျက်ပြား နေတဲ့ အနေအထားမျိုး ကျုပ်နည်းနည်းမှ မခံစားရပါဘူး။ လောကဓံရဲ့ ရိုက်ချက်တခုလို့ပဲ သဘောထားပါတယ်။
မေး။ ။ မကြာသေးခင်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆရာတော်တွေ့ခဲ့တာလဲ ရှိပါတယ် ဘုရား။ အဲဒါတွေနဲ့ ဆက်စပ်တယ်လို့များ ထင်ပါသလား ဘုရား။
ဖြေ။ ။ ဒီစာ တရားဝင် ကျုပ်ဆီကို မရောက်လာသေးခင်အချိန်အတောအတွင်း လွန်ခဲ့တဲ့ တပတ်လောက် ကတည်းကိုက ကျုပ်သိပြီးသား။ ဟီလာရီ ကလင်တန်နဲ့ ၂ ရက်နေ့မှာ တွေ့ပြီးတော့ ၄ ရက်နေ့ကတည်းက အဲဒီသတင်းတွေကြားနေတာပါပဲ။
ကျုပ်ရှေ့လုပ်ငန်းစဉ်တွေ အများကြီး ခြေလှမ်းတွေလှမ်းရဦးမှာ။ ကျုပ်ဘဝက ကျုပ် ကိုယ်ကျုပ် ပစ်တိုင်းထောင်လို သဘော ထားပါတယ်။ မီးပုံးပျံလိုသဘောထားပါတယ်။ ကောင်းကင်တက်ဖို့အတွက် မှိုင်းဒဏ်တော့ ခံနိုင်ရမှာပေါ့။