မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်ရှိလာပြီး အမေရိကန်-မြန်မာ ဆက်ဆံရေးတံခါး ပြန်လည်ဖွင့်လှစ်ခဲ့သည်။ထိုသို့ အမေရိကန်-မြန်မာဆက်ဆံရေးပြောင်းလာခြင်းအပေါ် မြန်မာအစိုးရကိုနှစ်ပေါင်း များစွာ ကျောထောက် နောက်ခံပြုခဲ့သော တရုတ်အစိုးရဘက်က သဘောထားများ၊ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုဆိုင်ရာများ၊ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်၊ လက်ရှိ မြန်မာအစိုးရ၏ အခြေအနေများနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံ ဘာကလေ တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့အတွက် လေ့လာ ဆည်းပူးနေသည့် ကိုမင်းဇင်ကို ဧရာဝတီ သတင်းထောက် ကိုစိုးက ဆက်သွယ်မေးမြန်း ထားပါသည်။
ကိုမင်းဇင်သည် ယခင်က ဧရာဝတီ သတင်းဌာနတွင် လက်ထောက် အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး လွတ်လပ်သော အာရှအသံ(RFA) ရေဒီယို မြန်မာပိုင်းတွင်လည်း တာဝန်ယူထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။
မေး။ ။ တရုတ်နဲ့ အမေရိကန် အင်အားကြီး၊ သြဇာကြီး နိုင်ငံ၂ ခု ကြားထဲမှာ မြန်မာ အစိုးရက ဟန်ပြလုပ်တာမျိုးမဟုတ်ဘဲ အမှန် တကယ် လက်တွေ့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေရော အနာဂတ်မှာ ရှိလာနိုင်မလား။
ဖြေ။ ။ အမေရိကန် အစိုးရ အနေနဲ့ကတော့ မြန်မာအစိုးရကို ဆက်ဆံရေး ပြန်ကောင်းအောင်လုပ်မယ်၊ ဒါပေမယ့် တရင်းတနှီး လက်ပွန်း တတီး ဆက်ဆံဖို့တော့ မလွယ်ပါဘူး၊ အဲဒီလို ဆက်ဆံ မယ်ဆိုရင် အမေရိကန် အစိုးရထဲမှာ လွှတ်တော် အမတ်တွေ၊ အမေရိကန် သတင်းစာတွေက ရေးကြပြောကြမယ်၊ မြန်မာပြည်မှာ အပြောင်းအလဲ သိသိသာသာ မရှိသေးဘူး ဆိုပြီး ဝေဖန်ခံရမှာ ဖြစ်ပါတယ်၊ အမေရိ ကန် အနေနဲ့က မြန်မာကို တရုတ်ရင်ခွင့်ထဲက ဆွဲထုတ်ပြီးတော့ အာဆီယံထဲမှာပဲ ခဏ ထားဖို့ များပါတယ်၊ ဒဲရစ် မစ်ချယ်တို့ဘာ တို့ တရုတ်ပြည်သွားတယ် ဆိုတာ ဒီသဘောပါပဲ၊ တရားရေအေးတိုက်ကျွေးတဲ့ သဘောမျိုးပါ။
မြန်မာပြည်အတွက်ကတော့ ဘောင်ထားဖို့ လိုပါတယ်၊ မလိုလားအပ်ဘဲနဲ့ မတူညီတဲ့ အင်အားကြီးနိုင်ငံကို သွားပြီး ဆွတာမျိုးတွေ သွားပြီး ကပ်တာမျိုးတွေကို ဘောင်ထားသင့်ပါတယ်၊ အဲဒီလို လုပ်ရင် အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှု ကြားထဲမှာ သွားညပ် မယ်၊ အဲဒီလို လုပ်မယ့်အစား ကျနော်တို့က တရုတ်ကို ဆွနေမယ့် အစား ကိုယ့်မှာ ရှိနေတာကို အရင် ထိန်းဖို့ လိုပါတယ်၊ ရှင်းအောင် လုပ်ဖို့လိုပါတယ်၊ သဘောကတော့ ကိုယ့်တိုင်းပြည်ထဲမှာလူအများစိုးရိမ်မှုတွေ မရအောင်လုပ်သင့်ပါတယ်၊ နောက်ပြီးတော့မှ တိုင်းပြည်စီးပွားရေး ကောင်းလာအောင် လုပ်သင့်ပါတယ်။
ကျနော်တို့ အရှေ့တောင် အာရှ နိုင်ငံတွေအားလုံးကို ကြည့်ရင် ဘယ်သူမှလည်း ၁၀၀ ရာခိုင်နှုန်း အဆင်ပြေတာ မဟုတ်ပါဘူး၊ မြန်မာပြည်မှာ တကယ်လုပ်ရမှာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရမယ်၊ တိုင်းရင်းသားတွေနဲ့လည်း နားလည်မှုရအောင် လုပ်ရ မယ်၊ အဲဒီနည်းနဲ့ ပိုပြီးတော့ အမျိုးသားညီညွတ်ရေး ရပြီ ပြည်တွင်းမှာ အသိအမှတ်ပြုလာပြီဆိုရင် နိုင်ငံခြားတိုင်းပြည်တွေက အသိ အမှတ် ပြုမှာပဲ၊ ထောက်ခံမှာပဲ၊ အရာဝင်မှာပဲ၊ အဲဒါက ပိုအရေးကြီးတာ၊ အဲဒီလို မဟုတ်ဘဲနဲ့ အမေရိကန်နဲ့ ပြေးကပ်လိုက် တရုတ် နဲ့ ပြေးကပ်လိုက် ၊ အာဆီယံနဲ့ အမှတ်ယူလိုက် အဲဒီလိုမျိုး နိုင်ငံတကာမှာ အားထုတ်နေမယ်ဆိုရင် တိုင်းပြည်အတွက် ရေရှည်မှာ မကောင်းဘူး၊ နိုင်ငံတကာမှာ အကူအညီ ရရုံလောက် ကြည့်ကောင်းရုံလောက် သနပ်ခါးလိမ်းလိုက် ပန်းပန်လိုက် လုပ်နေမယ် ဆို ရင် အညှီရှိရင် ယင်အုံမယ် ဆိုသလို အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုကြားမှာ ညပ်မယ်၊ ဒီကိစ္စကို နိုင်ငံရေး ရှုထောင့်က တွေးမယ် ဆိုရင် တိုင်းပြည် ခေါင်းဆောင်တွေ၊ အတိုက်အခံတွေ စဉ်းစားသင့်တယ်၊ မီဒီယာသမားများလည်း စဉ်းစားသင့်တယ်၊ အားလုံး ဝိုင်းစဉ်းစားသင့်တယ်၊ ဘာလဲဆိုတော့ အမေရိကန်နဲ့လည်းဆက်ဆံမယ် တရုတ်နဲ့လည်း ဆက်ဆံမယ်၊ အလုပ်လည်း ဖြစ်၊ ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒမှာ ရွေးစရာတွေ များအောင် လုပ်တာကောင်းတယ်၊ အဲဒီ မူဝါဒအရ လုပ်တာပဲ ဖြစ်ရမယ်၊ ဘယ်နိုင်ငံ ကိုမှ မျက်စပစ်ဖို့ သွေးထိုးဖို့ မဟုတ်ဘူး ဆိုတာမျိုး ဆုပ်ကိုင် ထားသင့်ပါတယ်၊ အင်အားကြီး နိုင်ငံတွေက ကြိုက်သလို ပြောပါစေ ကိုယ့် ဘက်ကတော့ ငါတို့က ငါ့နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒကို ပိုပြီးရွေးချယ်စရာ များအောင်လုပ်တာ၊ သိက္ခာရှိရှိ နိုင်ငံတကာ အလယ်မှာ နေထိုင်နိုင်အောင်လုပ်တာ၊ အဲဒီအတွက် တရုတ်နဲ့ အားကောင်းအောင် လုပ်တယ်၊ စီးပွားရေး ကောင်းအောင်လုပ် တယ်၊ အဲဒါမျိုးကို စဉ်းစားသင့်တယ်၊ အဲဒီလိုမဟုတ်ဘဲနဲ့ ဆိုရင်တော့ မလိုလားအပ်တဲ့ ပဋိပက္ခတွေ၊ စိုးရိမ်မှုတွေနဲ့ တိုင်းပြည်ဟာ အလားအလာ မကောင်းဘူး။
မေး။ ။ ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခါစက သူ့ရဲ့နိုင်ငံခြားရေး ပေါ်လစီကို 3D ပေါ်လစီ (Defence, Development, Diplomacy) ကာကွယ်ရေး၊ ဖွံ့ဖြိုးရေး၊ သံတမန်ရေး ဆိုပြီး ပြောတာရှိတယ်၊ အခု မြန်မာနဲ့ ဆက်ဆံရေး ပိုကောင်း အောင် လုပ်နေတာ အဲဒီ 3D ပေါ်လစီမှာ ဘယ်အချက်က ပိုအဓိက ကျတယ်လို့ ထင်လဲ။
ဖြေ။ ။ မြန်မာပြည် ကိစ္စကတော့ ကလင်တန်ရဲ့ အဲဒီ 3D ပေါ်လစီက အငြင်းပွားစရာပဲ၊ ကျနော် ပြောချင်တာကတော့ မြန်မာပြည်နဲ့ ပတ်သက်ရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက အရေးကြီးပါတယ်၊ ဒါပေမယ့် ဟိုတုန်းက လိုမျိုး၊ သမ္မတ ဘုရှ် ခေတ်ကလိုမျိုး၊ ဟိုးအရင်ခေတ်ကလိုမျိုး တရားသေ ဆုပ်ကိုင်ပြီးတော့ ဒါမှဒါဆိုပြီးတော့ ရှိမှာ မဟုတ်တော့ပါဘူး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကို အမေရိကန်ရဲ့ နိုင်ငံရေး အကျိုးစီးပွား၊ ဒေသတွင်း နိုင်ငံတွေရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေနဲ့ ပတ်သက်ပြီး စဉ်းစားမှာ ဖြစ်ပါတယ်၊ ဒီနေရာမှာ မြန်မာ အတိုက်အခံတွေအတွက် ကောင်းတာကတော့ မြန်မာက ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ခေါင်း ဆောင်တွေတောင်မှ အတော်လေးကို လေးစားမှု ကြည်ညိုမှုရှိနေတာမို့ မြန်မာပြည် လူ့အခွင့်အရေး ဒီမိုကရေစီအရေးကို အတော် လေးကို အလေထားခံရမှာပါ၊ တချိန်တည်းမှာပဲ သတိပေးသင့်တာက တိုင်းရင်းသားကိစ္စဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာ ကို အမေရိကန် အစိုးရခေါင်းဆောင်တွေကို သတိပေးဖို့ လိုပါတယ်။
မေး။ ။ ဆန်ရှင် ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီးတော့ရော အမေရိကန်က လျှော့ချဖို့၊ လုံး၀ ပြန်ရုပ်သိမ်းလိုက်ဖို့ရော ရှိလာနိုင် လား၊ ဘယ်လိုထင်လဲ။
ဖြေ။ ။ ဆန်ရှင်နဲ့ပတ်သက်ပြီးတော့ ကျနော်မြင်တာက ဆန်ရှင်ဆိုတာ ဥပဒေဖြစ်ပါတယ်၊ လွှတ်တော်ကနေ ပြဌာန်းထားတဲ့ ဥပဒေ တွေ ဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်တိုင်က ပါဝင်မှ ဖြစ်မှာပါ၊ အဲဒီတော့ မြန်မာပြည်မှာ အပြောင်းအလဲ လက်ဆုပ်လက်ကိုင် ပြနိုင်မှသာ ဖြစ်မှာပါ၊ အခုဟာက တိုင်းပြည်ခေါင်းဆောင်တွေမှာ ပြောင်းလဲချင်တဲ့ အာသီသရှိတယ်၊ အဲဒီအတွက် အကုန်ပြန်လုပ်နေတယ် ဆိုတာပဲ ရှိပါသေးတယ်၊ လက်တွေ့မှာက နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့ အများကြီး ကျန်သေးတယ်၊ တိုင်းရင်းသား ကိစ္စတွေလည်း ရှိနေသေးတယ်၊ ဆင်းရဲမွဲတေမှုတွေ ရှိနေတယ်၊ စီးပွားရေး ကိစ္စတွေ ရှိနေသေးတယ်၊ အခြေခံ ဥပဒေကလည်း ဒီအတိုင်းပဲ ဆိုတော့ အပြောင်းအလဲ ဆိုတာက ပြောင်းလဲချင်တဲ့ဆန္ဒ ရှိနေတယ် ဆိုတာလောက်တော့ ပြောလို့ရတယ်၊ တကယ့်တကယ် အခြေခံ ကျတဲ့ ပြဿနာတွေ တခုမှ မရှင်းရသေးပါဘူး၊ ဒီအခင်းအကျင်းနဲ့တော့ အမေရိကန် လွှတ်တော်အမတ်တွေကလည်း လက်ခံပြီး ဆန်ရှင် တွေ ရုပ်ကျစို့ ဆိုတာမျိုး ဖြစ်ဖို့ မလွယ်ပါဘူး၊ ဆန်ရှင်ရုပ်ဖို့ ဆိုရင် အခြေခံကျတဲ့ အပြောင်းအလဲတွေလုပ်ဖို့လိုပါတယ်။
မေး။ ။ အခု မြန်မာအစိုးရက တရုတ်ကိုရော အမေရိကန်ကိုပါ တပြိုင်နက်တည်း ဆက်ဆံရေးတွေ လုပ်နေတယ်ဆိုတော့ တကယ် တမ်း တိုင်းပြည်မှာ အခြေခံကျတဲ့ ပြောင်းလဲမှုတွေအတွက် စေတနာပါပါနဲ့ လုပ်ရမယ့် ကိစ္စက ဘာကိုလုပ်သင့်သလဲ ဆိုတာကိုရော အကျဉ်းချုပ် ပြောပြပါလား။
ဖြေ။ ။ နိုင်ငံတကာ ဆက်ဆံရေးမှာ အဲဒီလိုမျိုး ပြေပြေလည်လည် ဆက်ဆံတာ ကောင်းပါတယ်၊ ကျနော်ပြောလို့ရတာတခု ပြောရ မယ် ဆိုရင် ၂၀၀၅ ခုနှစ်မှာ အရင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဗီယက်နမ် နိုင်ငံကို သွားလည်ပါတယ်၊ ဗီယက်နမ် ဝန်ကြီးချုပ်နဲ့ တွေ့ပါတယ်၊ ဗိုလ်ချုပ်ကြီးစိုးဝင်းက ဗီယက်နမ် ဝန်ကြီးချုပ်ကို မေးခွန်းတခု မေးပါတယ်၊ ၁၉၉၀ ကျော်လောက်က စပြီးတော့ ဗီယက်နမ်နိုင်ငံက နိုင်ငံတကာမှာ တံခါးဖွင့် စီးပွားရေးကို ကျင့်သုံးလို့ရတယ်၊ နိုင်ငံရေး အရလည်း တည်ငြိမ်မှုရှိတယ်၊ စီးပွားရေးမှာလည်း တကယ့် ကို အောင်မြင်လာတယ်၊ အဲဒီလို အောင်မြင်ရတဲ့ ဗီယက်နမ်နိုင်ငံရဲ့ လျှို့ဝှက်ချက်ကို ပြောပြပါလို့ ဆိုတော့ ဗီယက်နမ် ဝန်ကြီးချုပ် က ပြုံးပြီးတော့ ကျနော်တို့ အောင်မြင်တဲ့ လျှို့ဝှက်ချက်ကတော့ အမေရိကန်နဲ့ အဆင်ပြေအောင် နေတာပဲ လို့ ပြန်ပြောတယ်၊ ဗိုလ်ချုပ်ကြီး စိုးဝင်းက အံ့သြပြီး ဟုတ်ရဲ့လားလို့ ဆိုတော့၊ ဗီယက်နမ် ဝန်ကြီးက ဟုတ်ပါတယ် တကယ်တော့ ကျနော်တို့ ဗီယက်နမ် နဲ့ အမေရိကန်ဆိုတာ သူသေ ကိုယ်သေ တိုက်ခဲ့တာပါ၊ သူသေ ကိုယ်သေ တိုက်ခဲ့တဲ့သူတွေတောင်မှ ကျနော်တို့ ပြန်ပြေလည်အောင် လုပ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမှာ မဟာအင်အားကြီး နိုင်ငံနဲ့ ထိတွေ့ထားမှသာ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေရဲ့ အကူအညီ၊ ဈေးကွက် ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကုန်သည်တွေ စတာတွေကို ရရှိမှာဖြစ်ပါတယ်၊ ကျနော်တို့လို နိုင်ငံ မပြောနဲ့ သူတို့လို နိုင်ငံတောင် အမေရိကန်ဆီက အကူအညီတွေ ရယူရတာ ဖြစ်ပါတယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ်က ပြောတဲ့ ဟာကို ဗိုလ်ချုပ်ကြီး စိုးဝင်းက မှတ်သားပြိး ပညာရှင်တွေကို ပြန်ပြောပြတာ ရှိပါတယ်၊
မဟာအင်အားကြီး နိုင်ငံနဲ့ ပြေလည်အောင်နေတာ ကိုယ့်တိုင်းပြည်အတွက် အလားအလာ ကောင်းပါတယ်၊ ဒီလိုမျိုးအပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ရဲ့ ဆက်ဆံရေးကလည်း ပြောင်းသွားတာ ရှိပါတယ်၊ အာဏာရှင် နိုင်ငံတွေနဲ့ပဲ ဆက်ဆံနေရရင် မကောင်းတဲ့ အကျင့် စရိုက်တွေ၊ မကောင်းတဲ့ သဘောထားတွေ ရလာမယ်၊ တရုတ်ဆိုရင် အစိုးရချင်းဆက်ဆံတယ်၊ အစိုးရကို အကူအညီပေး တယ်၊ လက်နက် ရောင်းတယ်၊ အဲဒီ လက်နက်နဲ့ ဘယ်သူတွေကို သတ်သလဲ ဆိုရင် တိုင်းရင်းသားတွေကို သတ်တယ်၊ တရုတ်က ဘယ်နှခါများ ဘုန်းကြီးကျောင်း ပညာရေး အတွက် ကျောက်တံတွေ၊ ကျောက်သင်ပုန်းတွေ ဘယ်မှာ ကူတာ ရှိဖူးလဲ၊ ကွန်ပျူတာ လှူတာ ရှိဖူးလဲ၊ နာရေး ကူညီမှု အသင်းလိုမျိုး၊ HIV ဂေဟာတို့လိုမျိုးကို ကူညီတာ ရှိဖူးလဲ၊ အဓိက ကျနော် ပြောချင်တာက အာဏာရှင်တွေက အာဏာ တည်မြဲမှုအတွက် ကူညီတာ၊ သူတို့ အချင်းချင်း ရိုင်းပင်းတာ၊ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရမယ် ဆိုရင် အနောက်နိုင်ငံတွေရဲ့ လူမှုအဖွဲ့အစည်းတွေ၊ NGO တွေရဲ့ အကူအညီတွေ ပိုရမယ်၊ နည်းပညာတွေ၊ စီမံခန့်ခွဲမှုတွေ ပိုရမယ်၊ ဒီမိုကရေစီ အလေ့အကျင့်တွေ ပိုထွန်းကားလာမယ်၊ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်တာဟာ တိုင်းပြည် ရဲ့ အသွင်ကူးပြောင်းရေးကို ပိုပြီးတော့ ချောမွေ့စေမှာဆိုတာ အထောက်အထားတွေ ရှိပါတယ်၊
ချုပ်ပြီးတော့ ပြောမယ်ဆိုရင်တော့ နိုင်ငံခြားရေး မူဝါဒမှာ အဲဒီလိုမျိုး အနောက်နိုင်ငံတွေနဲ့ ပြန်ပြေလည်အောင် ဆက်ဆံတာကို အားပေးရမှာပါ၊ ကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်၊ ဒါပေမယ့်လည်း အရေးကြီးဆုံးကတော့ ကိုယ့်ပြည်တွင်းမှာကိုယ် အင်အားကောင်း အောင်၊ အားကောင်းအောင်၊ ကြံ့ခိုင် အောင်၊ ကိုယ့်ပြည်တွင်းမှာ ကိုယ်ခံအား ကောင်းအောင် လုပ်ဖို့ လိုပါတယ်၊ အဲဒီလို လုပ်ဖို့ဆိုတာ အမျိုးသားစည်းလုံးရေး ရဖို့၊ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဖို့၊ နိုင်ငံရေးအရ သဘောထားကွဲတဲ့လူတွေကို အရေးယူ တာတွေ မလုပ်ဖို့၊ အရေးယူထားတဲ့ လူတွေကို လွှတ်ဖို့ လိုပါတယ်၊ အဲဒီနည်းနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ကောင်းအောင် လုပ်နိုင်မယ် ဆိုရင် ဒီမိုကရေစီ နိုင်ငံတွေနဲ့ ဆက်ဆံ ရတာ ပိုကောင်း လာမယ်၊ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် တိုင်းပြည်ရဲ့ အနာဂတ် က အခုအချိန်အထိ တထစ်ချ ပြောလို့ မရသေးပါဘူး၊ အခုကတော့ အနယ် မထိုင်သေးဘူးပေါ့၊ အခုအခြေအနေမှာ တိုင်းပြည်ရဲ့ အနာဂတ်ကို ပြောရခက်ပါတယ်၊ အမျိုးသား စည်းလုံးညီညွတ်ရေးကို လုပ်နိုင်မယ် ဆိုရင်တော့ အလားအလာ ကောင်းမယ်။
မေး။ ။ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒက အရင်တုန်းက ကြားနေရေး၊ အခုက လွတ်လပ်ပြီး တက်ကြွတဲ့ မူဝါဒလို့ ဆိုတယ်၊ အဲဒီလို မဟာအင်အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါမှာ မြန်မာရဲ့ နိုင်ငံခြားရေး မူဝါဒကရော အလုပ်ဖြစ်နိုင်ပါ့မလား။
ဖြေ။ ။ ဒီမိုကရေစီနိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါမှာ အဓိကကတော့ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လေးစားလိုက်နာမှု တစုံတရာ မရှိဘဲနဲ့တော့ ဆက်ဆံရေးပြေလည်ဖို့က ခက်ပါတယ်၊ ခြွင်းချက်တော့ ရှိပါတယ်၊ ဒါပေမယ့်လည်း အထူးသဖြင့် မြန်မာပြည် လို နိုင်ငံမျိုးအနေနဲ့ကတော့ အနောက်နိုင်ငံတွေထဲက မဟာဗျူဟာအကျိုးစီးပွားထက်စာရင် ကျင့်ဝတ်ဆိုင်ရာအကျိုးစီးပွားက ပိုများ ပါတယ်၊ မဟာဗျူဟာ အကျိုးစီးပွားက မရှိဘူး မဟုတ်ဘူး ရှိတော့ ရှိတယ်၊ မြန်မာပြည်လို နိုင်ငံမျိုးမှာတော့ နိုင်ငံရေးအရရော ကျင့် ဝတ်အရရော ဆိုင်တာမို့ လူ့အခွင့်အရေး ဒီမိုကရေစီအရေးကို မလေးစား မလိုက်နာဘူးဆိုရင် ဆက်ဆံရ ခက်သွားမယ်၊ ဒါကြောင့် မို့ မြန်မာပြည်ရဲ့ နိုင်ငံခြားရေး မူဝါဒ တကယ်ကောင်းစေချင်ရင် ပြည်တွင်းမှာ အမျိုးသား စည်းလုံးညီညွတ်ရေး တကယ်ရှိအောင် လုပ်ရမယ်၊ တနည်းဖြင့် ပြောရင် လူ့အခွင့်အရေး ဒီမိုကရေစီရေး ထွန်းကားအောင် တတ်နိုင်သမျှ ကြိုးစားရမယ်၊ အဲဒီ နည်း နဲ့ မှ အနောက်နိုင်ငံတွေရဲ့ အကူအညီတွေ စီးပွားရေး အခွင့်အလမ်းတွေ အကျိုးစီးပွားတွေ ရလာမယ်၊ အဲဒီလို မဟုတ်လို့ရှိရင်တော့ အာဏာရှင် အချင်းချင်းပဲ ရိုင်းပင်းကူညီပြီးတော့ သူတော်အချင်းချင်း သတင်းလွေ့လွေ့မျိုးပဲ ဖြစ်မှာပဲ။ ။
ဆက်စပ်ဆောင်းပါး