မြန်မာစစ်အစိုးရ အဆက်ဆက်သည် ပြည်တွင်း အရပ်သားနိုင်ငံရေးကို ခေါင်းမထောင် လာနိုင်စေရန်အတွက် ပြည်ပနိုင်ငံတကာ ဆက်ဆံရေးနှင့် ကစားလေ့ရှိသည်ကို အတိတ် ပစ္စုပ္ပန်ကာလ အခြေအနေများကိုလေ့လာခြင်းဖြင့် သိရှိနိုင်ပါသည်။
၁၉၈၈ ခုနှစ်မတိုင်မီက အရင်းရှင်နှင့်ကွန်မြူနစ်ဝါဒရေးကို အကြောင်းပြု၍ အမေရိကန် နှင့် တရုတ် နိုင်ငံတို့အကြား နိုင်ငံရေးကစား ခဲ့သလို ၁၉၈၈ ခုနှစ်အရေးအခင်းပြီးနောက် ဒီမိုကရေစီအရေးကို အကြောင်းပြပြီး အဆိုပါ နိုင်ငံကြီး နှစ်နိုင်ငံအကြားတွင် နိုင်ငံရေး ကစားနေသည်ကိုတွေ့နေရပြန်ပါသည်။
သို့သော် “ဝါးလုံးခေါင်းတွင်း လသာနေသော” မြန်မာအစိုးရသည် “ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဆိုပြီး” နိုင်ငံကြီးများနှင့် နိုင်ငံရေး ကစားနေရသည်ကို “သွေး နားထင်ရောက်နေမည်” ဆိုပါက ဟိုမရောက်သည်မရောက် “မျောက်သစ်ကိုင်း လွတ်သည့်ဘဝ” မျိုးရောက်ပြီး တိုင်းပြည်ဒုက္ခရောက်သွားနိုင်သည်ကို သတိပြုရန် လိုပါသည်။
နိုင်ငံကြီးများကို လှည့်စားချင်တိုင်းလှည့်စား၍မရပါ။ ထိုနိုင်ငံများ၏ခေါင်းဆောင်များသည် စနစ်တကျရွေးချယ်ထားသူများဖြစ်ပြီး လက်ရှိ စစ်ဗိုလ်လူထွက် မြန်မာခေါင်းဆောင်များ ကဲ့သို့ ရွေးချယ်ထားခြင်း မဟုတ်ပါ။ ထိုအချက်ကိုလျှော့တွက်မည်ဆိုပါက မြန်မာနိုင်ငံအခြေအနေ ပိုဆိုးသွားနိုင်ပါသည်။ ထို့ကြောင့် မြန်မာအစိုးရသည် နိုင်ငံကြီးများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံသည့် အခါ မိမိပြောဆိုခဲ့သည်များအပေါ် ပွင့်လင်းမှု ရိုးသားမှု ကတိတည်မှု ရှိရန် လိုပါသည်။
၁၉၅၀ ပြည့်လွန်နှစ်များက တရုတ်နိုင်ငံတွင် အရင်းရှင်နှင့်ကွန်မြူနစ်ပဋိပက္ခများ ဖြစ်ပြီး အမေရိကန်အားပေးသော တရုတ်ဖြူ တပ် များ မြန်မာ့နယ်မြေကို ကျူးလွန်လာမှုကြောင့် မြန်မာနိုင်ငံ၏ တရုတ်နှင့် ထိုင်းနယ်စပ်များတွင် တိုက်ပွဲများဖြစ်ခဲ့သည်။ မြန်မာပြည် သူလူထု စစ်ဘေးစစ်ဒဏ်ခံခဲ့ကြရပါသည်။
ထို့နောက် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်း ဗိုလ်ချုပ်နေဝင်း အစိုးရသည် အရင်းရှင်စနစ်ကိုဆန့်ကျင်၍ မြန်မာ့နည်း မြန်မာဟန် ဆိုရှယ်လစ် စနစ်ဖြင့်တိုင်းပြည်ကို ချီတက်မည်ဟုကြွေးကြော်ခဲ့သည်။
သို့သော် ၁၉၆၇ ခုနှစ် တရုတ်-မြန်မာ အရေးအခင်း အပြီး တရုတ်နိုင်ငံမှနေ၍ တရုတ်နွယ်ဖွား “ဝ” ၊ ကိုးကန့် နှင့် မြန်မာတိုင်းရင်း သားများဖြစ်ကြသည့် ကချင် ၊ ရှမ်း၊ အခါ တို့ကို ဗမာပြည်ကွန်မြူနစ်ပါတီအမည်ဖြင့် မြန်မာအစိုးရကိုဆန့်ကျင်ရန် လက်နက်ကိုင် အဖွဲ့ကို တည်ထောင်၍ အင်အား ဖြည့်တင်းပေးခဲ့သည်။ ထို့ကြောင့် ယနေ့အချိန်အထိ တိုင်းရင်းသားပြည်သူလူထုနှင့် တပ်မတော် သားများ အပါအဝင် အတိဒုက္ခအပေါင်းနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါသည်။
ထိုစဉ်က အရင်းရှင်စနစ်ဆန့်ကျင်ရေးဟု ကြွေးကြော်ခဲ့သောစစ်အစိုးရသည် အမေရိကန်တို့၏ အကူအညီကိုရယူပြီး တရုတ်၏ ရန် ကို တပ်မတော်သား အသက်ပေါင်း များစွာပေးပြီး ခုခံကာကွယ်ခဲ့ရသည်ကို မေ့ထား၍မရပါ။
၁၉၈၈ ခုနှစ် အရေးခင်းကာလ တလျှောက်တွင်လည်း တရုတ်တို့ ထောက်ခံသော ဗကပ လက်အောက်ခံ “ဝ” ကိုးကန့်၊ အခါ တပ် များနှင့် မိုင်းယန်းတွင် အပြင်းအထန်တိုက်ပွဲများဆင်နွဲခဲ့ရသကဲ့သို့ အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိထားသည့် ကရင် အမျိုးသား အစည်းအရုံး(KNU) ခေါင်းဆောင်သည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်(DAB) လက်နက်ကိုင်တပ်များနှင့် မဲသဝေါ တွင် အပြင်းအထန်တိုက်ပွဲများ ဆင်နွဲခဲ့ကြရပါသည်။
ထိုအချိန်ကာလများကလည်း အမေရိကန်၏ လေယာဉ်တင် သင်္ဘောကြီး မြန်မာရေပိုင်နက်အတွင်း ဝင်လာသည်ဟု သတင်းရသဖြင့် ထိုစဉ်က ဒုတိယ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေ ကိုယ်တိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် စစ်သံမှူးကို ခေါ်ယူ တွေ့ဆုံပြီး သတိပေးခဲ့ရ သကဲ့သို့ အမေရိကန်စစ်တပ် မြန်မာနိုင်ငံကိုဝင်ရင် တရုတ်စစ်တပ်ကလည်း အထက် မြန်မာနိုင်ငံ မန္တလေးမြို့အထိ သိမ်းပိုက်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တရုတ် တပ်မကြီး (၂)ခု မြန်မာနယ်စပ်သို့ လွှတ်ထားသည် ဆိုသည့် သတင်းများလည်း ရရှိခဲ့ပါသည်။ ထိုအချိန်ကသာ နိုင်ငံကြီးများ မြန်မာနိုင်တွင် ဝင်ရောက်ခဲ့ကြမည်ဆိုလျှင် မြန်မာနိုင်ငံ၏ အခြေအနေကို စဉ်းစား၍ပင် ရမည်မထင်ပါ။
၁၉၉၀ ဝန်းကျင် စစ်အေးကာလပြီးခါစ ကမ္ဘာတွင် မဟာအင်အားကြီးနိုင်ငံဖြစ်လာသော အမေရိကန်သည် လူ့အခွင့်အရေးနှင့် ဒီမို ကရေစီအရေးကို အပြင်းအထန် ကြွေးကြော်လာခြင်းကြောင့် အပြစ်မဲ့အရပ်သူအရပ်သား ထောင်ချီ၍ သေနတ်နှင့် ပစ်သတ်ခဲ့သော စစ်အစိုးရသည် မည်သို့မျှသဟဇာတ မဖြစ်တော့သဖြင့် အမေရိကန်နှင့်လမ်းခွဲခဲ့ပြီး ရှေ့မျက်နှာနောက်ထားကာ တရုတ်ကို မျက်နှာချိုသွေးခဲ့ပါသည်။ တရုတ်ကလည်း ကွန်မြူနစ်အမည်ကိုသာခံပြီး အရင်းရှင်စီးပွားရေးစနစ်ကျင့်သုံးနေပြီဖြစ်၍ အပယ်ခံစစ်အစိုးရ ကို အိတ်ကပ်ထဲကောက်၍ ထည့်ထားလိုက်ပါသည်။
ပထမဦးစွာ တရုတ်နိုင်ငံ၏ ပင်လယ်ထွက်ပေါက်မရှိ ကုန်းတွင်းပိတ် မဖွံ့ဖြိုး မတိုးတက်သေးသော ပြည်နယ်များဖြစ်သည့် ယူနန် နှင့် စီချွမ် ပြည်နယ်များ၌ စီးပွားရေးအခွင့်အလမ်းကောင်းများ ရရှိရေးကိုရည်ရွယ်ပြီး တရုတ်နိုင်ငံနှင့်ထိစပ်လျက်ရှိသော မြန်မာ နယ် နိမိတ် များတွင် အပစ်အခတ်ရပ်စဲပေးပြီး တည်ငြိမ် အေးချမ်းမှု လိုချင်ကြောင်း တောင်းဆိုခဲ့သည်။
ထို့ကြောင့် ငြိမ်ချမ်းရေးနှင့်ပတ်သက်ပြီး ခေတ်အဆက်ဆက် လက်နက်ချရေးမူကိုဆွဲကိုင်ခဲ့သော စစ်အစိုးရသည် တရုတ်တို့ တောင်းဆိုသည့်အတိုင်း လက်နက်ကိုင်၍ ငြိမ်းချမ်းရေးမူကို လက်ခံခဲ့ရသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ် အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူခဲ့ရသည်။
ယူနန်ပြည်နယ်နှင့် လမ်းပန်းဆက်သွယ်ရေး ကုန်သွယ်မှု ကောင်းရန် အတွက် တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားသော ဘိန်းဘုရင် လောစစ်ဟန်၏ Asia World ကုမ္ပဏီကို မန္တလေး ၊ မေမြို့၊ လားရှိုး ၊ မူဆယ် ကားလမ်းကို ရာသီမရွေးသွားနိုင်ရန် ပြင် ဆင်ဖောက်လုပ်ရန် တာဝန်ပေးခဲ့ပါသည်။
ထို့နောက် မြန်မာ စစ်တပ်အတွက် တရုတ်နိုင်ငံတွင် အသုံးမပြုလိုတော့သည့် အမေရိကန်ဒေါ်လာ၂ ဘီလျံခန့် တန်ဖိုး ရှိသော စစ် လေယာဉ်၊ စစ်သင်္ဘော၊ တင့်ကား၊ သံချပ်ကာ ကား ၊ အမြောက်နှင့် စစ်လက်နက်ပစ္စည်း ကို အကြွေးဖြင့် ရောင်းချခဲ့ပါသည်။
ထို့အပြင် တချိန်က ဘိန်း စစ်ပွဲနှင့် ချေမှုန်းခြင်းခံခဲ့ရသော တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံကိုရည်ရွယ်ပြီး “ဝ” ၊ ကိုးကန့် ဒေသ များတွင် ဘိန်းစိုက်ပျိုးမှုများပြားလာခြင်းကို လျစ်လျူရှုခဲ့သည်။ စစ်အစိုးရအနေနှင့်လည်း ၎င်းတို့နယ်မြေအတွင်း အခွင့်တောင်းပြီးမှဝင်ခွင့်ရသဖြင့် ဘိန်းစိုက်ပျိုးမှုကို မဟန့်တားနိုင်ခဲ့ပါ။ သို့သော် အမေရိကန်တို့အနေဖြင့် ဘိန်းစိုက်ခင်းများကို ဂြိုဟ်တုဓာတ်ပုံများမှ နေ၍မြင်တွေ့ရသဖြင့် အမေရိကန်ပြည်သူလူထုအကျိုးငှာ လူ့အခွင့်အရေးချိုးဖောက်သော မြန်မာစစ်အစိုးရကို ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးကိစ္စ အကြောင်းပြု၍ ပြန်ဆက်ဆံခဲ့ရပါသည်။
အမေရိကန်က ၁၉၉၃ ခုနှစ်မှ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းမတိုင်မီအထိ နှစ်စဉ် မြန်မာစစ်တပ်၊ စိုက်ပျိုးရေးဝန်ကြီး ဌာန မှ တာဝန်ရှိသူများနှင့် ဘိန်းအထွက်နှုန်း တိုင်းတာလေ့လာခြင်းကို ပြုလုပ်ခဲ့သည်။ ထိုအချိန်က အမေရိကန်တို့အနေဖြင့် အစိုးရချင်း ဆက်ဆံရေးမြှင့်တင်မှုတွင် Congress ကိုကျော်လွှားပြီး လုပ်မရပါ။ Congress အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည် မပါလျှင်မြန်မာအစိုးရနှင့် တရားဝင် ဆက်ဆံခွင့် မရှိပါ။ အမေရိကန်တို့၏ UNOCAL ရေနံကုမ္မဏီသည် မြန်မာနိုင်ငံတွင် ပထမဆုံး သဘာဝ ဓာတ်ငွေ့ တူးဖော်ခွင့် ရရှိသောကုမ္မဏီဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ မည်၍မည်မျှရှိသည်ကို ခေတ်မီ တိုင်းတာရေးစနစ်များအရ သိရှိထားပြီးဖြစ်ပါသည်။ သို့သော် ၁၉၉၇ ခုနှစ် အမေရိကန်၏ ရင်းနှီးမြုပ်နှံမှုအသစ်များ မြန်မာနိုင်ငံတွင် မပြုလုပ်ရဟုဆိုသော ဒဏ်ခတ် ပိတ်ဆို့မှု ဆန်ရှင် ကြောင့် အမြတ်အစွန်းများရရန် လက်လွှတ်ခဲ့ရပါသည်။
တရုတ်တို့သည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့သိုက်များ မတွေ့မီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တွင် စစ်အစိုးရအား ဒေါ်လာ ၂ ဘီလျံဖိုး အကြွေးရောင်းချခဲ့သော စစ်ပစ္စည်းများ၏အတိုးကို ပေးဆပ်ရန်တောင်းဆိုခဲ့ရာ မပေးနိုင်သဖြင့် တရုတ်တို့၏ အပြစ် တင် ပြောဆိုမှုကို ခံခဲ့ရသည်။
သဘာဝဓာတ်ငွေ့သိုက်များ တွေ့ပြီးနောက်ပိုင်းမှစ၍ ရေအားလျှပ်စစ် ၊ ဆည်များ၊ သတ္တုလုပ်ငန်းများတွင် ငွေအလုံးအရင်းနှင့်ရင်းနှီး မြုပ်နှံမှု ပြုလုပ်လာခဲ့ပါသည်။ နောက်ပိုင်း၌ တရုတ်တို့အနေဖြင့် ၎င်းတို့အကျိုးစီးပွားကိုကာကွယ်ရန် စစ်ရေး စီးပွားရေး မဟာဗျူဟာများ ရေးဆွဲချမှတ်လာသည်ကို တွေ့ရပါသည်။
၂၀၀၀ ပြည့်တွင် တရုတ်တို့သည် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရေးကို ရည်ရွယ်ပြီး ဧရာဝတီမြစ်ကို သင်္ဘောကြီးများ သွားလာနိုင်ရန် ရေလမ်းကြောင်းရှင်းလင်းပြီး ဗန်းမော်မြို့တွင် ဆိပ်ကမ်း ဆောက်ပေးမည်။ ဗန်းမော် တရုတ်နယ်စပ် ကားလမ်းဖောက် ပေး မည် ဆိုသည့် စီမံကိန်းကို တရုတ်အစိုးရက မြန်မာ စစ်အစိုးရသို့ ကမ်းလှမ်းခဲ့ဖူးသည်။
အဆိုပါ စီမံကိန်းကို သဘောတူခဲ့ပြီးကာမှ တရုတ်သမ္မတ ကျန်စီမင်း ၂၀၀၁ ခုနှစ်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး လည်ပတ်စဉ် နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ထိုးရန်စီစဉ်ပြီး တရက်အလိုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ပြောင်းသွားမှုကြောင့် ပျက် သွားခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ပါသည်။
တပြိုင်တည်းမှာပင် အမေရိကန်သမ္မတ ဂျော့ ဘုရှ် အစိုးရကို DCI Lobby Group(ညှိနှိုင်းရေးအဖွဲ့)မှတဆင့် ငှားရမ်းချဉ်းကပ်ပြီး အမေရိကန်တို့အလိုကျ စာမျက်နှာအသစ်ဖွင့်သည်ဟု ကြေညာပြီး ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၀၂ ခုနှစ် မေလတွင် လွှတ်ပေး ခဲ့ပါသည်။
သို့သော် ဒီပဲယင်း အရေးခင်းဖြစ်ပြီးနောက် အမေရိကန်တို့၏ ပြင်းထန်သော ပိတ်ဆို့မှုများဖြစ်သည့် မြန်မာထွက်ကုန်များကို အမေရိကန်သို့ တင်သွင်းခွင့်ပိတ်ပင်ခြင်း၊ မြန်မာနိုင်ငံသားများ၏ ဒေါ်လာငွေလွှဲပြောင်းမှုများကို ပိတ်ပင်ခြင်း၊ အစိုးရ အဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ပိုင်ဆိုင်မှုများ နှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများခံရပြီး ပြည်သူလူထုရော အစိုးရပါ စီးပွားရေး ကပ် ဆိုက်ရောက်ခဲ့ရပါသည်။
မြန်မာစစ်အစိုးရသည် တကျော့ပြန် ပြန်လည်၍ ၂၀၀၄ ခုနှစ်တွင် တရုတ်ကိုကပ်ခဲ့ရပါသည်။ မူလ ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံ ပြန်အစတွင် အမေရိကန်အလိုကျ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုပြန်လည်ဝင်ခွင့်ပေးမည့်အစီစဉ်ကို သဘောတူညီခဲ့ပြီးကာမှ ရက်ပိုင်းအလိုတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ပယ်ဖျက်ခဲ့ပါသည်။ အခြေခံဥပဒေ အတွက် အနှောင့်အယှက် ကင်းကင်းဖြင့် ချီတက်နိုင်ရေး သဘောတူညီချက်ကိုဖျက်ခဲ့သည်ဟု နီးစပ်သောအသိုင်းအဝိုင်းမှ သိရပါသည်။ ဆက်လက်၍ ခလုတ်ကန်သင်းဖြစ်နေသော ဗိုလ်ချုပ်ကြီးခင်ညွန့် နှင့် ထောက်လှမ်းရေးတဖွဲ့လုံးကိုလည်း ရှင်းပစ်ခဲ့သည်။
၂၀၀၆ ခုနှစ်မှစ၍ တရုတ်တို့သည် မြန်မာ စစ်ခေါင်းဆောင်များအား ရခိုင်ပြည်နယ်မှထွက်သော သဘာဝဓတ်ငွေ့ကိုရောင်းချရန်၊ ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် ဆည်တည်ဆောက်ခွင့်ပြုရေး အပါအဝင် အထက်မြန်မာနိုင်ငံတွင် ဆည်များဆောက်ခွင့် ရွှေတူးဖော်ခွင့် အစရှိသဖြင့် ငွေလုံးငွေရင်းအပြင် တရုတ်နိုင်ငံသားများပါ မြန်မာနိုင်ငံအတွင်း ဝင်ရောက်နေရာယူနေကြပြီဖြစ်ပါသည်။
၂၀၀၇ ခုနှစ် သံဃာအရေးအခင်း ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တို့တွင် ကုလသမဂ္ဂ အမြဲတမ်း လုံခြုံရေးကောင်စီဝင် တရုတ်နိုင်ငံ သည် မြန်မာစစ်အစိုးရဘက်မှ ပြတ်ပြတ်သားသားရပ်တည်ပေးသွား ခဲ့ပါသည်။ စစ်အစိုးရကလည်း မည်သူကိုမျှဂရုမစိုက်ဘဲ၂၀၁၀ ရွေးကောက်ပွဲကို ၎င်းစိတ်ကြိုက်ပြုလုပ်ပြီး ခပ်တည်တည်ဖြင့် စစ်ဝတ်ချွတ်ကာ အရပ်သားပါဆိုပြီး ဒီမိုကရေစီ အစိုးရဟုကြွေးကြော် နေပြန်ပါသည်။
၎င်းတို့ စိတ်ကြိုက်ပြုလုပ်ပြီးကာမှ နိုင်ငံတကာ၏အလေးစားခံရရေး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ကိုယ်တိုင်တွေ့ဆုံပြီး ပြုပြင် ပြောင်းလဲရေး လုပ်ပါမည်၊ နောက်ကြောင်းပြန်မလှည့်တော့ပါဘူးဟု တစာစာ ကတိပေးပြီး အနောက်နိုင်ငံအသိုင်းအဝန်းကိုမျက်နှာချိုသွေးနေသည်ကို ယနေ့တွေ့နေရပါသည်။
အတိုက်အခံ လူငယ်များ၏ဖော်ထုတ်မှုကြောင့် ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်မှု၏ ဆိုးကျိုးများအစီရင်ခံစာပေါက်ကြား သွားပြီး နောက် မြန်မာနိုင်ငံအတွင်းအပြင် အမျိုးသားရေးလှုပ်ရှားမှုများပေါ်ပေါက်လာခဲ့ပါသည်။ ထို့ကြောင့် သမ္မတကြီးအနေဖြင့် ပြည်သူ လူထုအကြိုက် မြစ်ဆုံဆည်တည်ဆောက်မှုကို ၎င်း၏ သက်တမ်းအတွင်း ယာယီရပ် ဆိုင်းခဲ့ရပါသည်။
ထို့အပြင် တောင်တရုတ်ပင်လယ်တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း တို့နှင့် ဖြစ်နေသောပင်လယ်ပြင် ပိုင်ဆိုင်မှု အငြင်းပွားနေမှုများတွင် တရုတ်က အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံကို တရုတ်ဘက်မှ ထောက်ခံပေးရေး တောင်းဆိုမှုကိုငြင်းပယ် ခဲ့မှုများရှိသည်ဟု အတည်ပြုဆဲ သတင်းများအရ သိရပါသည်။ အဆိုပါဖြစ်စဉ်များသည် အင်အားကြီး တရုတ်နိုင်ငံ အတွက် ဒေါသဖြစ်စရာ အခြေအနေများဖြစ်နေပါသည်။
ထို့ကြောင့် လက်ရှိအခြေအနေတွင် မြန်မာအစိုးရအမေရိကန်ကိုလည်း မျက်နှာချိုသွေးရ တရုတ်ကိုလည်း မျက်နှာချိုသွေးနေရပါသည်။ အမေရိကန် ကဲ့သို့ အင်အားကြီးနိုင်ငံကို ကတိကဝတ်တွေပေးပြီးရင်တော့ ပြောသည့်အတိုင်းလုပ်မှ သူတို့တတွေလက်ခံပါလိမ့်မည်။
တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံကို မလှိမ့်တပတ်လုပ်မည်ဆိုရင်လည်း နောက်ဆက်တွဲဆိုးကျိုးများ ရှိလာနိုင်ပါသည်။ အထူးသဖြင့် ပြည်သူလူထု ဒုက္ခရောက်နိုင်သည်ကို ထည့်သွင်းစဉ်းစားရန် လိုပါသည်။
စာရေးသူ တင်ပြချင်တာကတော့ မြန်မာအစိုးရအနေဖြင့် တိုင်းသူပြည်သားများကို စိတ်ရင်းစေတနာကောင်းပြသရန် လိုသည်။ လုပ်သင့်လုပ်ထိုက်သည်ကို ပွင့်လင်းရိုးသားမှု အခြေခံပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ရန်လိုပါသည်။ ယခင်က ကဲ့သို့ မလှိမ့် တပတ် လုပ်ရမည့် အချိန်မဟုတ်တော့ပါ။ ယခင်အတွေးအခေါ်အဟောင်းတွေကို စွန့်လွှတ်ပြီး စိတ်သစ်လူသစ်နှင့် လုပ်စေချင်ပါသည်။
ယခု အစိုးရနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံကိုကောင်းအောင်လုပ်မည်ဟု ပြောဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အားသည် နည်းသည့် အားမဟုတ်ပါ။
တက်ညီလက်ညီသာ လှော်ခတ်လိုက်မည်ဆိုပါက တိုင်းပြည်ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင် သည် မဝေးတော့ပါ။ ဤသို့မဟုတ်ဘဲ နိုင်ငံရေး ကစားရုံသက်သက် ဆိုရင် အင်အားကြီး ၂ နိုင်ငံကြားတွင် တိုင်းပြည် ဖွတ်ဖွတ်ညက်ညက် ကြေပြီး အလုံးစုံပျက်သုဉ်းသည့် နိုင်ငံဘဝ ရောက်ရှိသွားနိုင်ပါကြောင်း တင်ပြအပ်ပါသည်။
(စာရေးသူ အောင်လင်းထွဋ်သည် ဗိုလ်မှူးဟောင်းတဦးဖြစ်သည်။ တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်)