မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်ရှိလာပြီး အမေရိကန်-မြန်မာ ဆက်ဆံရေးတံခါး ပြန်လည်ဖွင့်လှစ်ခဲ့သည်။ထိုသို့ အမေရိကန်-မြန်မာဆက်ဆံရေးပြောင်းလာခြင်းအပေါ် မြန်မာအစိုးရကိုနှစ် ပေါင်းများစွာ ကျောထောက် နောက်ခံပြုခဲ့သော တရုတ်အစိုးရဘက်က သဘောထားများ၊ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုဆိုင်ရာများ၊ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်၊ လက်ရှိ မြန်မာအစိုးရ၏ အခြေအနေများနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံ ဘာကလေ တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့အတွက် လေ့လာ ဆည်းပူးနေသည့် ကိုမင်းဇင်ကို ဧရာဝတီ သတင်းထောက် ကိုစိုးက ဆက်သွယ်မေးမြန်း ထားပါသည်။
ကိုမင်းဇင်သည် ယခင်က ဧရာဝတီ သတင်းဌာနတွင် လက်ထောက် အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး လွတ်လပ်သော အာရှအသံ(RFA) ရေဒီယို မြန်မာပိုင်းတွင်လည်း တာဝန်ယူထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။
မေး။ ။ မြန်မာ-အမေရိကန် ဆက်ဆံရေး ကောင်းလာတဲ့ အပေါ် တရုတ်အစိုးရဘက်က ဘယ်လောက်အထိ စိုးရိမ်မှုကြီးနိုင်သလဲ။
ဖြေ။ ။ အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းကနေ စပြီးတော့ တရုတ်ဘက်က သံခင်းတမန်ခင်းအရရော၊ နိုင်ငံရေးအရရော၊ စီးပွားရေး အရ ရော၊ ပြည်တွင်း ကိစ္စတွေမှာလည်း အများကြီး ကူညီခဲ့တယ်၊ မြန်မာပြည်အတွက်ကတော့ တရုတ်ဟာ မရှိမဖြစ်လိုအပ် တဲ့၊ မြန်မာအစိုးရ ရပ်တည်ရေးအတွက် တရုတ်ဟာ မရှိမဖြစ် လိုအပ်ခဲ့တဲ့ နိုငံတနိုင်ငံ။ မကြာခင်အချိန်ကစပြီးတော့ မြန်မာဘက်က နေပြီးတော့ ခပ်ခွာခွာ နေနိုင်ရေး၊ တနည်းအားဖြင့်ဆိုရင်တော့ အနောက်နိုင်ငံတွေနဲ့ ပြန်ပြီးတော့ ပြေလည်အောင်လုပ်လာရာမှာ တရုတ်ကို စိုးရိမ်မှုတွေ ဖြစ်စေမှာတော့ အမှန်ပါပဲ။ ကိုယ်က ကိုယ့်နိုင်ငံမှာ လုံခြုံရေး၊ ကိုယ့်နိုင်ငံမှာ အခွင့်အလမ်းတွေ ပိုရရေး အတွက် လုပ်တာ မှန်သော်ငြားလည်း အဲဒီလို လုပ်တာဟာ ပျော့ကွက်အနေနဲ့လည်း သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေ၊ သူ့ရဲ့ အလေးထား ရာ နိုင်ငံတွေကို စိုးရိမ်ပူပန်မှုနဲ့ မလုံခြုံမှုတွေ ဖြစ်ပေါ်စေတယ် ဆိုပြီးတော့ ပြောတာတွေလည်း ရှိပါတယ်။ ဒီတော့ နိုင်ငံရေး သမား တွေ နဲ့ နိုင်ငံ ရေး သုတေသန သမားတွေပြောနေတဲ့ Win-Win ဆိုတာ မရှိဘူး၊ တကယ်တော့ နိုင်ငံတနိုင်ငံက တခုခု လုပ်တယ် ဆိုရင်၊ အဲဒီ လုပ်ရပ်ကို အိမ်နီးချင်းနိုင်ငံတွေက စောင့်ကြည့်ပြီးတော့ သူတို့မှာ စိုးရိမ်မှုတွေဖြစ်ပြီးတော့ အနီးကပ်ကို အားပြိုင်မှုတွေ အပြန်အလှန် ဖြစ်နေတာရှိတယ်။
ဘာကြောင့် အခုလိုပြောရလဲ ဆိုရင် ၂၀၀၉ ခုနှစ်က အမေရိကန်က အိုဘားမား တက်လာပြီးနောက်ပိုင်းမှာ မြန်မာနဲ့ ပြန်ပြီးတော့ အခြေအနေကောင်းမွန်ဖို့ မြန်မာကို ဘယ်လို ဆက်ဆံမလဲ ဆိုပြီးတော့ နည်းလမ်းတွေရှာဖို့ အခြေအနေရောက်လာတယ်၊ အဲဒီ နည်းလမ်းတွေ ရှာတဲ့အခါ မြန်မာကို လူတွေ လွှတ်တဲ့အခါမှာ၊ တရုတ်ကနေပြီးတော့ တရုတ်ပြည်က သြဇာရှိတဲ့ ဖူဒန် တက္ကသိုလ်၊ (တရုတ် သမ္မတဟောင်း ကျန်စီမင်းက သူ့ရဲ့ မူဝါဒတွေ ချမှတ်ဖို့ ရွေးချယ်တဲ့အခါမှာ ဖူဒန် တက္ကသိုလ်က ပညာရှင်တွေကို ဦးစား ပေး ပြီးတော့ ရွေးချယ်လေ့ ရှိတယ်။) အဲဒီ တက္ကသိုလ်က ပညာရှင်တွေက ပြောဖူးတာရှိတယ်။ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကို
ပြန် ဆက်ဆံမယ်ဆိုရင် ဆက်ဆံပါ၊ ဒါပေမယ့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ အိမ်နောက်ဖေးခြံဖြစ်တယ်၊ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကျိုး စီးပွားတွေ အများကြီး ရှိတယ်၊ ဒါကြောင့် မြန်မာနိုင်ငံမှာ ရှိတဲ့ အကျိုးစီးပွားတွေကို ထိခိုက်အောင် လုပ်မယ်ဆိုရင် တော့ မလိုလားအပ်တဲ့ ဒေသတွင်း အားပြိုင်မှုတွေ ဖြစ်လာမှာ ဖြစ်တယ်ဆိုပြီး တရုတ် ပညာရှင်တွေက ထောက်ပြတာ ရှိတယ်။ မြန်မာ နဲ့ ပြန်ပြေလည်အောင်လုပ်တဲ့နည်းဟာ စီးပွားရေး အရပဲ လုပ်ဖို့ လိုတယ်၊ တရုတ်ကို ပိတ်ဆို့ဖို့၊ တရုတ်ကို အထီးကျန် ဆန်အောင် လုပ်ဖို့ လုပ်မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ အားပြိုင်မှုတွေဖြစ်မယ် ဆိုပြီးတော့ ၂၀၀၉ ခုနှစ်လောက်ကတည်းက တရုတ်ပညာရှင် တွေ သတိပေးထားတာ ရှိပါတယ်။
အခုအမေရိကန် အစိုးရက နေပြီးတော့ အာရှဘက်ကို လှည့်လာတယ်၊ မကြာခင်က ဘာလီမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဆိုလို့ရှိရင် အာရှ နိုင်ငံတွေ အကုန်လုံးကလည်း ကမ္ဘောဒီးယားနဲ့ မြန်မာက လွဲပြီးတော့ အားလုံးလိုလိုက အမေရိကန်နဲ့ ပေါင်းပြီးတော့ တရုတ်ကို ဝေဖန်ကြတာတွေ လုပ်တယ်၊ တရုတ်က တကယ် အငိုက်မိသွားတော့၊ တရုတ်မှာ မြန်မာနဲ့အမေရိကန် ဆက်ဆံရေး ပြေ လည် လာတယ်ဆိုတော့ သူ့အနေနဲ့ကတော့ ဘယ်လိုမဆို စိုးရိမ်မိမှာပါပဲ။
နိုဝင်ဘာ လလယ်လောက်က ဝါရှင်တန် ပို့စ် သတင်းစာမှာ မြန်မာအစိုးရ သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကနေပြီးတော့ ရေးပါတယ်၊ ဘာရေးလည်း ဆိုတော့ အနောက်နိုင်ငံတွေအနေနဲ့ သဘောပေါက်ဖို့က ဒီနေ့ ပထဝီ နိုင်ငံရေး အခင်းအကျင်းမှာ တရုတ်ပြည်ရဲ့ သြဇာ အာဏာ ရှိလာမှုဟာ အရေးပါတယ်။ ဒီလို အရေးပါတဲ့ ပထဝီ နိုင်ငံရေး အခင်းအကျင်းမှာ အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို လိုအပ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ သမ္မတကြီးအနေနဲ့ တလောက တရုတ်နိုင်ငံက ကျောထောက် နောက်ခံပေးထားတဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တာဟာ အနောက်နိုင်ငံတွေ ထောက်ချင့် စရာပါပဲ၊ ဒါကြောင့် အနောက် နိုင်ငံတွေအနေနဲ့ အမေရိကန်အနေနဲ့ ဒီအခွင့်အရေးကို ရယူဖို့ လိုတယ်လို့ ရေးပါတယ်။
သဘောကတော့ တရုတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာပြည်နဲ့ ပေါင်းသင့်တယ် ဆိုတာကို ဗြောင်ပြောတာပါပဲ။
အချုပ် ပြန်ပြောမယ် ဆိုရင် တရုတ်ဟာ အခု မြန်မာပြည်နဲ့ အမေရိကန် ဆက်ဆံရေးကြောင့် မလုံခြုံမှုတွေ မသေချာမှုတွေ ဖြစ်ဖို့ အလားအလာတွေ အများကြီး ရှိတယ်။ မကြာသေးခင်က မြစ်ဆုံဆည် ကိစ္စမျိုးကို ထောက်ချင့်မယ်ဆိုရင် လည်းကောင်း သူတို့ ဘက်က စိုးရိမ်မှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စကို မြန်မာ အစိုးရ အနေနဲ့ရော၊ အမေရိကန် အစိုးရ အနေနဲ့ရော၊ အာဆီယံ အနေနဲ့ရောပေါ့ အားလုံးအနေနဲ့ သိမ်သိမ်မွေ့မွေ့ကိုင်တွယ်တတ်ဖို့လိုပါမယ်။
မေး။ ။ တရုတ်အစိုးရက အမေရိကန်ကို မြန်မာနဲ့ ဆက်ဆံရေးမှာ စီးပွားရေး အရပဲ ဖြစ်စေချင်တဲ့ သဘောရှိတယ်ဆိုတော့ အဲဒီ ထက်ပိုတဲ့ ဆက်ဆံရေးဖြစ်လာရင်ရော ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ တရုတ်အနေနဲ့က သက္ကရာဇ် ၂၀၅၀ မှာ သမုဒ္ဒရာ၂ ခု စိုးမိုးရေး ဆိုတဲ့ မဟာဗျူဟာရှိတယ်၊ ပစိဖိတ် သမုဒ္ဒရာနဲ့ အိန္ဒိယ သမုဒ္ဒရာကို စိုးမိုးရမယ် ဆိုတာ၊ အဲဒီ မဟာဗျူဟာအရ ကြည့်ရင် ပစိဖိတ် သမုဒ္ဒရာ ဆိုရင် သူ့ရဲ့ ရပ်တည်မှုသော်လည်းကောင်း၊ သူ့ကို ရန်လိုနိုင်တဲ့ အင်အားစုတွေ အနီးနား ပတ်ဝန်းကျင်ကို မလာနိုင်အောင် ဟန့်တားထားမယ့် သဘောရှိတယ်။ တရုတ်ရဲ့ တောင် ဘက်၊ အနောက်တောင်ဘက်တခုလုံးက ကုန်းတွင်းပိုင်းဖြစ်နေတဲ့ အခါကျတော့၊ အိန္ဒိယ သမုဒ္ဒရာကို ပေါက်ရောက်ဖို့ဆိုရင် မြန်မာ
ပြည်ဟာ တံခါးပေါက်လို ဖြစ်နေတယ်၊ ဒါကြောင့် မြန်မာပြည်ဟာ သူ့အတွက် မဟာဗျူဟာအရ ဖြတ်ရမှာပါ။
သတင်းတွေမှာ ဖတ်ရမှာပါ။ ကျောက်ဖြူမှာ သဘာ၀ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း လုပ်တဲ့အခါမှာ အဲဒီ ကျောက်ဖြူ ဆိပ်ကမ်းမှာ အခြေစိုက်ဖို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် ဆီဖြည့်တာတို့ ခေတ္တ ဆိုက်ကပ်တာတို့အတွက် ခွင့်တောင်းတာတွေ ရှိပါတယ်၊ နဂိုတုန်းက သဘောတူညီချက်ထဲမှာ အဲဒါ တွေ မပါ ပါဘူး၊ ထပ်တိုးပြီး တောင်းတာ ဖြစ်ပါတယ်၊ တိုးပြီး တောင်းတာကို မြန်မာ စစ်တပ် ခေါင်းဆောင်တွေ လန့်ဖြန့် သွားတာမျိုး ကြားရပါတယ်၊ သဘောက ဘာလဲဆိုတော့ အိန္ဒိယ သမုဒ္ဒရာကို လက်လှမ်းမီမီ ပေါက်မြောက်နိုင်တဲ့ တရုတ်ရဲ့ မဟာဗျူဟာတခု ဖြစ်တာမို့ မြန်မာပြည်ကို တရုတ်က လိုတဲ့နေရာမှာ စီးပွားရေးတခုတည်းကွက်မြင် တာ မဟုတ်ပါ ဘူး၊ သူ့ အတွက် လုံခြုံရေး မဟာဗျူဟာ ကိစ္စလည်း ဖြစ်ပါတယ်။
အဲဒီတော့ အမေရိကန် က မြန်မာပြည်နဲ့ ပြန်ပြီးတော့ ပြေလည်လာမယ်၊ မြန်မာပြည် ဟာ တရုတ်ရင်ခွင်ထဲက ထွက် သွားတာမျိုး ဖြစ်သွားမယ်ဆိုရင် သူ့ရဲ့မဟာဗျူဟာအရ အရေးပါတဲ့တံခါးပေါက်ကို ပိတ်သလို ဖြစ်သွားမယ်၊ မလက္ကာ ရေလက်ကြား ကို ရှောင်ရှားချင်လို့ မြန်မာပြည်ကို သုံးတာ၊ မလက္ကာ ရေလက်ကြား ဆိုတာက အမေရိကန်နဲ့ အမေရိကန် လိုလားတဲ့ နိုင်ငံတွေက ထိန်းချုပ်ထားတယ်လို့ တရုတ်က ယူဆတာကို၊ မလက္ကာရေလက်ကြားကို ရှောင်ရှားပြီး မြန်မာပြည်ကိုဆက်သွယ်ကာမှ မြန်မာပြည် ကိုပါ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပြန်ပြီး သွေးဆောင်သွားမယ်ဆိုရင်၊ သူ့ရဲ့မဟာဗျူဟာ စီမံကိန်းဟာ တော်တော်ကြီးကို ရေစုန်မျောသလို ဖြစ်သွားပါမယ်။ အဲဒါကိုတော့ လိုလားမှာ မဟုတ်ပါဘူး။
မေး။ ။ တရုတ်နိုင်ငံနဲ့ ဆောက်လုပ်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကို သမ္မတ ဦးသိန်းစိန် က အစိုးရသက်တမ်းတခု ယာယီ ရပ်ဆိုင်း လိုက်တယ်၊ အဲဒီလို မဟုတ်ဘဲ လုံးဝရပ်လိုက်တယ် ဆိုရင်ရော တရုတ်ဘက်က ဘာတွေ ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ကျနော် တရုတ် ပညာရှင် တချို့နဲ့ စကားပြောကြည့်တယ်၊ အဓိက ပြဿနာကတော့ မြန်မာပြည်ထဲမှာ ရှိတဲ့ မြစ်ဆုံနဲ့ ပတ်သက်တဲ့ တရုတ်ကုမ္ပဏီကို ကန့်ကွက်တယ်၊ နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေက ကန့်ကွက်တယ်၊ ပြည်တွင်းမှာရှိတဲ့ မြန်မာပြည် သူတွေကလည်း ကန့်ကွက်နေတဲ့အချိန်မှာ မြန်မာအစိုးရကအနေ တရုတ်ကို ချဉ်းကပ်တယ်၊ ဒီကိစ္စကို ရှင်းကြရအောင် ဆိုပြီးတော့၊ တရုတ်က သိပ်ပြီး အလေးမထားဘူးပေါ့၊ အဲဒီတော့မှ သမ္မတ ဦးသိန်းစိန်က ယာယီ ရပ်ဆိုင်းလိုက်တယ်၊
တရုတ်က မြန်မာ လူထုကို လျှော့တွက်တယ်၊ မြန်မာအစိုးရက သူတို့ကို ကျိုးနွံမယ်လို့ ပိုတွက်တယ်၊ ဒါကြောင့် ဒီလိုဖြစ်တယ်ဆိုပြီး တော့ တရုတ် အစိုးရနဲ့ CPI ကုမ္ပဏီက ဘာလုပ်နေလဲ ဆိုတော့ တရုတ်ပညာရှင်တွေက မြစ်ဆုံစီမံကိန်းကို ပြန်ပြင်ဆင်ရေးသားပြီး တော့ လက်ခံနိုင်တဲ့ အနေအထား ဖြစ်အောင်ပေါ့ ပြင်ဆင်ကြ မယ်ဆိုပြီးတော့ လုပ်နေကြတယ်၊ မြန်မာ ပြည်သူတွေ သွေးအေးသွားအောင်လည်း ပြန်စောင့် မယ်၊ မြန်မာ အစိုးရလည်း လက်ခံမယ့် ပုံစံမျိုးနဲ့ ပြန်တင်ပြမယ် ဆိုပြီးတော့ မြစ်ဆုံစီမံကိန်း သော် လည်းကောင်း၊ ဒါနဲ့ အလားသဏ္ဌာန် တူတဲ့ စီမံကိန်း သော်လည်းကောင်း ပြန်ဆောက်ဖို့ တရုတ်အစိုးရက အချိန်ယူပြီးတော့ စီစဉ် မယ်လို့ ကြားရပါတယ်၊ မြန်မာဘက်ကလည်း ရပ်သွားအောင် လုပ်နိုင်တဲ့၊ အံတုနိုင်တဲ့ အား ရှိလား မရှိလား ဆိုတာတော့ မေးခွန်း ထုတ်စရာဖြစ်ပါတယ်။
ကျနော်တို့ နိုင်ငံမှာ ပြည်တွင်း စစ်ကလည်း ဖြစ်နေတယ်၊ အဓိက ကျတဲ့ အင်အားရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက လည်း တရုတ်-မြန်မာ နယ်စပ်မှာရှိနေတယ် ဆိုတဲ့အခါကျတော့ တရုတ်ဘက်ကလည်း ဒီတိုင်းရင်းသားတွေကို ကြားခံလိုမျိုးထားပြီး အသုံးချနေတာမျိုးလည်း ရှိတယ်၊ တောက်လျှောက်ပဲ၊ ဟိုတုန်းကလည်း ဗမာပြည် ကွန်မြူနစ်ပါတီကို ကြားခံလိုအသုံးချပြီး တော့ လုပ်ခဲ့တာတွေရှိတယ်၊ လေနံ နှစ်ဘက်နင်းပြီးတော့ပေါ့၊ တရုတ်က အခုလည်း ဒီအတိုင်းပါပဲ၊ တရုတ် ပညာရှင်တွေ ပြောဖူး တာရှိတယ်၊ သံလွင် အရှေ့ခြမ်းကို ဟောင်ကောင်လို ဖြစ်အောင် လုပ်လိုက်လို့ရတယ်တဲ့၊ ဒါတွေက အထောက်အထားမရှိဘဲနဲ့ ပြော တာ မဟုတ်ပါဘူး၊ အညှီရှိရင် ယင်အုံမှာပဲ ဆိုသလို ကိုယ့်ပြည်တွင်းမှာကိုက ပြဿနာတွေရှိနေတော့ ကိုယ့်ပြဿနာတွေရဲ့ အတိမ်အနက်အပေါ်မှာလည်း မူတည်ပါတယ်။
မေး။ ။ မြန်မာပြည်တွင်းမှာ အကျိုးစီးပွားအရရော၊ လူမျိုးရေး အရရော တရုတ်ရဲ့လွှမ်းမိုးမှုအပေါ် စိုးရိမ်တာတွေ ရှိတယ်၊ အဲဒီ ကိစ္စကိုရော ဘယ်လို သုံးသပ်မိလဲ။
ဖြေ။ ။ အဲဒီ စိုးရိမ်မှုတွေက ရှိတယ်ဗျ၊ ၈၈ မတိုင်ခင်ကတည်းက မြန်မာပြည်မှာရှိတဲ့ လူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်နေသူတွေ ထဲ မှာရော၊ ပညာရှင် တွေထဲမှာရော ဘာပဲ ပြောပြော လက်ဝဲ ဆန်တဲ့သူတွေ များကြပါတယ်။ အဲဒီတုန်းက တရုတ်ပြည်က မော်စီတုန်း တို့ ဘာတို့ အယူအဆတွေကလည်း ရှိတော့၊ ဒါပေမယ့် ဒီဘက် ၈၈ နောက်ပိုင်းကျတော့ တရုတ်က နဝတ ၊ နအဖ အစိုးရကို ပုံအောပြီး ထောက်ခံလာတာ ရော၊ စီးပွားရေးအရ လူမျိုးရေးအရရော အများကြီးဝင်လာတာ၊ မြန်မာပြည်မှာရှိတဲ့ စာပေသမား၊ အနုပညာသမားတွေ၊ လူထုကို လွှမ်းမိုးနိုင်တဲ့ မြို့မိမြို့ဘ တွေက အစောကြီးကတည်းက ဒီကိစ္စကို သတိပေးလာတာရှိတယ်။
ဥပမာ ၂၀၀၂ က ဆိုရင် ဝသုန္ဓရေ လက်ရေး ဆိုတဲ့ ၁၉၈၉ လောက် က စပြီး ရေးတဲ့ ဝတ္ထုတိုစာအုပ် ထွက်တယ်၊ အဲဒီ ဝတ္ထုတိုတွေ အကုန်လုံးရဲ့အချုပ်က အထက်မြန်မာပြည်ဟာ တရုတ် လွှမ်းမိုးခံရတော့မယ်ဆိုတာပါ၊ လူမျိုးရေး ဆန်တယ်ဆိုပြီး သုံးသပ်ကြတာ တောင်ရှိပါတယ်၊ ဒါပေမယ့်လည်း ကျနော်ပြောချင် တာက ၁၉၈၉ လောက်ကစပြီး ဝသုန္ဓရေလက်ရေး ဖြစ်ခဲ့တယ်၊ အဲဒီနောက်ပိုင်း လူထုဒေါ်အမာတို့လည်း ရေးတယ်၊ မြန်မာပြည်မှာ အခုလိုမျိုး ယဉ်ကျေးမှုတွေ ပျက်ပြားပြီးတော့ ဆုတ်ယုတ်လာတာတွေ အကုန် လုံးက အဓိက တရားခံ၂ ခုရှိတယ်၊ တခုက ဒေါ်အမာ စကားနဲ့ ပြောရင် လူလွန်မသားတွေ၊ စစ်ဗိုလ်တွေနဲ့ စစ်ဗိုလ်သားသမီးတွေကပဲ စံပြ ပုဂ္ဂိုလ်တွေနေရာတွေမှာ ရှိနေကြတယ်၊ နောက်တခု က လော်ပန် တွေပေါ့ဗျာ၊ ဒေါ်အမာ ပြောချင်တဲ့သဘောက တရုတ် စီးပွားရေး သမားတွေ တရုတ်တွေနဲ့ စစ်ဗိုလ် သားသမီးတွေက လူတွင်ကျယ် လုပ်နေတော့ တိုင်းပြည်ပျက်ပြီပေါ့ ဆိုတာမျိုး။
ဒီဘက် နောက်ပိုင်းမှာ အလဲဗင်း မီဒီယာတို့ ဘာတို့က တော်တော်လေးကို ရေးလာတာတွေလည်း တွေ့ရပါတယ်၊ မြစ်ဆုံ ကိစ္စလို ဟာမျိုးပေါ့၊
ကျနော်ပြောချင်တာက ဟုတ်တယ် တရုတ်နဲ့ပတ်သက်ပြီး လူထုက စိုးရိမ်ကြီးတာရှိတယ်၊ ဒေါ်အမာ ဆိုရင် တရုတ်ဟာ မြန်မာကို ယူနန်ရဲ့ ကိုလိုနီလို ရည်ရွယ်နေတာတွေ့ရတယ်တဲ့၊ အဲဒီလောက်အထိ ပြင်းပြင်းထန်ထန် ပြောတာ တွေ့ရပါတယ်။ ။
ဒုတိယပိုင်းကို ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဆက်လက် ဖော်ပြပါမည်။
(အမေရိကန်-မြန်မာ-တရုတ် သုံးပွင့်ဆိုင် ဆက်ဆံရေးနှင့် ပတ်သက်၍ ဦးအောင်လင်းထွဋ်၏ ဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်)