ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်ဟောင်းနှင့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မနန် တူးဂျာသည်ကြားဖြတ် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ အနေနှင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်။
KSPP ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံခွင့်မရခဲ့ပေ။ KSPPကို ၂၀၀၉ ခုနှစ် မတ်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး KIO ခေါင်းဆောင်ဟောင်းတချို့လည်း ပါဝင်သည်။
ထို ပါတီခေါင်းဆောင် ဒေါက်တာ တူးဂျာကို ဆက်သွယ်၍ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် အကြောင်းနှင့် လတ်တလော ကချင်
ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲ အခြေအနေများကို ဧရာဝတီ သတင်းထောက် သန်းထိုက်ဦးက မေးမြန်းထားပါသည်။
မေး ။ ။ အန်ကယ် ကြားဖြတ်ရွေးကောက်ပွဲကို ကချင် ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာ ဟုတ်ပါ သလား။
ဖြေ။ ။ ဟုတ်ပါတယ်၊ အန်ကယ်က ကြားဖြတ် ရွေးကောက်ပွဲဝင်မယ်၊ တသီးပုဂ္ဂလ အနေနဲ့ မိုးကောင်းမြို့နယ်မှာ၊ အခုတော့ မှတ်ပုံ မတင် ရသေးဘူး ပြင်ဆင်နေတယ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးထားတဲ့ ရက်ကဒီလ ၁၆ရက် ကနေ ၃၀ ကြားမှာ မှတ်ပုံတင်ရမယ်။ ဒါကတော့ ဒီလိုပါ အရင်က အန်ကယ် နေခဲ့တဲ့ မြို့တမြို့လည်း ဖြစ်တယ်။ အသိမိတ်ဆွေလည်းများတယ်၊ အခုဒီမှာ လစ်လပ်နေတာ ၃ နေရာပဲ ရှိတာကိုး။ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်းရယ် ဆိုတော့ မိုးကောင်းကို အန်ကယ်က ပိုပြီး တော့မှ စိတ်ဝင်စားတယ်၊ ဗန်းမော် ဆိုတာက မိုးကောင်း လောက်တော့ မဖြစ်ဘူး၊ အန်ကယ် အတွက်က ဝေးလည်း နည်းနည်း ဝေးနေတယ်၊ မိုးကောင်းက အန်ကယ်နဲ့ နီးနီးကပ်ကပ်လေးရှိတယ်၊ အသိမိတ်ဆွေလည်း များတယ်။
မေး။ ။ အရင်က ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ မှတ်ပုံ တင်ခဲ့တယ်၊ ပါတီထောင်ခွင့် မရဘူး၊ ဒီတခါ အစိုးရက ခွင့်ပြုမယ်လို့ ယုံကြည်လား။
ဖြေ။ ။ ဒီတခေါက်တော့ လူကြီးတွေက အန်ကယ်အပေါ်မှာပိုပြီးနားလည်ကြလိမ့်မယ်လို့ ထင်တယ်လေ၊ အချိန်ကလည်း တနှစ် ကျော်ကြာ သွားပြီး အခြေအနေတွေကလည်း အမျိုးမျိုးပြောင်းသွားပြီး အန်ကယ် ဘယ်လိုနေ ထိုင်နေတယ် ဆိုတာ လူကြီး တွေလည်း သိတယ်။ အဲဒါကြောင့် အန်ကယ်ကို သူတို့ စာနာထောက်ထားပြီး စဉ်းစားပေးလိမ့်မယ်လို့ ကောင်းကောင်း ယုံကြည်ပါတယ်။ အန်ကယ်က ဥပဒေ ဘောင်အတွင်းမှာ ရိုးရိုးသားသားပဲ နေထိုင်တယ်၊ ဘယ်အဖွဲ့ အစည်းနဲ့မှ အဆက်အသွယ် မရှိဘူး ဆိုတာကို အစိုးရက ကောင်းကောင်း သိရှိကြပြီလို့ အန်ကယ်ထင်တယ် အဲဒါကို ပြောတာပါ။
မေး။ ။ အစောပိုင်းကတော့ ပါတီမထောင်တော့ဘူး ပြောခဲ့တယ်၊ အခုမှ ဘာဖြစ်လို့ စိတ် ပြောင်းသွားတာလဲ။
ဖြေ။ ။ ဒါကတော့ ဒီလိုပါ အရင်ကတော့ အန်ကယ်က နည်းနည်း ဇဝေဇဝါ ဖြစ်နေတယ်၊ ဖြစ်နေတဲ့အပိုင်းက ပါတီ ပြန်ထောင်ရေး မထောင်ရေး၊ ဒါတွေကလည်း မပတ်သက်တော့ဘူး ဆိုတော့ အခုဟာက ပါတီထောင်ဖို့ ဆိုတာက အန်ကယ် ဆန္ဒ မရှိသေးဘူး၊ မစဉ်းစားဖြစ်ဘူး၊ တခြားလူတွေပဲ လုပ်ကြပါစေလို့ အခုအန်ကယ်က နိုင်ငံရေး ဆက်လုပ်မယ်၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ စိတ် ဝင်စားလာတာပါ။
မေး။ ။ တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်ကယ်အနေနဲ့ အရွေးခံရပြီး လွှတ်တော်ထဲမှာ ရောက်ခဲ့ရင် ကချင်နဲ့ အစိုးရနဲ့ တိုက်နေတဲ့ကိစ္စ၊ ဒုက္ခသည်တွေ အရေး ဘယ်လောက် အတိုင်း အတာအထိ ဖြေရှင်းနိုင်မှာလဲ။
ဖြေ။ ။ လွှတ်တော်ကို ရောက်သွားပြီ ဆိုလို့ရှိရင်တော့ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေ အဲဒီမှာရှိမှာတယ်၊ လုပ်ထုံးလုပ်နည်း အတိုင်း အန်ကယ်က လုပ်နိုင်သမျှကို လုပ်ဖို့ စဉ်းစားထားတယ်၊ လုပ်ထုံးလုပ်နည်းနဲ့အညီ တင်ပြစရာရှိတာ တင်ပြမယ်၊ ကြိုးစားပြီး လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်၊ အန်ကယ် အနေနဲ့ တသီးပုဂ္ဂလအနေနဲ့ ရောက်သွားမယ်ဆိုတော့ အမတ်အနေနဲ့ တင်ပြခွင့်တော့ ရှိကြ မှာပဲ၊ အန်ကယ် အနေနဲ့လည်း တင်ပြမှာပဲ၊ ပါတီ အားမရှိပေမယ့် တင်ပြတဲ့ဟာကို မှန်ကန်နေလို့ ရှိရင်တော့ တခြား အမတ်တွေလည်း ထောက်ခံအားပေးနိုင်တာပဲလေ၊ အန်ကယ် တင်ပြတဲ့ ဥစ္စာလည်းပဲ တယောက်မဟုတ် အများကြီးရှိလာနိုင်တာပဲ၊ လိုလားချက် ပြည့်ဝနိုင်မှာပေါ့လေ၊ အဲဒီလိုတော့ မျှော်လင့်ထားတာ ရှိပါတယ်။
မေး။ ။ တခြား တိုင်းရင်းသား ဒေသတွေထက် ကချင်ဒေသ တခုတည်းကို အစိုးရက သဲကြီးမဲကြီး တိုက်ခိုက်နေတာ ဘာကြောင့် လို့ ထင်လဲ။
ဖြေ။ ။ ပြောမယ်ဆိုလို့ရှိရင်တော့ အချင်းချင်း ညှိနှိုင်းတဲ့အပေါ်မှာပဲ မူတည်တယ်လို့ အန်ကယ်မြင်တယ်၊ ဟိုဘက်ဒီဘက် လိုလား ချက်ပေါ့လေ၊ သဘောထား နည်းနည်း ကွဲလွဲနေတဲ့ဟာကို တူညီအောင် လုပ်တဲ့ တွေ့ဆုံဆွေးနွေးတဲ့ နေရာမှာ အားနည်းနေ သေး တယ်လို့ မြင်တယ်။ အဲဒါကြောင့်မို့လို့ ဖြစ်တာပါ၊ မကြာမကြာ တွေ့ပြီးတော့မှ နားလည်မှု ပိုတည်ဆောက်လာနိုင်မယ်၊ သဘော ထား တူညီမှုရလာမယ်ဆိုရင် ပြေလည်သွားနိုင်ပါတယ်။ တွေ့ဆုံဆွေးနွေးမှု အပေါ်မှာ လိုနေသေးလာပေါ့၊ အန်ကယ် အဲဒီလိုပဲ မြင် တယ်။ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ တဘက်က လိုလားတဲ့ အချက်ရော၊ တဘက်က လိုလားတဲ့ အချက်နဲ့ ဒါကို ရင်ကြား မစေ့နိုင် ဘူး၊ ရင်ကြားစေ့အောင် တူညီလာအောင် တွေ့ဆုံဆွေးနွေးတဲ့ နေရာမှာ အားနည်းတာကို ပြောတာပါ။
မေး။ ။ ထိုးစစ်ရပ်ဖို့ သမ္မတ ဦးသိန်းစိန်က ညွန်ကြားခဲ့တယ်၊ အဲဒီအပေါ် ပြည်သူလူထုကလည်း ကြိုဆိုတယ်၊ ဒါပေမယ့် ညွန်ကြား ပြီးနောက်ပိုင်းမှာ တိုက်ပွဲ အကြိမ် ၁၀၀ ကျော်လောက်ဖြစ်တယ်၊ ဘာကြောင့်လို့ထင်လဲ။
ဖြေ။ ။ ဘာပဲ ဖြစ်ဖြစ် သမ္မတကြီးက ညွန်ကြားထားပြီး ဖြစ်တဲ့ အတွက်ကြောင့် သမ္မတကြီး ညွန်ကြားတဲ့အတိုင်း ဖြစ်လာရမှာပဲလို့ အန်ကယ် အဲဒီလိုပဲ မြင်တယ်။
မေး။ ။ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်တွေက တိုင်းရင်းသား အဖွဲ့တွေကို ၃ နှစ် အတွင်း ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်မယ်လို့ ပြောတယ်။ တကယ်ဖြစ်နိုင်မယ် ထင်လား။
ဖြေ။ ။ အဲဒီ သုံးနှစ် အတွင်းဆိုတာက အပြီးအငြိမ်း သဘောကို ပြောတာ ထင်တယ်၊ တကယ်လုပ်မယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်၊ ဖြစ်နိုင်တယ်ဆိုတာက တွေ့ဆုံဆွေးနွေးတဲ့ အပေါ်မှာပဲ မူတည်တယ်၊ တွေ့ဆုံဆွေးနွေးတဲ့ နေရာမှာ အပေးအယူ မျှတမယ် ဆိုရင်တော့ နားလည်မှု ရှိကြမယ်၊ ယုံကြည်မှု တည်ဆောက်ကြမယ်ဆိုရင်တော့ ဖြစ်သွားနိုင်တယ်၊ အန်ကယ်မြင်တာက ၂ နှစ် အတွင်းလည်း ဖြစ်နိုင်တယ်၊ ၃ နှစ် အတောအတွင်းဆိုတာ ကောင်းကောင်းဖြစ်နိုင်ပါတယ်။
အန်ကယ်က နိုင်ငံရေး စိတ်ဝင်စားတယ် ဆိုတော့ နိုင်ငံရေးကိစ္စနဲ့ ပတ်သက်ပြီး အဓိက တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးကို အရှိန် အဟုန်နဲ့ လုပ်မယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးက အရေးကြီးတယ်၊ ဒါကြောင့်မို့ ပြည်တွင်းငြိမ်းချမ်းရေးကို အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများပေါ့လေ၊ ညှိညှိ နှိုင်းနိုင်းနဲ့ အပြန်အလှန်၊ အပေးအယူ၊ အတိုးအလျှော့ ဒီသဘောမျိုးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်တည်ဆောက် စေချင်တယ်။
အထူးသဖြင့် အန်ကယ်ကတော့ တိုင်းပြည်အကျိုး၊ ပြည်သူလူထု အကျိုးကို အတတ်နိုင်ဆုံး ထမ်းဆောင်ချင်တယ်။ ဒါကြောင့် ဥပဒေ လမ်းကြောင်းအတိုင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးမှာ လိုက်ပြီးတော့ အန်ကယ် တတ်နိုင်တဲ့ တနေရာကနေ ပြည်သူ လူ ထု အကျိုးကို ထမ်းဆောင်ချင်တယ်၊ အားလုံးကိုလည်း သဘောပေါက်နားလည် စေချင်ပါတယ်၊ ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားတာလည်း ဒါအဓိကပဲ၊ ရတဲ့အချိန် အတောအတွင်းမှာ အခွင့်အရေး ရမယ်ဆိုလို့ရှိရင်တော့ အန်ကယ် ဆန္ဒရှိသလို အများပြည်သူ အကျိုးကို ထမ်းဆောင်ချင်တဲ့ ဆန္ဒရှိပါတယ် ဆိုတာကို အားလုံးကိုတော့ အသိပေးချင်ပါတယ်။ ။